menu

Wednesday 10 October 2012

အကြံတူ ဗိုက်ပူကောင်းစမြဲ(နီမင်းဆွေ )




thn-10-10-9
ပဲရစ်မြို့ မြေအောင်ဘူတာရုံတစ်ခု

ကိုယ့်ဘ၀တစ်သက်တာမှာ မေ့မရနိုင်တဲ့ ဆရာတွေတော်တော်များများရှိတဲ့အထဲက ဆရာတစ်ယောက်ကို အခုတလောသတိရနေမိပါတယ်။ အဲဒီလိုသတိရနေရတဲ့ အကြောင်းရင်းကတော့ တစ်ဖက်လူခံသာသည်ဖြစ်စေ မခံသာသည်ဖြစ်စေ အရှိကို အရှိအတိုင်း ဗြောင်ကျကျတဲ့တိုးပြောလေ့ရှိတဲ့ အဲဒီဆရာရဲ့စကားတစ်ခွန်းက ဒီကနေ့ ဖြစ်နေတာတွေနဲ့ တအားတိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။ တစ်ခါတုန်းက ကိုယ်နဲ့ဆရာဟာ  မြို့လေးတစ်မြို့မှာအတူနေကြတုန်းက အနီးအနားက မိုင် ၂၀ လောက်ဝေးတဲ့ တောမြို့လေးတစ်မြို့ကို ဆရာ့ဂျစ်ကားနဲ့ ခရီးသွားဖြစ်ကြတယ်။ လမ်းမှာ ဂျစ်ကားက ဖွတ်ချက်ဖွတ်ချက်နဲ့ မြည်ပြီးရပ်သွားပါတော့တယ်။ ဆရာ့ရဲ့ကားသမားဟာ ကားသာမောင်းတတ်ပြီး ကားမပြင်တတ်သလို ကိုယ်နဲ့ဆရာဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆရာနဲ့ ကားဆရာတို့ဟာ ကားကို တတ်သလောက် မှတ်သလောက်နည်းမျိုးစုံလုပ်ပြီး စက်ပြန်နှိုးကြည့်တော့လည်း ကားက စက်မနိုးတော့ပါဘူး။

နောက်ဆုံး ကုန်ကားတစ်စီးအနားရောက်လာပြီး အဲဒီကားပေါ်က ကားဆရာပြင်ပေးလိုက်တော့မှ ကားက စက်နိုးသွားပါတော့တယ်။ ကားစက်နိုးနိုးချင်း ဆရာပြောလိုက်တဲ့စကားကတော့ 'နီမင်းဆွေပါလာပေလို့ သာပေါ့ကွာ'လို့ ဖြစ်ပါတယ်။ ကိုယ် လည်း ရုတ်တရက်ဆိုတော့ ဘယ်လိုမျက်နှာထားရမှန်းမသိခဲ့ပါဘူး။ ကားနဲ့အတူလိုက်လာပြီး ကားပျက်တော့လည်း မပြင်တတ်၊ လမ်းပေါ်မှာ သွားလာနေကြတဲ့ကားတွေကိုတားပြီး အကူအညီတောင်းတာမျိုးလောက်တောင် မလုပ်တတ်တဲ့ကိုယ့်ကို ဆရာက အမြင်ကတ်ကတ်နဲ့ ဗြောင်ကျကျ တွယ်ထည့်လိုက်တာ ဖြစ်ပါတယ်။
အဲ အခုဆရာ့ကို သတိရစေတဲ့ ဆရာမကြာခဏပြောလေ့ရှိတဲ့ လက်သုံးစကားကတော့ 'အကြံတူ နောက်လူကောင်းစမြဲ' ဆိုတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ခေတ်နောက်ကျကျန်ရစ်တဲ့အချိန်မှာ အားလုံးမကောင်းတဲ့ အချက်တွေသာများနေပေမယ့် အဲဒီ အထဲကမှ ကောင်းတဲ့အချက်တစ်ချက်တလေတော့ ရှိနေတတ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ ရှေ့က ကိုယ့်လိုအခြေအနေမျိုးကနေ တိုးတက်သွားတဲ့နိုင်ငံတွေ မှားခဲ့ကြတာတွေကို ကြည့်ပြီးကိုယ်လည်း သူတို့လိုလိုက်မမှားရလေအောင် ပြင် ဆင်နိုင်တဲ့ အခွင့်အရေးမျိုးကိုယ့်မှာ ရှိနေသေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ရှေ့ကလူတွေ မှားသွားကြတဲ့အတိုင်းသာ ကိုယ်ကအားကျမခံနောက်ကလိုက်ပြီး မှားနေဦးမယ်ဆိုရင်တော့  'အကြံတူ နောက်လူကောင်းစမြဲ' ဆို တဲ့စကားဟာလည်း ရှိတော့မှာမဟုတ်ပါဘူး။ 'အကြံတူ နောက်လူလည်း ဒီအတိုင်းပါပဲ' ဆိုတဲ့စကားမျိုးသာ တွင်ကျန်နေခဲ့တော့မှာပါ။
ဟိုတလောက ရုရှားက ဧရာမ သူဌေးကြီးနှစ်ဦး စီးပွားရေးနဲ့ ပတ်သက်ပြီး အင်္ဂလန်မှာအမှုဖြစ်ကြရာမှာ ပထမသူဌေးကြီးကရှုံးသွားပြီး နာမည်ကြီးဘောလုံးအသင်းပိုင်ရှင်ဖြစ်တဲ့ ဒုတိယသူဌေးကြီးက နိုင်သွားပါ တယ်။ တကယ်တန်းကျတော့ ရှုံး သွားတဲ့လက်ဦးသူဌေးကြီးက နိုင်သွားတဲ့ဒုတိယသူဌေးကြီးမထင်မရှားဘ၀မှာ ရှိနေတုန်းအချိန်မှာ မွေးရပ်ဇာတိ နိုင်ငံထိပ်ပိုင်းက အသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့်နိုင်အောင်ပထမသူဌေးကြီးကပဲ နိုင်သွားတဲ့သူဌေးကို တွဲခေါ်ပေးလာခဲ့ရတာဖြစ်တယ်။ နောက်တော့ ဒုတိယလူလည်း ချမ်းသာလာပြီး ပထမလူရဲ့ အဓိကစီးပွားရေး ပြိုင်ဘက်ထိဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ စီးပွားရေးပြိုင်ဘက်တွေဘ၀မှာ အမှုအခင်းတွေတောင် ဖြစ်လာခဲ့ရုံသာမက ပထမလူကအမှုရှုံးသွားရတဲ့ အခြေအနေထိဆိုက်သွားတော့ ပထမလူအနေနဲ့လည်း ဘယ်ခံချင်လိမ့်မတုန်း။ ဒါ့ကြောင့် အမှုစီရင်တဲ့ အင်္ဂလန်နိုင်ငံရဲ့တရားရုံးကို ပထမသူဌေးကြီးမကျေနပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်'အင်္ဂလန်ရဲ့ ဒီမိုကရေစီဟာ အလကားဟာတွေပါဗျာ။ ဒီ့ထက်ကောင်းတဲ့ စနစ်မရှိလို့သာပါ' လို့ သူကပြောသွားခဲ့ပါတယ်။ ဒီ စကားဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ 'ဂျဝါဟလာနေရူး'လည်း ဒီစကားကို အရင်တုန်းက ပြောခဲ့ဖူးလို့ပါပဲ။ နေရူးက 'ဒီမိုကရေစီဆိုတာ ကောင်းတဲ့ နိုင်ငံရေးစနစ်မဟုတ်ဘူး၊ အဲဒီထက် ကောင်းတဲ့စနစ်မရှိလို့သာ ကျင့်သုံးနေရတာ'လို့ ပြောခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အဲဒီလို နိုင်ငံကြီးရဲ့ဝန်ကြီးချုပ်တစ်ယောက်က ဒီလိုပြောခဲ့တာမို့ နေရူးဟာ ဘာ အကြောင်းကြောင့် ဒီလိုစကားမျိုးကို ပြောခဲ့တာလဲဆိုတာ အတော်စဉ်းစားစရာဖြစ်လာပါတယ်။ ဖြစ်နိုင်တာကတော့ အများအတွက် ကောင်းကျိုးဖြစ်မယ်ဆိုတာ သေချာနေပြီး အားလုံးကလည်း သဘောတူနေပေမယ့် တစ်ခါတလေ လုပ်မရနိုင်တာတွေကို ကြုံတွေ့ရလို့ ပြောတာဖြစ်မယ်လို့ ယူဆရတာပါပဲ။ ကားတွေလမ်းပေါ်မှာကျပ်ကုန်ပြီး တိုင်းပြည်အတွက် အကျိုးယုတ်တော့မယ်ဆိုတာ သိနေလျက်နဲ့ ဘာမှလုပ်မရနိုင်တော့ဘဲ ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ အဖြစ်မျိုးကို ဆိုလိုချင်တာအများဆုံး ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒီမိုကရေစီကောင်းဖို့ဆိုတာ ဥပဒေကောင်းမှ ဖြစ်မှာပါ။ နောက်ပြီး ဥပဒေဆိုတာကိုလည်း ပြည်သူကလုပ်တာပဲ မဟုတ်လား။ ဒါ့ကြောင့် ဥပဒေကောင်းကောင်းကို ပြုစုနိုင်ဖို့ ပြည်သူတွေဟာ အသိဉာဏ်ထက်မြက်ပြီး ညီညွတ်နေကြဖို့လည်း အထူးလိုမှာဖြစ်ပါတယ်




ခုနေဆရာသာ ကိုယ့်အနားမှာရှိနေပြီး ကိုယ်အခုလိုတွေးနေတာမျိုးကို သိသွားရင် 'ဒီမိုကရေစီစနစ်ဟာ မကောင်းတဲ့စနစ်ဆိုရင် မင်းကကိုယ့်နိုင်ငံကို ဘယ်လို အာဏာရှင်စနစ်မျိုးနဲ့ သွားနေစေချင်သေးလို့တုန်း'လို့ ကိုယ့်ကိုမျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး မေးလိမ့်မယ်ထင်ပါတယ်။ ဒါဆိုရင်ကိုယ်က ဆရာ့ကို ကျွန်တော်ဆိုလိုချင်တာက အဲဒီလိုမဟုတ်ရပါဘူး၊ ဆရာပြောလေ့ရှိတဲ့ 'အကြံတူ နောက်လူကောင်းစမြဲ' ဆိုတဲ့ စကားလို ကိုယ့်ဒီမိုကရေစီကသူများနိုင်ငံက ဒီမိုကရေစီတွေထက်ပိုကောင်းတဲ့ဟာ ဖြစ်စေချင်လို့ ပြောတာပါလို့ ဆရာ့ကိုပြန်ရှင်းပြမိမယ်ထင်ပါတယ်။ ဒီမိုကရေစီကောင်းဖို့ဆိုတာ ဥပဒေကောင်းမှ ဖြစ်မှာပါ။ နောက်ပြီး ဥပဒေဆိုတာကိုလည်း ပြည်သူကလုပ်တာပဲ မဟုတ်လား။ ဒါ့ကြောင့် ဥပဒေကောင်းကောင်းကို ပြုစုနိုင်ဖို့ ပြည်သူတွေဟာ အသိဉာဏ်ထက်မြက်ပြီး ညီညွတ်နေကြဖို့လည်း အထူးလိုမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ လူလတ်တန်းစားဟာ အရေအတွက်များနေပြီး အသိဉာဏ်ထက်မြက်နေကြမယ်ဆိုရင် အဲဒီနိုင်ငံဟာ ကောင်းလာမှာ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လူအများစုဖြစ်တဲ့ လူလတ်တန်းစားတွေ အသိဉာဏ်ထက်မြက် နေကြဖို့ လိုပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အသိဉာဏ်မရှိရင် လူဟာ ဘာပြောနေနေနားလည်မှာ မဟုတ်တဲ့အပြင် ပြောချင်ရာတွေကိုပဲ စွတ်ပြောနေမှာမို့ ဖြစ်တယ်။
အခုခေတ်ဟာ သုတေသနခေတ်ကြီးပါ။ စက်ရုံအလုပ်ရုံ၊ ကျောင်း၊ တက္ကသိုလ်၊ မွေးမြူရေး၊ စိုက်ပျိုးရေး စသဖြင့်နေရာတိုင်းမှာ သုတေသနဌာနတွေရှိမှ ဖြစ်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ လူဆိုတာ ပစ္စည်းကောင်းကြိုက်တတ်ကြလို့ပါပဲ။ ဒါ့ကြောင့် ပစ္စည်းကောင်းကို ကုန်ကျစရိတ်နည်းနည်းနဲ့ ထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာပေးကြရမယ့် သုတေသနဌာနဆိုတာရှိဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်ပိုပြီး အရည်အသွေးကောင်းတဲ့ ဒီမိုကရေစီစနစ်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ဆိုတာကရော တခြားနိုင်ငံတွေ ဖြတ်သန်းသွားခဲ့ကြရတဲ့ ခရီးလမ်းမှာ ကြုံတွေ့ခဲ့ကြတဲ့ အခက် အခဲတွေကို သူတို့ဘယ်လိုကျော်လွှားသွားခဲ့ကြသလဲဆိုတာတွေကို သုတေသနလုပ်ဖို့ မလိုဘူးလား။ စဉ်းစားစရာဖြစ်လာရပါပြီ။
၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်က ပြင်သစ်နိုင်ငံရဲ့ မြို့တော်ပဲရစ်ဟာ အခုကိုယ်တို့နိုင်ငံက ရန်ကုန်နဲ့ အခြေအနေချင်းသိပ်မကွာလှပါဘူး။ 'အများသုံးယာဉ်တွေကို ဦးစားပေးပါ'၊ 'တစ်နာရီခရီးအကွာအဝေးကို ကားပိတ်နေလို့ နှစ်နာရီလောက် ကြာအောင်သွားနေရတယ်' ဆိုတဲ့ စကားတွေဟာ ပြည်သူတွေရဲ့နှုတ်ဖျားမှာ ရေပန်းစားနေခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူလတ်တန်းစားတွေ စီးပွားရေးကောင်းလာပြီး ကားဝယ်စီးနိုင်လာကြလို့ လမ်းတွေပေါ်မှာ ကားတွေမတရားများလာတဲ့ အတွက် ဖြစ်တယ်။ ကိုယ်ပိုင်ကားတွေ ၀ယ်စီးလာနိုင်တာနဲ့အတူ ကားပိုင်တာကိုလည်း ပြချင်လာကြတယ်။ နောက်တစ်ချက်က မြေအောက်ရထားတွေက အိုဟောင်းဆွေးမြေ့နေပြီး ငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေကြလို့ ဘယ်သူမှမစီးချင်ကြတော့ဘူး။ ကားဝယ်စီးဖို့ပဲ လုံးပန်းလာကြတော့ လမ်းတွေပိတ်လာတော့တာပေါ့။
ကားတွေဘယ်လောက်ထိ ကြပ်လာသလဲဆိုရင် ပဲရစ်မြို့ရဲ့အပြင်ဘက်မှာရှိတဲ့ မင်္ဂလာဒုံလို ရွှေပြည်သာလို မြို့နဲ့ မနီးမဝေးအရပ်မျိုးမှာနေကြတဲ့လူတွေဟာ ရုံးသွားဖို့ မနက် ၅ နာရီခွဲမှာ အိမ်က ထွက်ရတယ်။ ရုံးဆင်းလို့ အိမ်ပြန်ရောက်တော့ ည ၈ နာရီထိုးနေပြီ။ အခုလို ၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်က ပဲရစ်မြို့ အကြောင်းတွေ စဉ်းစားနေတုန်း ဆရာသာ ကိုယ့်အနားရောက်လာခဲ့ရင် 'ဒါတွေတွေးပြီး အားငယ်မနေစမ်းပါနဲ့ကွာ မကြာခင်တို့လည်းပဲ အဲဒီလို ဖြစ်လာတော့မှာပါ' လို့ပြောလိမ့်မယ် ထင်ပါတယ်။
နောက်ပြဿနာက လမ်းတွေပေါ်မှာကားတွေက လိပ်လိုပဲရွေ့နေကြရတော့ စိတ်တွေတင်းကြပ်လာတယ်။ ဂျပန်နိုင်ငံနဲ့ဒီနေ့ရန်ကုန်မှာလို ဟွန်းမတီးရဇုန်ရယ်လို့ ပဲရစ်စ်မှာ အဲဒီတုန်းကသတ်မှတ်မထားနိုင်ခဲ့တော့ ဟွန်းသံတွေကလည်း နားမခံသာအောင် ဖြစ်ရတယ်၊သူတို့အခေါ်sound pollution ပေါ့။ နောက်ပြီး ကားတွေများတော့ မီးခိုးတွေများပြီး လေထုညစ်ညမ်းလာတယ်။ air pollution ပေါ့။
အကြံတူ နောက်လူကောင်းအောင် ဒါကို သူတို့ဘယ်လိုအဖြေရှာ ကြသလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။ ပြင်သစ်ပြည်သူတချို့ကတော့ လမ်းတွေကို ချဲ့ပေးစေချင်ကြတယ်။ တချို့က စက်သုံးဆီဈေးတွေကို တိုးမြှင့်လိုက်စေချင်တယ်။ ဒါကတော့မဖြစ်နိုင်ဘူး။ တခြားစက်သုံးဆီသုံးနေရတဲ့ သယ်ယူပို့ဆောင် ရေးမဟုတ်တဲ့ စက်ရုံအလုပ်ရုံတွေကလည်း ရှိနေကြသေးတာကိုး။ တချို့ကတော့ ကားပါကင်ကိစ္စကို အစိုးရက ဂရုတစိုက်ကိုင်တွယ်ပေးစေချင်တယ်။ ဂျပန်မှာက ကားပါကင်မထိုးရတဲ့နေရာမှာ ရုပ်မြင်သံကြားစက်တွေတပ်ထားပြီး အဲဒီလိုနေရာမျိုးမှာ ပါကင်ထိုးတဲ့ ကားတွေအကုန်လုံးကို ဖမ်းနိုင်တာကိုး။ ဒါ့ကြောင့် ဂျပန်မှာလို အဲဒီလို စက်တွေတပ်ပေးစေချင်ကြတယ်။ ကိုယ့်အိမ်မှာ ကားပါကင်ထိုးစရာ နေရာမရှိတဲ့လူတွေကို ကားဝယ်ခွင့်မပြုတဲ့ ဥပဒေတွေထုတ်စေချင်ကြတယ်။ ဒါပေမယ့် အဲဒီနည်း လမ်းတွေအားလုံးဟာ လက်တွေ့မှာ မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံး သူတို့ရှာတွေ့သွားတဲ့အဖြေကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် (Public Transportation)ကို အပျံစားဖြစ်သွားအောင်လုပ်ပေးလိုက်တဲ့ နည်းလမ်းပါပဲ။ မြေအောက်ရထားလိုင်းတွေတိုးချဲ့ပြီး မြေအောက်ရထားဘူတာရုံတွေကို သားသားနားနားဖြစ်အောင် လုပ်ပေးလိုက်တယ်။ ရထားဘူတာတွေ သန့်ရှင်းသပ်ရပ်လာရုံနဲ့ မရသေးဘူး။ ရထားလက်မှတ်စစ်တွေ တွဲစောင့်တွေရဲ့သွင်ပြင်အမူအရာနဲ့ ပြောဆိုဆက်ဆံပုံတွေကိုပါ နှစ်လိုဖွယ်ရာဖြစ်အောင်လုပ်ပေးရပါတယ်။ သူတို့မျက်နှာမြင်လိုက်တာနဲ့ ရင်ထဲမှာ အေးသွားပြီး ရထားစီးချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ၀န်ဆောင်ပေးနိုင်ဖို့ အဲဒီလက်မှတ်စစ်တွေ တွဲစောင့်တွေကို လေ့ကျင့်ပေးရသလို သူတို့ကိုလစာလည်း ကောင်းကောင်းပေးရပါတယ်။ အဓိကအရေး ကြီးတဲ့ အခြေခံအချက်က အများပြည်သူခရီးသွားလုပ်ငန်းနဲ့ ခရီးသွားရတာဟာ ဂုဏ်သိမ်စရာအလုပ်မဟုတ်တော့ဘူး၊ ဒီလိုသွားရတာပိုအဆင်ပြေပါလားဆိုတာကို ပြည်သူတွေ သဘောပေါက်လာပြီး လူတကာအသုံးပြုချင်ကြတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာအောင် လုပ်ပေးရတာပါပဲ။ အခုတော့ ပြင်သစ်မှာ အလုပ်ချိန် (rush hour)မှာ မြေအောက်ရထား တစ်မိနစ်တစ်စင်းရှိပြီး ကျန်တဲ့အချိန်တွေမှာ ၇ မိနစ် တစ်စင်းရှိနေပါပြီ။ မနက် ၅ နာရီကနေ ည ၁၂ နာရီထိ ပြေးဆွဲပေးနေပါတယ်။ ကိုယ်ပိုင် ကားတို့ တက်စီတို့နဲ့ သွားကိုမသွားချင်တော့ဘဲ ရထားကိုသာအားကိုးပြီး စီးချင်လာအောင် နည်းလမ်းမျိုးစုံ ရှာပေးရတာပါပဲ။ ဒါဟာ အင်မတန်မှ စဉ်းစားစရာကောင်းတဲ့အချက် ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ မြေအောက်ရထားလမ်းတွေ အများကြီး လိုက်ဖောက်ပေးဖို့ ပြောနေတာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက အသိဉာဏ်ရှိတဲ့ လူလတ်တန်းစားပြည်သူလူထုတွေ ဉာဏ်ကွန့်မြူးနိုင်အောင် ရည်ရွယ်ပြီး ပြောနေရတာပါ။
နောက် မြို့အပြင်ဘက်က မြို့နယ်အသီးသီးမှာ သူ့ဟာနဲ့သူ အခြေခံအဆောက်အအုံကောင်းတွေ ပိုင်ဆိုင်နိုင်အောင်လုပ်ပေးထားတယ်။ ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားကွင်း၊super market ၊ အပန်းဖြေဥယျာဉ် စသဖြင့်ပေါ့။  မြို့ပြင်ဘက်မှာ လမ်းတွေပိုကောင်းပိုကျယ်ပြီး လေကောင်း လေသန့်ပိုရတဲ့အပြင် မြို့ထဲမှာရှိ သမျှဟာတွေကိုလည်း အကုန်ရနေနိုင်ကြတော့ ကုမ္ပဏီတွေမြို့ထဲက မြို့ပြင်ထွက်လာကြတယ်။ ဒီတော့ မြို့လယ်ခေါင်မှာ ကျပ်ကျပ်သိပ်သိပ် နေနေကြရတဲ့ လူတွေရဲ့ဘ၀ဟာ မြို့ပြင်မှာနေနေကြတဲ့ လူတွေလောက် မနေပျော်တော့ဘူးဆိုတာကို လူတွေသိလာကြတယ်။
ဒီတော့ မြို့အပြင်နားက မြို့နယ်တွေမှာ လူစည်ကားပြီး ဖွံ့ဖြိုးဝေဆာလာတယ်။ အလုပ်အကိုင်တွေပေါလာတယ်။ ပိတ်လှောင်မွန်းကျပ်တဲ့ ဝေဒနာတွေနည်းလာတယ်။ မြို့ပြင်အရပ်တွေက ပိုပျော်စရာကောင်းလာတယ်။ အဲဒီလိုနေရာမျိုးတွေကိုလည်း ဘတ်စ်ကားမျိုးစုံရထားမျိုးစုံရောက်နေတော့ စက်သုံးဆီချွေတာနိုင်သလို အချိန်ကိုလည်းချွေတာနိုင်တယ်။
ကိုယ့်နိုင်ငံမှာလည်း အဲဒီလို အတွေးအခေါ်မျိုးနဲ့ ကိုယ့်နိုင်ငံနဲ့လိုက်လျောညီထွေမယ့် အချက်တွေကို လေ့လာရှာဖွေပြီး နိုင်ငံကို ခေတ်မီအောင်ပြုပြင်ပေးဖို့ ဆိုတာကတော့ အစိုးရတစ်ခုတည်းနဲ့ ဖြစ်နိုင်မယ် မထင်ဘူး။ ပြည်သူအများကလည်း ပါဝင်လာမှဖြစ်မယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံက လူများစုဖြစ်တဲ့ လူလတ်တန်းစားတွေ အသိဉာဏ်ပွင့်လင်းလာဖို့ အရေးအကြီးတယ်လို့ မြင်မိတာပါ။
လူဟာ ဗိုက်ပူရင်ကြည့်မကောင်းပေမယ့် နိုင်ငံတစ်နိုင်ငံဗိုက်ပူလာရင် တိုးတက်လာမှာ အသေအချာ ပါပဲ။ ချမ်းသာတဲ့လူတန်းစားနဲ့ ဆင်းရဲတဲ့ လူတန်းစားကနည်းပြီး အလယ်အလတ်လူတန်းစားအများစုဟာ ပညာတတ်သူတွေ အသိဉာဏ်ရှိသူတွေဖြစ်လာကြရင် ဒီဗိုက်ပူနေတဲ့ နိုင်ငံဟာသူများထက်ကောင်းတဲ့ ဒီမိုကရေစီစနစ်ကို သေချာပေါက်ဖော် ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် ခုနေဆရာသာအနားမှာရှိနေရင် ၀ါကျနှစ်ခုနဲ့ ရေးထားတဲ့အကြောင်းအရာနှစ်ခုကို တစ်ကြောင်းတည်းပေါင်းစပ်ပြီး 'အံမာ မင်းကအကြံတူ  . . . ဗိုက်ပူကောင်းစမြဲ' ဆိုတဲ့ အကြောင်းတွေရေးနေ တာပါလားကွ'လို့ အရွှန်းဖောက်ပြီး ပြောလိမ့်မယ်ထင်ပါတယ်။


EMG


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis