စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ သတင်းများ၊ သတင်းတွေနဲ့အတူ ကပ်ပါလာတဲ့ အယူအဆ
ဒဿနများအပေါ် တုံ့ပြန်ဆွေးနွေးချင်တာတွေ ရင်ထဲခေါင်းထဲမှာ
ကျင်ခဲဆူဝေနေပါတယ်။ ဗုဒ္ဓသာသနာ့ခေါင်းဆောင် မဟာဂန္ဓာရုံဆရာတော်ကြီး ဥဒါန်း
ကျူးရင့်ခဲ့တဲ့ ကဗျာလင်္ကာလေးတစ်ပုဒ်က ကျွန်တော့်အာရုံမှာ
အမြဲပဲလှုပ်ရှားသက်ဝင်နေပါတယ်။
ကိုယ်တည်းတစ်ယောက်
ကောင်းဖို့ရောက်ဖို့
ခုလောက်ကြိုးကုတ်
အားမထုတ်ဘူး ...။
လမ်းပေါ်မျှော်ကြည့်လိုက်တော့
ကြည်ပြာရောင်ငြိမ်းချမ်းရေးလှိုင်းလုံးကြီးတွေ။ လူငယ်တွေ။
ကျွန်တော့်သားသမီးအရွယ်တွေက အများစု၊ တကယ့်ကိုပဲ
ပြည်သူ့ရင်သွေးလို့ဆိုနိုင်တဲ့ လူငယ်တွေအများစုဟာ မိဘပြည်သူတွေအတွက်၊
အမိနိုင်ငံတော်ကြီးအတွက် လမ်းပေါ်ထွက်ခဲ့ကြပြီ။ အတားအဆီးတွေရှိတာသိလျက်နဲ့
လမ်းပေါ်ထွက်ကြပြီ။ အတားနဲ့အသွား အားပြိုင်နေကြပြီ။
သွားနေတဲ့ ပန်းတိုင်က
ငြိမ်းချမ်းရေး ..။ တားနေတဲ့သူတွေက ငြိမ်းချမ်းရေးမလိုချင်လို့ပဲလား။
သို့မဟုတ် တရားဥပဒေစိုးမိုးရေးလို့ ပြောမှာလား။ တရားဥပဒေတွေထဲမှာ ပုဒ်မ ၁၈က
နေရာတကာ လွှမ်းမိုးထားမှာလား။ အဓမ္မအသိမ်းခံရတဲ့လယ်ယာမြေတွေပေါ်မှာ စက်ရုံ
အလုပ်ရုံကြီးတွေရဲ့ ဥပစာမှာ၊ တက္ကသိုလ်ကောလိပ်တွေရဲ့ဝန်းကျင်မှာ
ပြီးတော့ပြည်သူခေါ်သော လမ်းပေါ်မှာ။
ပုဒ်မ ၁၈နဲ့မှ မလုံလောက်သေးရင် လက်ဟောင်းဥပဒေကြီးပုဒ်မ ၁၄၄
ရှိနေသေးတာပဲ။ ပုဒ်မ ၁၈ ရော ၁၄၄ ရောပေါင်းကိန်းက ''ကိုး'' ဂဏန်းရတယ်။
ကိုးန၀င်း မိုးလင်းမှသိလိမ့်မယ်တဲ့။ အခုတော့ မိုးမလင်းခင်သိနေပါပြီလေ၊
ဥပဒေစိုးမိုးရေးထဲ ကပုဒ်မ ၁၈ အကြောင်း။ အထက်တန်းကျောင်းသားဘ၀လောက်က
မိုးလင်းကပြတဲ့ ဇာတ်ပွဲတွေသွားကြည့်ရင်း ... စိန်အောင်မင်းငိုးချင်းချခဲ့တာ
ပြန်သတိရနေပါသေးတော့။
ဥပဒေတွေကို နောက်ထပ်လို့
မတိုးလိုက်ပါနဲ့
ခုနေခါကြောက်တတ်တဲ့အမျိုး
ဟာမို့ ရိုးသားတဲ့ကရင်
အနွယ်ပါခင်ဗျာ ...
ဒီနေ့ပြည်သူလူထုကြီးရဲ့ နံပါတ်တစ်လိုအင်ဆန္ဒကတော့ လွတ်လပ်ငြိမ်းချမ်းခြင်းပါပဲ။
လွတ်လပ်ခွင့်အတွက် ဒီမိုကရေစီအပြည့်အ၀ပေးရပါမယ်။ ငြိမ်းချမ်းခြင်းအတွက်
ပြည်တွင်းစစ်ကို လုံးဝရပ်စဲပေးရပါမယ်။ ငြိမ်းချမ်းရေးမရရင်
ဘာမှမရနိုင်ဘူးလို့ မှတ်ယူသင့်ပါတယ်။ ငြိမ်းချမ်းရေးရင် အကုန်ရပြီ၊
ဘာမဆိုလိုတာအကုန်ရပြီလို့ မျှော်လင့်နိုင်ပါတယ် . . .
|
|
|
|
ဇာတ်ထုပ်နာမည်တော့ မေ့နေပြီ။စိန်အောင်မင်းကြီးဟာ''ချင်းဖဝေး''
ဇာတ်ထုပ်နဲ့ နာမည်ကြီးလာတော့ ကရင်တိုင်းရင်းသားဇာတ်ထုပ်တစ်ပုဒ်ကို
ထပ်မံတင်ဆက်ခဲ့တယ် ထင်ပါတယ်။ စိန်အောင်မင်းမဟုတ်ရင်လည်း
တခြားဇာတ်မင်းသားတစ်ယောက် ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ အထက်ပါ
''ငိုချင်း''ကလေး ကျွန်တော့်ရင်ထဲ စွဲကျန်နေခဲ့တာပါပဲ။
ဇာတ်လမ်းအရ စစ်သည်ဗိုလ်ပါ နောက်တော်ပါတွေနဲ့ တောကစားထွက်လာတဲ့
ရှင်ဘုရင်ဟာ ကရင်ရွာလေးတစ်ရွာရောက်တော့၊ အမောပြေ သောက်တော်ရေ ဆက်သပါသတဲ့။
ကရင်မလေးကိုမှ ရွှေဘုရင်ကြီးက ရွှေဘောတော်ကျတော်မူတဲ့ ဒါပေ မယ့် ကရင်မလေးမှာ
ကာမပိုင် ကရင်ကြီးက ရှိနေနှင့်တာကိုး။ မင်းကျင့်တရားကျိုးပေါက်မှာလည်း
စိုးရိမ်ရ၊ ကရင်မလေးကိုလည်း လိုချင်ဆိုတော့ မှူးတော်မတ်တော် အတိုင်ပင်ခံ
အကြံပေးများက အကွက်ဆင် အမှုဆင်ပြီး လက်တန်း ဥပဒေ ထုတ်ပြန်လိုက်တယ်။ ဒီကရင်
ဘုရင့်ဘဏ္ဍာသစ်ပင်သစ်တောတွေ ခိုးယူခုတ်စားနေတဲ့အတွက် ရာဇ၀တ်သင့်စေ။ အဲ့ဒီမှာ
ကရင်ယောက်ျား နေရာက သရုပ်ဆောင်တဲ့ဇာတ်မင်းသား
(စိန်အောင်မင်းပဲထားလိုက်ပါတော့)က အထက်ပါငိုချင်းကို ဆိုပြီး
ရင်ဘတ်ကိုထုကာထုကာနဲ့ ပရိသတ်မျက်ရည်ကျအောင် ဇာတ်ကို 'သယ်' သွားတော့တာပေါ့။
ပရိသတ်ကြီးမှာရင်ထုမနာနဲ့ ရိုးသားလှတဲ့ ကရင်လင်မယားရဲ့
ချစ်ခြင်းမေတ္တာကိုဖြိုခွင်းခဲ့တဲ့ ဘုရင်ကိုရော အကြံပေးမှူးမတ်တွေကိုပါ
ပြောင်းဖူးရိုးတွေ၊ ဖင်ခုထိုင်ထားတဲ့ဖိနပ်တွေနဲ့ ဇာတ်စင်ပေါ်လှမ်းပစ်ကြတယ်။
ကျွန်တော်လည်း ဇာတ်ပွဲကို ဆက်မကြည့်ဖြစ်တော့ဘဲ ပွဲခင်းထဲက
တစ်ခွက်တစ်မတ်ပေးရတဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ သူငယ်ချင်းတွေနဲ့အတူ ထိုင်ရင်း
..
''ကားလ်မတ်ကြီးရေးတာ ဟုတ်နေပါရောလားကွ၊ဥပဒေဆိုတာ ပြည်သူလူထုကို
ခြုံကြားထဲက ချောင်းရိုက်ဖို့တီထွင်ထားတဲ့လက်နက်ကိရိယာဆိုတာ ..''လို့
ပြောမိတယ်။
''မင်းကဇာတ်ပွဲကြည့်လို့ကောင်းနေမှကွာ .. ကားလ်မတ်တွေဘာတွေနဲ့
အစပ်အဟပ်မတည့် လျှောက်ပြောနေတာ''လို့ သူငယ်ချင်းကပြန်ပက်ပါတယ်။ ဇာတ်ပွဲထဲက
ဘုရင်ကတော့ သူများမယားလိုချင်လို့ ထုတ်မိထုတ်ရာဥပဒေကိုထုတ်ပြီး
ကရင်ယောက်ျားကိုဖမ်း၊ ကရင်မလေးကို သိမ်းပိုက်သွားတော့တယ်။ ဒီနေ့ပုဒ်မ ၁၈ က
ဘာကိုလိုချင်လို့လဲ။ ဆန္ဒထုတ်ဖော်သူတွေကို တရားခံအဖြစ်လိုချင်လို့လား။
ငြိမ်းချမ်းရေးနဲ့ ဆန္ဒဖော်ထုတ်သူတွေကို ခွဲပစ်ချင်လို့လား။
''ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ
လွှတ်တော်ဆန္ဒ၊ပြည်သူ့တို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်''တဲ့။
စက်တင်ဘာလ ၂၁ ရက် ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ထူး နေ့မြတ်ကြီးမှာ
တခဲနက်ပေါ်ထွက်လာတဲ့ ငြိမ်းချမ်းရေး တောင်းဆိုသံတွေဟာ ပြည်သူ့အသံ၊
ပြည်သူ့ဆန္ဒ၊ ပြည်သူတို့ရဲ့မျှော်လင့်ချက်စစ်စစ်တွေပါလေ။ အခြေခံဥပဒေအရ
သွားနေသူတွေကို ပုဒ်မ ၁၈ နဲ့တားမယ်ဆိုရင်''ပေးကားပေး၏မရ၊
ကျွေးကားကျွေး၏မ၀''ဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်။
ဆန္ဒပြခွင့်အတွက်လျှောက်လွှာတင်သမျှ ပယ်ချနေမယ်ဆိုရင်လည်း
မရှုမလှပေါက်ကွဲတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဆန္ဒဖော်ချင်ပါတယ်ဆိုမှတော့
ဘယ်လိုမှ မတားသင့်တော့ပါဘူး။ ဒီတော့ ဥပဒေနဲ့အညီ စီစဉ်ပေးနိုင်မယ်ဆိုရင်
ညင်ညင်သာ သာလှလှပပနဲ့ ပွဲပြီးသွားနိုင်ပါတယ်။ ပျားပိတုန်းကလေးများ
ပန်းဝတ်ရည်စုပ်ယူရာမှာ ပန်းရဲ့အလှကို ဖျက်ဆီးခဲ့ရိုးထုံးစံမရှိပါဘူး။
အနီးကပ်ဆုံးပြန်ကြည့်ရင် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပွဲလုပ်ဖို့
စီစဉ်ရာမှာ တားမြစ်ခံရတယ်။ ဟော ရှစ်လေးလုံးနှစ်ပတ်လည်
အထိမ်းအမှတ်ပွဲကြီးမှာတော့ သမ္မတကြီးရဲ့ခွင့်ပြုချက်နဲ့ ၀န်ကြီးနှစ်ပါး
ကိုယ်တိုင်တက်ရောက်လာပြီး သူတို့ ရဲ့ချွေးနှီးစာလေးထဲက
အလှူဒါနတောင်ပြုသွားပါရောလား။ အဲဒီလို လိုက်လျောလိုက်ခြင်းအားဖြင့်
တင်းမာမှုတွေ ပြေလျော့သွားစေတယ်မဟုတ်ပါလား။နိုင်ငံအရေးမှာ
'အားလုံးပါဝင်ကြ'ဆိုတာ အစိုးရဘက် တစ်ဖက်တည်းကိုကြည့်လို့မရပါဘူး။ပြည်သူ
တွေက အစိုးရလုပ်သမျှ ပူးပေါင်းပါဝင်စေချင်ရင် ပြည်သူတွေလုပ်သမျှကိုလည်း
အစိုးရကပါဝင်လုပ်ဆောင် ပေးဖို့လိုပါတယ်။
ပြည်သူတွေဘက်က တကယ်ဆန္ဒပြင်းထန်လာပြီဆိုရင် ပုဒ်မ ၁၈နဲ့လည်း
တားလို့မရနိုင်တော့ပါဘူး။ အဓိပတိလေးပါးမှာ ဆန္ဒအားက နံပါတ်တစ်ဖြစ်ကြောင်း
ဘုရားကိုယ်တိုင်ဟောခဲ့ပါတယ်။ 'street politic'
လမ်းပေါ်ထွက်လုပ်တဲ့နိုင်ငံရေး ခေတ်မရှိတော့ပါဘူးလို့ ပုပ်သိုးဆွေးမြေ့နေတဲ့
အယူအဆနဲ့ မူဝါဒချ အငေါ်တူးခဲ့တဲ့ ဆရာမောင်စူးစမ်းတို့လို
ဂုရုကြီးတွေဒီနေ့တရုတ်ပြည်ကြီးကို ကြည့်လိုက်စမ်းပါ။ မြို့ကြီး ၈၅ မြို့မှာ
လမ်းပေါ်ထွက်ဆန္ဒပြနေပါတယ်။ တစ်ခါ အိန္ဒိယပြည်ကြီးကို ကြည့် လိုက်ပါဦး။
အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် လမ်းပေါ်ထွက်ဆန္ဒပြနေပါတယ်။ အာရပ်ကမ္ဘာမှာလည်း
သူ့အကြောင်းနဲ့သူ ထောင်းလမောင်းထအောင် ဆန္ဒပြနေကြပါတယ်။ ဆန္ဒအားကို
ဘာကမှတားလို့မရပါဘူး။
လူထုဆန္ဒကို မျှဝေခံစားနားလည်ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ၁၀၀ တောင်းလို့
၁၀၀မပေးနိုင်ဘူးပဲထား၊ လူထုရဲ့အသံကို နားထောင်ပေးရင် လူထုဘဝ
လူထုဆန္ဒကိုနားလည် စာနာတတ်ရင်ပဲ ကျေနပ်နှစ်သိမ့်နိုင်ပါပြီ။
ပြည်သူလူထုကြီးခမျာ တစ် သက်လုံး ဖိနှိပ်ခံလာရတာ။ အခု
ပြောဆိုတင်ပြခွင့်ရပြီဆိုမှ ရင်ထဲက လိုအင်ဆန္ဒတွေပွင့်အန်ကျလာရရှာတာပါ။
ပြည်သူလူထုကြီးနဲ့ကျောင်းသား လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေအပေါ် 'မတော်မတည့်' ရွဲ့ရွဲ့စောင်းစောင်း မြင်တတ်သူတွေလည်း ရှိနိုင်ပါတယ်။
''ဟောခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြ လုပ်ကြတာကို
စိတ်အချဉ်ပေါက်ပြီး ပြောသူတွေရှိလာပြန်ပြီ။ ဒါတင်မက
ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလောသုံးလာကြတာ
သတိထားမိတယ်ဗျာ၊ တမင်တကာများ ဒီမိုကရေစီကိုဈေးပေါအောင် လုပ်နေရော့သလားလို့
စိုးရိမ်မိတယ်ဗျ''။ မောင်ဝံသ- ဒီမိုကရေစီကို ဈေးပေါ်အောင်မလုပ်ကြပါနဲ့ ၁၃
စက်တင်ဘာလ ၂၀၁၂ ထုတ်ပြည်သူ့ခေတ်ဂျာနယ်မှ။
ဆရာမောင်ဝံသလို ဒီမိုကရေစီ ဘက်တော်သား သတင်းစာဂျာနယ်
ဆရာသမားတစ်ဦးကတောင် ဆန္ဒပြပွဲနဲ့ခေါင်းဆောင်တွေအပေါ်အမြင် စောင်းနေရင်
အာဏာရှင်ခေတ်ဆိုးကြီးထဲမှာ ခေါက်ရိုးကျိုးယဉ်ပါးနေခဲ့တဲ့
အချို့သောတာဝန်ရှိပုဂ္ဂိုလ်ကြီးများကိုတော့ အထူးပြောစရာမရှိ။
နဖူးကြောသာကြည့်ပေတော့လို့ ဆိုရပါလိမ့်မယ်။
ဆန္ဒပြပွဲများကို ဒီမိုကရေစီစနစ်ရဲ့ အဆင်တန်ဆာဂုဏ်အင်္ဂါအဖြစ်
နှစ်ခြိုက်လိုလားစွာ ကြိုဆိုကြရပါလိမ့်မယ်။ ဆန္ဒပြပွဲတွေများများဖြစ်ပေါ်လေ။
ဒီမိုကရေစီနိုင်ငံတော်ကြီးရဲ့ ရုပ်လုံးပေါ်လေလေပါပဲ။ ၁၉၇၀
ပြည့်နှစ်လွန်နှစ်များက ထိုင်းမှာ ပြည့်တန်ဆာမတွေ လမ်းမပေါ်ထွက်လာပြီး
ဆန္ဒပြကြတယ်။ အကြောင်းက တော့ ထိုင်းမှာတပ်စွဲထားတဲ့
သူတို့ရဲ့ဖောက်သည်အမေရိကန်တပ်သားတွေ ပြည်တော်ပြန်သွားလို့တဲ့။ကိုင်း
ဘယ့်နှယ့်စရှိဗျာ။ ဒီမိုကရေစီအခွင့်အရေးကို
ဘယ်သူမဆိုရယူသုံးဆောင်ပိုင်ခွင့်ရှိသင့်ပါတယ်။
ဆန္ဒပြပွဲများရဲ့ တန်ခိုးသတ္တိကို တစ်ချက်လောက်ငဲ့ကြည့်လိုက်ပါဦး။
တိုင်းမဂ္ဂဇင်းက ယခုနှစ်
person of the year အဖြစ်
ကမ္ဘာတစ်ဝန်းမှ ကန့်ကွက်
ဆန္ဒပြသူများကို ရွေးချယ်
တိုင်းမ်(Time)မဂ္ဂဇင်းက ယခု နှစ်အတွက် အထင်ရှားဆုံးပုဂ္ဂိုလ် အဖြစ်
ကမ္ဘာတစ်ဝန်းမှ ကန့်ကွက် ဆန္ဒပြသူများကို ရွေးချယ်ခဲ့သည်။
အာရပ်နိုင်ငံများမှသည် နယူးယောက်အထိ ကမ္ဘာတစ်ဝန်းမှ ဆန္ဒပြသူများသည်
အပြောင်းအလဲများကိုယူဆောင်လာခဲ့ကြကြောင်း တိုင်းမ်က မှတ်တမ်းတင်ခဲ့သည်။
'ဒီဆန္ဒပြမှုတွေက ကူးစက်ပါတယ်။ ဆန္ဒပြသူတွေဟာ
သမိုင်းကိုပြောင်းလဲစေခဲ့ပြီးဖြစ်သလို အနာဂတ်မှာလည်း
သမိုင်းကိုပြောင်းလဲစေမှာပါ'ဟု တိုင်းမ်၏ မန်နေဂျင်းအယ်ဒီတာ စတန်ဂယ်လ်က
NBC ရုပ်သံ တွင် ပြောကြားခဲ့သည်။ ( ၁၆ ဒီဇင် ဘာ ၂၀၁၁ ထုတ် BI WEEKLY
ELEVEN ဂျာနယ်မှ)
ဆန္ဒပြသူတွေကို 'ဒီမိုကရေစီယူဆောင်သူတွေ၊ ပြည်သူတွေကို အရင်ကမရခဲ့ဖူးတဲ့
ဂုဏ်သိက္ခာယူဆောင်လာပေးတဲ့သူတွေ'လို့ တိုင်းမ်မဂ္ဂဇင်းက
အမွှန်းတင်ဂုဏ်ပြုထားပါတယ်။ ဒီနေ့လူထုခေါင်းဆောင်၊
ဒီမိုကရေစီခေါင်းဆောင်တွေကို ဆန္ဒပြပွဲကြီးတွေကပဲ မွေးဖွားပေးလိုက်တာပါ။
တပ်မတော်က မွေးဖွားပေးလိုက်တဲ့ နိုင်ငံတော်သမ္မတကြီးကလည်း
ပြည်သူလူထုရဲ့ဆန္ဒအားကို လေးစားလိုက်နာခဲ့ပါတယ်။
'ယနေ့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့ပတ်သက်ပြီး
တွန်းအားပေးတာကတော့ မြန်မာနိုင်ငံပြည်သူလူထုပဲ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒတွေကို
လိုက်လျောပြီး ယခုလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာ
ဖြစ်ပါတယ်'လို့ ၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၂၇ရက်က Washigton Post သတင်းစာကြီးနဲ့
တွေ့ဆုံခန်းမှာရှင်းလင်းတင်ပြသွားပါတယ်။
ဒီနေ့ ပြည်သူလူထုကြီးရဲ့ နံပါတ်တစ် လိုအင်ဆန္ဒကတော့
လွတ်လပ်ငြိမ်းချမ်းခြင်းပါပဲ။ လွတ်လပ်ခွင့်အတွက်
ဒီမိုကရေစီအပြည့်အ၀ပေးရပါမယ်။ ငြိမ်းချမ်းခြင်းအတွက် ပြည်တွင်းစစ်ကို
လုံးဝရပ်စဲပေးရပါမယ်။ ငြိမ်းချမ်းရေးမရရင် ဘာမှမရနိုင်ဘူးလို့
မှတ်ယူသင့်ပါတယ်။ ငြိမ်းချမ်းရေးရင် အကုန်ရပြီ၊ ဘာမဆိုလိုတာ အကုန်ရပြီလို့
မျှော်လင့်နိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေးခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေအကုန်လုံး၊
စာပေယဉ်ကျေးမှုအနုပညာနဲ့ အားကစားအားလုံးသော အရာရာဟာငြိမ်းချမ်းရေးအပေါ်မှာပဲ
ဥပနိဿယအမှီပြုပြီးတော့ သဟဇာတအတူတကွဖူးပွင့်လာပေလိမ့်မယ်။
ငြိမ်းချမ်းရေးမှ မရှိရင် တရားဥပဒေစိုးမိုးရေးဆိုတာလည်း ဝေးပါသေးတယ်။
စစ်မြေပြင်မှာ ဘာဥပဒေမှမရှိဘူး။ စစ်မြေပြင်မှာ တရားရုံးဖွင့်လို့မရဘူး။
စစ်မဲ့ဇုန်တွေမှာတော့ တရားဥပဒေစိုးမိုးရေးသာ အခရာပါပဲ။ ကျွန်တော်တို့ရဲ့
နေ့စဉ်ဘ၀တွေမှာ ဘယ်လောက်ထိစိတ်အေးလက်အေး နေနိုင်သလဲဆိုတာနဲ့
တရားဥပဒေစိုးမိုးရေးကို တိုင်းတာရမှာ ဖြစ်ပါတယ်။
အိမ်ရှေ့ပူ အိမ်နောက်ချမ်းသာဆိုသလိုပဲ
ပြည်ထောင်စုကြီးရဲ့နေရာဒေသတစ်ခုမှာ စစ်ပွဲတွေ ပြင်းထန်နေပြီဆိုရင်
အဲဒီစစ်ဘေးစစ်ဒဏ်ကို ကျွန်တော်တို့လည်း တစ်နည်းနည်းနဲ့တော့ ခံရတာပါပဲ။
ဒါကြောင့် စစ်ပွဲတွေရပ်လိုက်မှသာ တရားဥပဒေက ပေးတဲ့ ကာကွယ်စောင့်ရှောက်မှုကို
အပြည့်အ၀ ခံစားနိုင်မှာဖြစ်ပါတယ်။
စစ်ပွဲရပ်ဆိုရာမှာလည်း ယာယီသဘောမျိုးမဟုတ်ဘဲ
ထာဝရငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်ဆိုရင် ၁၉၄၇ ပင်လုံညီလာခံလိုမျိုး
နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ သဘောတူညီမှုတွေ အမြန်လိုအပ်နေပါတယ်။
ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတယ် ဆိုတာ နောက်တစ်ကြိမ်ပိုမိုပြင်းထန်တဲ့
တိုက်ပွဲတွေအတွက် အားမွေးထားပေးသလို ဖြစ်နေတတ်ပါတယ်။ စစ်ဆိုတာ သရဲဘီလူးများ
မွေးထားရသလိုပဲ။ သူ့ကိုမကျွေးနိုင်တဲ့နေ့သူက ကိုယ့်ကို ပြန်စားသွားမှာပဲ။
အပစ်အခတ် ရပ်စဲပြီးရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အချိန်ဆွဲနေလို့
မသင့်တော်ပါဘူး။
၂၀၁၂ ခုနှစ် မတ်လ၂၇ရက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့
တွေ့ဆုံဆွေးနွေးပွဲမှာ KNPP ကတင်ပြချက်တွေထဲက ကောက်နုတ်ဖော်ပြရရင်
'အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးပြီးနောက် ၆လအတွင်း
တစ်တိုင်းပြည်လုံး အသွင်ဆောင်သည့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု
အမြန်ဆုံးအကောင်အထည်ဖော်ရမည်'ဆိုတာမျိုး အခြားသောတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း တွေဘက်ကလည်း တူညီတဲ့သဘောထားရှိနိုင်ပါတယ်။ ပြီးတော့
....
တပ်ဖွဲ့၊ တပ်ရင်းနှင့်တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်းမပြုလုပ်ရန်နှင့်
လူထုအားဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် တပ်စခန်းများကို အပစ်အခတ်
သဘောတူညီပြီးသည့် နောက်ရက်ပေါင်း ၆၀ ရက်အတွင်း ရုပ်သိမ်းပေးရန်' ဆိုတဲ့
KNPP ရဲ့တောင်းဆိုမှုမျိုး ကို အခြားသော တိုင်းရင်းသားအဖွဲ့များကလည်း
လိုလားကြမှာပဲ။ KNU ကရင်အမျိုးသားအစည်းအရုံးက တင်ပြခဲ့ရာမှာလည်း
'ကရင်ပြည်နယ် အတွင်းတပ်စွဲထားတဲ့ အစိုးရတပ်ဖွဲ့ တပ်စခန်း ၈၀ ကျော်ကိစ္စ
အဓိကပါဝင်လာတာတွေ့ရပါတယ်။ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့
ကချင်ပြည်နယ်မှာတော့ အစိုးရတပ်ဖွဲ့တွေ ၄၀ ကျော်ရှိနေကြောင်း ကြားသိရပါ တယ်။
လောလောဆယ်မှာ ယာယီငြိမ်းချမ်းရေးကတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအထိ
တိုးမြှင့်သွားနိုင်ဖို့ အစိုးရတပ်ရင်းတပ်ဖွဲ့တွေ ရုပ်သိမ်းဆုတ်ခွာပေးဖို့
တိုင်းရင်းသားအဖွဲ့အစည်းများက အလိုရှိနေကြပါတယ်။ အဲဒီ ပထမအဆင့်
အောင်မြင်ရင်ပဲ တပ်မတော်ကြီးကို ကျွန်တော်တို့
ဂုဏ်ပြုချီးကျူးကြိုဆိုကြရမှာပါ။ မိဘပြည်သူတွေလိုချင်နေတဲ့
ငြိမ်းချမ်းရေးကို တပ်မတော်က ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတဲ့
သမိုင်းမော်ကွန်းသစ် ရေးထိုးစေချင်ပါပြီ။
ငြိမ်းချမ်းရေးပန်းတိုင်ဆီသွားဖို့ရော
ဓားတောင်တွေကျော်ရ၊မီးပင်လယ်တွေကိုဖြတ်ရ ဖြတ်ရ ဘ၀အသင်္ချေ ကိုပေးဆပ်ပြီး
ဒီခရီးဒီလမ်းဒီစခန်း ဆီ ဆက်လက် ချီတက်နေကြဦးမှာပါပဲ။ ကျွန်တော်တို့ရဲ့
ငြိမ်းချမ်းရေးခရီးမှာ ပြည်ထောင်စုဖွားတိုင်းရင်းသား တစ်ယောက်တစ်ဖွဲ့မှ
မကျန်ရအောင် စောင့်ခေါ်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရေခံမြေခံပေါ်မှာသာ
နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးတောင်းဆို ဆန္ဒပြပွဲတွေကတော့ ကမ္ဘာမြေအနှံ့
ဖြစ်ပေါ်ပြန့်ပွားနေဦးမှာပါပဲ။ ကမ္ဘာမြေပေါ်က လှိုင်းပြာပြာတွေ
မိုးသားအပြာရောင်နဲ့ ပေါင်းဖွဲ့သွားတဲ့အထိပေါ့။
EMG |
No comments:
Post a Comment