menu

Thursday 11 October 2012

နာမည်ကျော်စွန့်စားသူနှင့် မျက်လှည့်ဆရာ ဒေးဗစ်ဘလိန်း သုံးရက်ကြာ မအိပ်မစား မတ်တပ်ရပ်ကာ ဗို့အားတစ်သန်းလျှပ်စစ်ဖြတ်စီးစေသည့် စွန့်စားမှုပြုလုပ်





wmt1
ဗို့အားတစ်သန်း လျှပ်စစ်ဖြတ်မစီးမီ စမ်းသပ်မှုပြုလုပ်နေစဉ်
အရှင်လတ်လတ် မြေမြှုပ်ခံခြင်း၊ အချိန်ကြာမြင့်စွာ ဇောက်ထိုးနေခြင်း၊ ရေခဲအတွင်း လဲလျောင်းခြင်း  စသည့်စွန့်စားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထင်ရှားသည့် အမေရိကန်မျက်လှည့်ဆရာနှင့် စွန့်စားသူ ဒေးဗစ်ဘလိန်းသည် သုံးရက်ကြာ မအိပ်မစားဘဲ မတ်တပ်ရပ်ကာ ဗို့အားတစ်သန်းရှိ လျှပ်စစ်ဓာတ်အားဖြတ်စီးစေသည့် စွန့်စားမှုကို အောက်တိုဘာလ ၅ ရက်နေ့တွင် စတင်ခဲ့သည်။
နယူးယောက်ရှိ ဟက်ဒ်ဆန် မြစ်နံဘေးတွင်  ပြုလုပ်သည့် စွန့်စားမှုတွင် ဘလိန်းသည်  အထူးပြုလုပ်ထားသည့် သတ္တုဝတ်စုံကို ၀တ်ဆင်ခဲ့သည်။
ကွေးနိုင်ဆန့်နိုင်သည့် သံမဏိကွင်းများဖြင့် ပြုလုပ်ထားသည့် ၀တ်စုံ၊ သံဆိုးပြားပါသည့် ဖိနပ်၊ လှောင်ချိုင့်နှင့်တူသော ခေါင်းစွပ်တို့သည် ဘလိန်း၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စစ်ဖြတ်စီးစေမည်ဖြစ်သော်လည်း ဘလိန်းကို ဓာတ်လိုက်စေမည်မဟုတ်ပေ။
သို့ရာတွင် အနည်းငယ် အမှားအယွင်းရှိသည်နှင့် ဓာတ်လိုက်သေဆုံးနိုင်သည်။
ခေါင်းစွပ်မှာဖွင့်၍ရပြီး ပိုက်မှတစ်ဆင့် ရေသောက်နိုင်မည်ဖြစ်သော်လည်း သူ၏လုံခြုံရေးအဖွဲ့က သေချာစွာစောင့်ကြည့်ပေးနေရမည် ဖြစ်သည်။ အလွန်အမင်းမောပန်း လာချိန်တွင် လျှပ်စစ်စီးနေသော သံမဏိကွင်းများပါရှိသည့် လက်အိတ်စွပ်ထားသော လက်ချောင်းများဖြင့် မျက်နှာကိုယောင်ပြီး သပ်လိုက်မိလျှင်ပင် ဓာတ်လိုက်ပြီး အသက်ဆုံးသွားနိုင်သည်။
"နှာချေမိလိုက်တယ်ဆိုရင်တောင် ဓာတ်လိုက်သွားနိုင်ပါတယ်" ဟု ဘလိန်းကဆိုသည်။
ဘလိန်း၏စွန့်စားမှုများ
wmt2
ပလတ်စတစ်ခေါင်းအတွင်း ခုနစ်ရက်ကြာ အမြှုပ်ခံခြင်း
အရှင်လတ်လတ်မြေမြှုပ်ခံခြင်း - ၁၉၉၉ ခုနှစ်တွင် ဘလိန်းသည် ရေသုံးတန်ရှိသည့် ကန်တစ်ကန်၏အောက်၊ ပလတ်စတစ်ခေါင်း အတွင်းတွင် ၇ ရက်ကြာ အမြှုပ်ခံခဲ့သည်။ ခုနစ်ရက်အတွင်း တစ်နေ့လျှင် ရေလက်ဖက်ရည်ဇွန်း နှစ်ဇွန်းသာ သောက်ခဲ့သည်။
ရေခဲအတွင်းလဲလျောင်းနေခြင်း - ၂၀၀၀ ပြည့်နှစ်တွင် နယူးယောက်မြို့ တိုင်းစကွဲယားတွင် ရေခဲတုံးကြီးအတွင်း လဲလျောင်းနေမှုကို  ၆၃ နာရီ ၄၂ မိနစ် ၁၅ စက္ကန့် အကြာမျှ ပြုလုပ်ခဲ့သည်။ အသက်ရှူရန် ပန်တစ်ခုနှင့် ဆီးသွားရန်ပန်တစ်ခုကိုမူ တပ်ဆင်ပေးထားခဲ့သည်။ ရေခဲအတွင်းမှ ပြန်ထွက်လာနိုင်ရန် ရေခဲထုကြီးကို လွှစက်ဖြင့်ထိုးခွဲခဲ့ရသည်။
wmt
ပေ ၁၀၀ မြင့် တိုင်ပေါ်တွင် ၃၅ နာရီကြာရပ်နေခဲ့စဉ်
တိုင်ပေါ်တွင် ၃၅ နာရီကြာရပ်ခြင်း - ၂၀၀၂ ခုနှစ်တွင် ဘလိန်းသည် နယူးယောက်ရှိ ဘရိုင်းယန့်ပန်းခြံရှိ ပေ ၁၀၀ မြင့်ပြီး အထူ ၂၂ လက်မ သာရှိသော တိုင်ပေါ်သို့ ကရိန်းဖြင့် တက်သွားခဲ့သည်။ ရာသီဥတုဆိုးပါ က ကိုင်ထားရန်တိုင်ထိပ်တွင် ဆွဲထုတ်နိုင်သော လက်ကိုင်နှစ်ခုတပ် ပေးထားသော်လည်း ကျောမှီစရာ ပေးမထားဘဲ အလွတ်ရပ်နေရခြင်းဖြစ်ကာ ရာသီဥတုဆိုးရွားသည့်ကြားမှ ၃၅ နာရီကြာရပ်နိုင်ခဲ့သည်။
wmt3
သိမ်းမြစ်နံဘေး အလုံပိတ်ခန်းတွင်း ၄၄ ရက်ကြာ အစားမစားဘဲနေထိုင်မှု
အလုံပိတ်အခန်းတွင်း အစာမစားဘဲ ၄၄ ရက် ကြာနေထိုင်ခြင်း - ၂၀၀၃ ခုနှစ်တွင် လန်ဒန်ရှိ သိမ်းမြစ်ကမ်းနံဘေးတွင် ပြုလုပ်ခဲ့သော စွန့်စားမှုဖြစ်သည်။ ဘလိန်းသည် လေထုတွင်း ပေ ၃၀ အမြင့်တွင် တွဲလွဲဆွဲထားသော ဖန်အိမ် အတွင်းတစ်နေ့လျှင် ရေလေးလီတာ ခွဲသောက်ကာ အစာမစားဘဲ ၄၄ ရက်ကြာနေခဲ့ခြင်း ဖြစ်သည်။
နာရီ ၆၀ ကြာတွဲလောင်းနေခြင်း - ရေထဲတွင် ၁၇ မိနစ် ၄ စက္ကန့်ခွဲမျှ အသက်မရှူဘဲနေပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင်ခြင်းအပါအ၀င် အခြားစွန့်စားမှုများစွာကိုလည်း ပြုလုပ်ခဲ့သည်။
Ref: AFP
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis