menu

Thursday 11 October 2012

ဝါကျွတ်ပေမယ့် . . . . .




l5281 ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင်  သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီ။ သီတင်းကျွတ် ကာလကိုပင် ဗုဒ္ဓဘာသာဝင်တို့က ဘာသာရေးနှင့်ဆက်နွယ်ကာ ၀ါကျွတ်ကာလဟု သတ်မှတ်သည်။
ဝါတွင်းကာလရောက်ပြီဆို ရဟန်းသံဃာများ ခရီးဝေးသွားခြင်းကိုရှောင်ပြီး ၀ါဆိုကြသည့်နည်းတူ လူဝတ်ကြောင်များကလည်း အိမ်နေရာအပြောင်းရွှေ့ ရှောင်ကြသည်။ ထို့ ပြင် လက်ထပ်မင်္ဂလာကိုလည်း ၀ါတွင်း ကာလများတွင် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြသည်။ ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ်ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်ကလည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။

ဟိုးယခင်နှစ်များဆီက အသက်၄၀ ၀န်းကျင်အထိ အိမ်ထောင်မကျသေးသူများကို လူပျိုကြီး၊ အပျို ကြီးဟု ခေါ်ဆိုခဲ့ကြသော်လည်း ယနေ့ အချိန်တွင် အသက် ၃၀ ၀န်းကျင် အိမ်ထောင်မကျသေးသူများကိုပါ သတ်မှတ်လာကြသည်။
လူလွတ်ဘ၀ကို ကျေနပ်နေသူများအတွက် ၀ါကျွတ်ကာလက စိတ်ခံစားမှုတစ်စုံတစ်ရာ မပေးစွမ်းနိုင်သော်လည်း ချစ်ရသူနှင့်ရွှေလက်တွဲနိုင်ဖို့ ရည်ရွယ်ထားသူတွေအတွက် ‘၀ါကျွတ် ပြီနော်’ဆိုသည့် စကားနောက်တွင် ခံစားချက်တွေ ရှိနေတတ်သည်။ အဲဒီ ခံစားချက်တွေက ဒီနေ့အချိန်မှာပိုများလာခြင်းမှာ လက်ထပ်ဖို့ ရည်ရွယ်ထားသူတွေ၏ ‘၀င်ငွေမကောင်းသေးလို့’၊ ‘ပိုက်ဆံမရှိလို့’၊ ‘နေစရာမရှိလို့’၊ ‘မပြေလည်သေးလို့’ ဆိုသည့် အဖြေစကားများက သက်သေခံနေပါသည်။ အချို့ကဖြေရင်းနှင့် တစ်စုံတစ်ခုကို တွေးငေးနေသယောင် ငြိမ်ကျသွားတတ်သလို အပျိုကြီးအချို့ကလည်း ဖြေရင်းတန်းလန်း မျက်ရည်များဝဲ လာတတ်သည်။
ကျွန်တော့် ပတ်ဝန်းကျင်တွင် လူပျိုကြီးအပျိုကြီး မိတ်ဆွေများစွာ ရှိသည်။ တစ်နေ့တွင် ကျွန်တော်က မိတ်ဆွေလူပျိုကြီးတစ်ယောက်ကို ‘‘၀ါကျွတ်ပြီနော်အစ်ကို ဘာစားရမှာ လဲ’’ လို့မေးတော့ ‘‘ဟေ့ကောင် ရန်လာမစနဲ့နော် မယူချင်လို့မယူတာ မဟုတ်ဘူးကွ။ ယူချင်တာ တစ်ပိုင်းသေနေပြီ။ ပိုက်ဆံမရှိလို့’’ သူက ပြန်ဖြေသည်။
ဟုတ်ပါသည်။ ကျွန်တော် သူတို့စုံတွဲနှစ်ယောက်စလုံးနှင့် ခင်ပါသည်။ နှစ်ဦးစလုံးဘွဲ့ရပညာတတ် များဖြစ်ကြသည်။ ကိုယ်စီကိုယ်စီ အလုပ်ရှိကြသည်။သူတို့ဝင်ငွေ အသင့်အတင့် ရှိသော်လည်း သူတို့ဝင်ငွေလောက်ဖြင့် တစ်အိုးတစ်အိမ်ထူထောင်၍ မဖြစ်သေးဟု ဆိုသည်။
‘‘အခြေခံလူတန်းစားတွေထဲမှာ အစ်ကိုတို့လောက် ၀င်ငွေမကောင်းပေမယ့်ယူကြတာပါပဲ။ သိပ်တော့မစဉ်းစားပါနဲ့ အစ်ကို။ ယူပြီးတော့လည်း သူ့ ဟာနဲ့ သူအဆင်ပြေသွားပါလိမ့်မယ်’’ လို့ ကျွန်တော်က မိတ်ဆွေလူပျိုကြီး ကိုအားပေးတော့သူက “ဒါတော့ဒါပေါ့ ညီလေးရယ်။ တချို့တွေဝင်ငွေနဲ့စား ၀တ်နေရေးမချင့်ချိန်ဘဲ အိမ်ထောင်ပြုလို့ ဒုက္ခတွေကြုံနေရတာ အများကြီးပါ။ ဥပမာ ယူပြီးတော့မှ ပိုက်ဆံမပြေလည်လို့ ကွာကြကွဲကြတယ်။ အကြွေးတွေနစ်ပြီး ထွက်ပေါက်မရှိလို့ ရာဇဝတ်မှုတွေကျူးလွန်တယ်။ ကလေး မွေးပြီးမှ မကျွေးနိုင်လို့စွန့်ပစ်ကြတယ်။ ကိုယ်ဝန်ရှိမှ မမွေးနိုင်လို့ ဖျက်ချကြတယ်။ အခြားအခြား လူမှုရေးပြဿနာတွေ အများကြီးရှိသေးတယ်။ တချို့ကတော့ ဒုက္ခတွေကိုကြံ့ကြံ့ခံ ပြီး ရိုးရိုးသားသားနဲ့ အိမ်ထောင်သည် ဘ၀ကိုဖြတ်သန်းနေသူတွေလည်း ရှိပါတယ်။ အဲဒီဒုက္ခတွေမခံနိုင်လို့ အိမ်ထောင်မပြုသေးတာလို့’’ ပြန်ဖြေသည်။
လက်ရှိတွင် အိမ်ထောင်ပြုရန် စဉ်းစားထားသူများအတွက် အဓိက အတားအဆီးက အိမ်ငှားခများနှင့် ကုန်ဈေးနှုန်းဟုဆိုရမည်။ လတ်တလောတွင် အိမ်ငှားခများ တစ်နှစ်ထက်တစ်နှစ် ဈေးပိုတက်လာပါသည်။ သင့်သင့်တင့်တင့်နှင့် သွားလာရေး အဆင်ပြေသည့် ငါးလွှာခြောက်လွှာက တိုက်ခန်းဆိုလျှင်ပင် နေရာပေါ်မူတည်၍ အနည်းဆုံးခြောက်သောင်းမှ သိန်းဂဏန်းရှိပါသည်။
အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဈေးဖိုးကလည်း တစ်လလျှင် တစ်သိန်းခွဲမှနှစ် သိန်းခွဲသုံးသိန်းကြား ဖြစ်နေသည်။ လမ်းစရိတ်ကလည်း တစ်နေ့လျှင် ငါးရာတစ်ထောင်နှုန်းဖြင့် တစ်လလျှင် တစ်သောင်းကျော်နှစ်သောင်းဝန်းကျင် ရှိနေသည်။ ၅၀တန် ကားရှားပြီး ၂၀၀တန်ကားများ နေခြင်းကလည်း ခရီးစရိတ် ပိုတက်လာစေသည်။
ထို့ကြောင့် အိမ်လခနှင့် ဈေး ဖိုး၊ လမ်းစရိတ်များတွက်ပါက တစ်အိုးတစ်အိမ်ထူထောင်ရန်မှာ တစ်လပျှမ်းမျှဝင်ငွေ အနည်းဆုံး ၃သိန်းနှင့် အထက်ရမှသာလျှင် မချေးမငှားရဘဲ ချောင်လည်နိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသူအချိုး ပိုမိုများပြားနေပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်လည်း တဖြည်းဖြည်း မြင့်မားလာနေသည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် ‘‘မွေးဖွားမှုနှင့် မျိုးဆက်ပွားကျန်းမာရေး’’ စစ်တမ်း ကဖော်ပြခဲ့သည်။
အိမ်ထောင်မပြုသူအချိုးပိုများပြီး အိမ်ထောင်ပြုသည့် အသက်အရွယ် မြင့်မားလာနေသည့်အကြောင်းရင်း တွင် စားဝတ်နေရေးက အဓိကပြဿနာ အဖြစ်ပါဝင်နေကြောင်းကိုလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားပါသည်။
စစ်တမ်းကို ၂၀၀၇ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မွေးဖွားမှု နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ထွက်ရှိထားသည့် စစ်တမ်းလည်းဖြစ်သည်။
စစ်တမ်းအရ အသက်၁၅မှ ၁၉ နှစ်အတွင်း အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခု နှစ်က ၇၈ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ၈ရာခိုင်နှုန်း၊  အသက် ၂၀မှ၂၄နှစ်အတွင်း အမျိုးသမီး များတွင် ၃၅ဒသမ၅ရာခိုင်နှုန်းမှ ၆၇ဒသမ၉ ရာခိုင်နှုန်း၊ အသက် ၄၅ မှ၄၉နှစ်အတွင်း အမျိုးသမီးများတွင် ၅ဒသမ၉ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၄ ဒသမ ၈ရာခိုင်နှုန်းသို့ အသီးသီးမြင့်တက်လာကြောင်း ဖော်ပြထားသည်။
ထို့အပြင် အသက်၁၅မှ၁၉နှစ် အတွင်းရှိ အမျိုးသားများတွင် အိမ် ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ဒသမ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ခုနှစ်တွင် ၉၅ဒသမ၉ရာခိုင် နှုန်းသို့လည်းကောင်း၊ အသက် ၂၀ မှ၂၄နှစ်အတွင်းရှိ အမျိုးသားများ တွင် ၅၅ဒသမ၂ရာခိုင်နှုန်းမှ ၇၆ဒ သမ၇ရာခိုင်နှုန်း သို့လည်းကောင်း၊ အသက်၄၅မှ၄၉နှစ်အတွင်းရှိ အမျိုး သားများတွင် ၃ဒသမ၅ရာခိုင်နှုန်းမှ ၇ဒသမ၅ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ပါသည်။
စစ်တမ်းတွင်၁၉၇၃ခုနှစ်က အ မျိုးသမီးများ၏အိမ်ထောင်ပြုသည့် အသက်အရွယ်သည် ၂၁နှစ်ဝန်းကျင် ဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ပါသည်။ အလားတူ အမျိုးသားများတွင်လည်း ၂၃ နှစ်ဝန်း ကျင်မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ်ဝန်း ကျင်သို့ မြင့်တက်ခဲ့ပါသည်။
အိမ်ထောင်မပြုသူအချိုးများ လာခြင်းသည် အကြောင်းရင်းများစွာ ရှိပါသည်။ အဓိကသည် စားဝတ်နေရေးပြဿနာ များလာခြင်း၊ လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ ပညာရေးနှင့် စီးပွားရေးအား ပိုမိုဦးစားပေးလာခြင်း များရှိသည်။ ပညာရေးမြင့်သူများကို ကြည့်ပါကလည်း ပညာရေးမြင့်လေ တစ်ဦးတည်းနေချင်လေ ဖြစ်လာခြင်းတို့ကြောင့် အိမ်ထောင်မပြုသူ အချိုးများ လာကြောင်းကိုလည်း ကုလသမဂ္ဂလူ ဦးရေ ရန်ပုံငွေအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ဖူးသည်။
ထို့ပြင်ယနေ့ခေတ်၌ အိမ်ထောင်ပြုသူများတွင် ကလေးယူနှုန်းနည်း လာပါသည်။ ယနေ့ခေတ် အိမ် ထောင်ရေးကို ဒဿနအဖြစ်ခြုံငုံ စဉ်းစားကြည့်ပါက ယခင်ထက်တွက်ချက် ရမှုပိုများလာခဲ့သည်။
မြို့ပြနှင့်ကျေးလက်ဒေသများတွင် အိမ်ထောင်ပြုသည့် အသက်အရွယ်သည် အမျိုးသမီးများတွင်၂၁နှစ် ၀န်းကျင်ရှိခဲ့ရာမှ၂၆ နှစ်ဝန်းကျင်သို့ လည်းကောင်း၊ အမျိုးသားများတွင်  ၂၄နှစ်ဝန်းကျင်ရှိခဲ့ရာမှ ၂၈နှစ်ဝန်းကျင် သို့လည်းကောင်း မြင့်တက်လာသည် ဟုလည်း စစ်တမ်းတစ်စောင်က ဖော် ပြထားပါသည်။
ကျွန်တော်ကိုယ်တိုင် စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်းများအကြား အမြဲချိန်ဆတွက်ချက် သုံးစွဲနေရသည့် အိမ်ထောင်သည် ဖြစ်သောကြောင့် အိမ်ထောင်ပြုရန်အတွက် အစစ အရာရာကို စဉ်းစားနေသူများကို ကိုယ်ချင်းစာမိသည်။
ထိုကိုယ်ချင်းစာစိတ်ဖြင့် ၀ါကျွတ်သော်လည်းလူပျိုကြီး အပျိုကြီး ဘ၀မှမကျွတ်သေးမည့်သူများ အမြန်ဆုံးကျွတ်ပါလွတ်ပါစေဟု ဆုတောင်းမှုနှင့်အတူ ပြည်သူအများသည်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ခံစားနေရ ခြင်းမှ အမြန်ဆုံးကျွတ်ပါလွတ်ပါစေ ဟု ဆုတောင်းလျက်. . .
 http://news-eleven.com/index.php?option=com_content&view=article&id=15952:2012-10-10-07-41-16&catid=104:life&Itemid=175

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis