menu

Wednesday 10 October 2012

ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်းတစ်ထောင်ပြည့်




wmt6
ဟားဗတ်ကျောင်းသားတစ်စုအတွက် စခဲ့သော လူမှုရေးကွန်ရက်အဖြစ်မှ ကမ္ဘာပေါ်ရှိအင်တာနက်သုံးစွဲသူ အမြောက်အမြားသုံးစွဲသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့သော ဖေ့စ်ဘွတ်ခ်သည် ယခုအခါ အသုံးပြုသူသန်းတစ်ထောင် ပြည့်ခဲ့ပြီဖြစ်ကြောင်း တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
"ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန်သုံးစွဲနေသူအရေအတွက်ဟာ ဒီမနက်မှာတော့ သန်းတစ်ထောင်ကျော်ခဲ့ပါပြီ။ ခင်ဗျားတို့ ဒါကိုဖတ်ဖြစ်တယ်ဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ရဲ့ အဖွဲ့ငယ်လေးက ခင်ဗျားတို့အတွက် ဂုဏ်ယူစွာနဲ့ဝန်ဆောင်မှုပေးခွင့်ရတာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လူသန်းတစ်ထောင်ကျော်လောက် ချိတ်ဆက်နိုင်ဖို့ကူညီရတာဟာ အံ့အားသင့်စရာကောင်းသလို ကျွန်တော့်ဘ၀အတွက် ဂုဏ်အယူရဆုံးကိစ္စလည်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ခင်ဗျားတို့အတွက် ပိုကောင်းလာအောင် နေ့စဉ်နဲ့အမျှ ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးပါတယ်။ တစ်နေ့မှာ တစ်ကမ္ဘာလုံးအတူတကွချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဇက်ကာဘာ့ဂ်ျသည် ဟားဗတ်တက္ကသိုလ်တက်ရောက်စဉ် ၂၀၀၃ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်၏အခြေခံဖြစ်လာမည့် Facemash ကိုစတင်ဖန်တီးခဲ့သည်။
သုံးစွဲသူ တစ်ဘီလျံပြည့်ခြင်းသည် ဖေ့စ်ဘွတ်ခ်အတွက် ထင်ရှားသည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့သော်လည်း အများပြည်သူသို့ရှယ်ယာစတင်ရောင်းချပြီးနောက်ပိုင်း ရှယ်ယာဈေး တစ်ဟုန်ထိုးကျဆင်းနေမှုကို ကိုင်တွယ်ရေးမှာ စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည်။ မေလကစတင်ပြီး အများပြည်သူသို့ ရှယ်ယာစရောင်းစဉ်က ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာသတ်မှတ်ခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာများသည် ၂၁ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။ အဓိကမှာ ငွေကြေးအရ အကျိုးအမြတ်ရှာဖွေမှုတွင် ခိုင်မာသော လမ်းကြောင်းရှိမနေခြင်းနှင့် စတော့ဈေးကွက်တွင်းဝင်စဉ်က ရှယ်ယာတန်ဖိုးကို ရှိသင့်သည်ထက် ပိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။      
wmt7
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis