menu

Saturday 13 October 2012

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦးအကြောင်း တစေ့တစောင်း

ဦးတေဇ
 
ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပဆက်ဆံ ရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော် သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက်ဖြစ်ပါသလဲ။

မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင် ရှိနေ၏။ ထိုအရပ်တွင်တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။

သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီးယမန်နေ့ည၌ကျင်းပခဲ့သော ရော့ခ်ရှိုးပွဲတခုမှတေးသံများကလည်း သူ၏နားထဲတွင်ကြားယောင်နေဆဲဖြစ်သည်။ ရဟတ်ယာဉ်သည် တဖြည်းဖြည်းနှင့် အမြင့်ပေ (၁၅၀၀၀) ခန့်ရောက်လာသောအခါ မညီမညာဖြစ်နေသော ရေကန်၏မျက်နှာပြင်ကို သူ့စိတ်ကြိုက်ဓါတ်ပုံများရိုက်ယူခဲ့သည်။
ကံမကောင်းလှစွာပင် ထိုမှမိနစ်ပိုင်းအတွင်းတွင် ရဟတ်ယာဉ်ပိုင်းလော့မှ ရဟတ်ယာဉ်အားဝေဟင်တွင်ဆက်လက်ထိန်းမထားနိုင်တော့ပဲ တောင်ပေါ်တနေရာသို့ပျက်ကျသည့်အနေအထားနှင့်ဆင်းသက်မှု (Crash-landing) ပြုခဲ့ရသည်။

ဦးတေဇနှင့်အခြားသူများအားလုံးသည် ရဟတ်ယာဉ်ပျက်အတွင်းမှ တိုးထွက်ခဲ့ကြရပြီး ၄င်းတို့တွင်ပါရှိသည့်တရုတ်နိုင်ငံလုပ်ဖုန်းတလုံးမှတဆင့် အရေးပေါ်အကူအညီတောင်းခံမှု (Distress Call)အားပေးပို့ခဲ့ကြသည်။ ၄င်းတို့၌ ရိက္ခာအနေနှင့်လည်း သကြားလုံး လက်တဆုပ်စာနှင့် သောက်ရေနှစ်ပုလင်းသာရှိနေခဲ့ပြီး ခြေကျင်းဝတ်မြုပ်သောနှင်းထုထဲတွင် နေနေကြရသည်။

အဖြစ်ကမနှစ်ကနဲ့မတူဆိုသလိုပင် ယောက်ျားငါးဦးနှင့်မိန်းမတဦး စုစုပေါင်း (၆) ဦးပါဝင်သော သူတို့အဖွဲ့အနေနှင့် တဝှီးဝှီးနှင့်တိုက်ခတ်နေသည့် ရေခဲမတတ်အေးမြသော တောင်ပေါ်လေ၏ အအေးဒဏ်မှ သက်သာရာရရန် အမြင့်ပေ(၁၂၀၀၀) တွင်ရှိသည့် ကျောက်တုံးတတုံး၏နောက်တွင် ပူးကပ်နေခဲ့ကြရသည်။ အိပ်ပျော်သွားပါက သွေးခဲပြီးအသက်ရှူရပ်တန့်သွားနိုင်၍ မအိပ်ပဲနိုးနေစေရန် တဦးနှင့်တဦး အချိန်ငါးမိနစ်ခန့်ကြာမြင့်တိုင်း အပြန်အလှန်သတိပေးနေခဲ့ကြရသည်။ ဦးတေဇသည်လည်း ၄င်းတို့အနေနှင့်ကြာကြာခံမည်ဟု မထင်လှတော့။

ထိုအကျပ်အတည်းစတင်ဖြစ်ပွားပြီး သုံးရက်ခန့်အကြာတွင်မှ ၄င်းတို့အားလုံးကို ထိုတောင်ပေါ်မှ အသက်ရှင်လျက်နှင့် ကယ်ဆယ်နိုင်ခဲ့သည်။ ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ အချမ်းသာဆုံးလုပ်ငန်းရှင်တဦး၏ရဟတ်ယာဉ်ပျက်ကျမှုသတင်းသည် မြန်မာပြည်တွင်း လမ်းများပေါ်နှင့် နိုင်ငံတကာသို့ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် ရဟတ်ယာဉ်တစီးနှင့်အတူ မြန်မာစစ်တပ်မှလည်း မြေပြင်တပ်များနှင့် လေတပ်ဖွဲ့များအားဖြန့်ချ၍ ဦးတေဇတို့အားရှာဖွေနေခဲ့ကြသည်။ ရဟတ်ယာဉ်ပေါ်တွင်ပါရှိသူ ခြောက်ဦးလုံးတွင် သာမန်အသေးစားထိခိုက်ဒဏ်ရာများသာရကြပြီး အားလုံးအသက်ရှင်လွတ်မြောက်ခဲ့ကြသည်။ သို့သော် ရဟတ်ယာဉ်ပိုင်းလော့မှာမူ နှင်းကိုက်သောဒဏ်ကြောင့် နောက်ပိုင်းတွင် ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့သည်။(ထိုပိုင်းလော့နှင့်မိသားစုအတွက် ရေရှည်ထောက်ပံ့မှုများ ပေးရန် ဦးတေဇမှစီစဉ်ခဲ့သည်ဟု နောက်ပိုင်း၌ မြန်မာမီဒီယာများတွင်သတင်းထွက်လာခဲ့သည်။)

ဘေးဒုက္ခကြီးတခုမှလွတ်မြောက်ခဲ့သော ဦးတေဇအဖို့ ထပ်မံပေါ်လာမည့် အလားအလာရှိသော အခြားဘေးဒုက္ခတခုကို ထိန်းနိုင်ပါမည်လားဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။ ရက်စက်ကြမ်းကြုတ်လှသော စစ်ဘက်အုပ်စိုးမှုအောက်တွင် ကျရောက်နေသည့် ဘားမား (Burma) ဟု အနောက်တိုင်းအသိုင်းအဝိုင်းမှအသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံတွင် ဦးတေဇသည် သူ၏နိုင်ငံရေးအဆက်အသွယ်များမှတဆင့်ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်သည်။ သို့သော် ထိုအောင်မြင်မှုကြောင့်ပင် မြန်မာစစ်တပ်၏ဖိနှိပ်မှုလက်အောက်မှမြန်မာပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အဓိကကူညီထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများမှအစိုးရများ၏ စောင့်ကြည့်မှုအောက်သို့ရောက်လာခဲ့စေပြီး သူ၏ထူးလုပ်ငန်းစုဝင်(Htoo Group) ကုမ္ပဏီများအား ပစ်မှတ်ထားပိတ်ဆို့မှုခံခဲ့ရသည်။

သူသည်လက်နက်ကုန်သည်တဦးဖြစ်ပြီး မြန်မာနိုင်ငံအားရက်စက်မှုဖြင့်ဖိနှိပ်အုပ်စိုးနေသည့် စစ်အစိုးရအားဘဏ္ဍာငွေရှာပေးနေသည့် အမာခံဘက်တော်သားတဦးဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနမှအတည်ပြုသတ်မှတ်ထားပြီးဖြစ်သည်။ ဦးတေဇ၏ပိုင်ဆိုင်မှုတန်ဖိုးအားခန့်မှန်းချက်နှင့်ပတ်သက်၍ အငြင်းအခုံဖြစ်နေကြဆဲဖြစ်ပြီး၊

သန်းပေါင်းများစွာသောမြန်မာပြည်သူများအနက်အများစု၏ တနေ့ဝင်ငွေမှာအမေရိကန်ဒေါ်လာတဒေါ်လာအောက်သာရှိနေချိန်တွင် မြန်မာပြည်သူများကို ဆင်းရဲတွင်းထဲသို့တွန်းပို့ထားသောစစ်အစိုးရနှင့်အလွမ်းသင့်လှပြီး အီတလီပြိုင်ကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် အဖိုးတန်ဝိုင်များကို ဝယ်ယူထားသော သူ၏အသုံးအဖြုန်းကြီးလှသည့် နေထိုင်မှုပုံစံသည် တကမ္ဘာလုံးရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်ကြသူများအားလုံး၏ ပစ်မှတ်တခုဖြစ်လာခဲ့ရခြင်းမှာလဲ သိပ်တော့မဆန်းလှပါ။
ယခုမူ ထိုရက်စက်ကြမ်းကြုတ်လှပြီးလူမုန်းများလှသောစစ်အုပ်စုဝင်အများစုမှာ လူဝတ်လဲ၍အလျှိုလျှိုလစ်ထွက်သွားကြပြီဖြစ်၍ ဘတ်ဂျက်လိုငွေ အကြီးအကျယ်ပြနေသည့်အချိန်တွင် အခွံသာကျန်တော့သည့် နိုင်ငံ့ဘဏ္ဍာတိုက်ကြောင့် ရှေ့လျှောက်အသက်ဆက်နိုင်ရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများနှင့် အရပ်သားများပါဝင်သော ဖားတပိုင်းငါးတပိုင်းအစိုးရမှ မြန်မာစီးပွားရေးအားဖွင့်ချရန် စတင်ကြိုးပမ်းလာနေခဲ့ပြီဖြစ်သည်။ ရလာဒ်မှာ ပွင့်လာမည်ဖြစ်သည့်နေရာများကိုရယူရန် တွန်းတိုက်လှုပ်ရှားလာနေသည့် စင်ပြိုင်လုပ်ငန်းရှင်များ၏အကြိုက်ဖြစ်လာပြီး၊ အာဏာရှင်ဟောင်းနှင့်ဗိုလ်ချုပ်ဟောင်း သန်းရွှေ၏အရေးပေးမှုကိုရရှိနေခဲ့သည့်ဦးတေဇနှင့်အခြားခရိုနီများအားလုံး၏ အောက်မှထောက်ပေးထားသောဒေါက်သည်လည်း နေရာရွေ့စပြုလာပြီဖြစ်သည်။

ဖခင်ဖြစ်သူ ဒေးဒလပ်စ် (Daedalus) ၏စကားကိုလျစ်လျူရှုပြီး နေနှင့်နီးကပ်စွာပျံသန်းမိ၍ ၄င်း၏ကိုယ်ပေါ်တွင်တပ်ဆင်ထားသော အတောင်ပံတုအားဆက်ထားသောနေရာများရှိ ဖယောင်းများအရည်ပျော်ကျကာ အေဂျီယန်ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည့် ဂရိဒဏ္ဍာရီလာ အစ်ကရပ်စ် (Icarus) ကဲ့သို့ပင် ဦးတေဇသည်လည်း နေနှင့်နီးကပ်စွာပျံသန်းနေခဲ့လေ၏။

သူ့အားအမြတ်အစွန်းကြီးမားစွာရရှိစေခဲ့သည့် သစ်ထုတ်လုပ်ခွင့်များ၊ ရတနာတူးဖေါ်ထုတ်လုပ်ခွင့်များနှင့် သွင်းကုန်လိုင်စင်များအား ပံ့ပိုးမှုများပေးထားသည့် မြန်မာစစ်ဗိုလ်ချုပ်များ၏ တိုက်တွန်းမှုကြောင့်အပြန်အလှန်အားဖြင့် ဦးတေဇသည်လည်း စီးပွားရေးပိတ်ဆို့ခံရမှုများကြောင့် သေချာပေါက်အရှုံးပေါ်မည့်လေကြောင်းလိုင်းထောင်ခြင်း၊ ဟိုတယ်များဖွင့်လှစ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် ဦးတေဇအနေနှင့် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာနေပြီး အချိန်အတိုင်းအတာတခုအတွင်း ပြည်ပမှအရင်းအနှီးများ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်လာမည့် အလားအလာရှိသည့် ပြိုင်ဘက်သစ်များနှင့်ယှဉ်ပြိုင်ရန်လည်းကောင်း၊ မြန်မာ့စီးပွားရေးခေတ်ပြောင်းကာလတွင် ရှေ့ကျသောနေရာမှ ပါဝင်လုပ်ဆောင်နေသော သူ့အနေနှင့် ယခုအခါ နိုင်ငံရေးအလှည့်အပြောင်းများတွင် ထိခိုက်ဆုံးရှုံးရန်လွယ်ကူလှသော သူ၏ဖောင်းပွနေသည့် စီးပွားရေးအင်ပါယာအား ထိန်းချုပ်စီမံရန်အားလည်းကောင်းကြိုးပမ်းရတော့မည်ဖြစ်သည်။

သူ့အနေဖြင့်လာမည့်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်နေပြီး “မိမိတို့သည်ယှဉ်ပြိုင်ရခြင်းကိုနှစ်သက်ပြီး မျှတသောယှဉ်ပြိုင်မှုကိုသာလိုလားသည်” ဟု စင်္ကာပူနိုင်ငံရှိ၊ မာရီနာဘေးဆဲန်းစ်ဟိုတယ် (Marina Bay Sands Hotel)တွင် ဖိုးဘီးစ်-အာရှမဂ္ဂဇင်း (FORBES ASIA) နှင့်တွေ့ဆုံပြုလုပ်ခဲ့သည့် ရှားရှားပါးပါးအင်တာဗျူးတခုတွင်ဂျင်းဘောင်းဘီအနက်၊ ဆွယ်တာအပါးတထည်နှင့် အပေါ့စားရှူးဖိနပ်ကိုဝတ်ဆင်ထားသော ဦးတေဇမှဆိုခဲ့သည်။
ယခင်က FORBES ASIA နှင့် ရန်ကုန်မြို့တွင်ပြုလုပ်ရန်စီစဉ်ထားပြီးမှ မလုပ်ဖြစ်ခဲ့သော အင်တာဗျူးတခု အတွက်လည်း ဦးတေဇမှ တောင်းပန်စကားဆိုခဲ့သည်။ နေ့လယ်စာစားချိန်နှင့် နှစ်နာရီကြာအင်တာဗျူးအချိန်ကာလတိုအတွင်း သူ၏ဘဏ္ဍာရေးအဆင့်အတန်း အနေအထားနှင့်ပတ်သက်၍ ရေရေရာရာရှင်းပြရန်ကိုမူ ဘာကြောင့်မှန်းမသိ နှုတ်ဆိတ်နေခဲ့သော ဦးတေဇအနေနှင့် အခြားမရှင်းမရှင်းဖြစ်နေသည်များကိုသာ ရှင်းလင်းရန်အားသန်နေခဲ့သည်

ထူးလုပ်ငန်းစုအနေနှင့် နှစ်စဉ်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း (၅၀၀) ရှိသည်ဟု (၂၀၁၁) ဧပြီလတွင်အီတလီသတင်းစာတစောင်အား ဦးတေဇမှပြောကြားခဲ့သောကြောင့် ထူးလုပ်ငန်းစုသည် မြန်မာနိုင်ငံ၏အကြီးဆုံးသောမဟာလုပ်ငန်းစုကြီး (Conglomerates) ဖြစ်သည် ဟုဆိုရမည်ဖြစ်သည်။ သူ့အနေနှင့် ထူးလုပ်ငန်းစု၏ဦးဆောင်ကုမ္ပဏီ၌အများဆုံးရှယ်ယာ ပိုင်ဆိုင်သူဖြစ်သည်ဟု ဦးတေဇမှဆိုခဲ့သော်လည်း ထူးလုပ်ငန်းစုမှရရှိသည့် အမြတ်အစွန်းပမာဏနှင့်ထိုလုပ်ငန်းစု၏ဥက္ကဋ္ဌအတွက် အသားတင်အကျိုးအမြတ် မည်မျှထပ်တိုးရရှိလာခဲ့သည်ဆိုသည်ကား မသဲကွဲပေ။မြန်မာနိုင်ငံတွင်းရှိ ကုမ္ပဏီအများစုသည် ၄င်းတို့၏ဘဏ္ဍာရေးအချက်အလက်များကို ထုတ်ပြန်လေ့မရှိကြပဲ၎င်းတို့၏အစုရှယ်ယာပိုင်ဆိုင်မှုများကိုလည်း ဖေါ်ပြလေ့မရှိကြပေ။

ပြင်သစ်တိုတယ် (Total) ရေနံကုမ္ပဏီနှင့်ပူးပေါင်း၍ သဘာဝဓါတ်ငွေ့တူးဖေါ်ထုတ်လုပ်နေသော ရှက်ဗရွန်ရေနံကုမ္ပဏီ(Chevron) တခုတည်းအား ချွင်းချက်ပေးထားသည့် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမှ မြန်မာပြည်အားပိတ်ဆို့ထားမှုမှန်သမျှကို ခါးသီးစွာဆန့်ကျင်လေ့ရှိသူတဦးဖြစ်သည်။ အနောက်နိုင်ငံများမှအစိုးရများသည် အချက်အလက်မှန်များကို မျက်ကွယ်ပြုထားသည်ဟု ဦးတေဇမှစွပ်စွဲ၏။ သူ့အနေနှင့် မြန်မာစစ်တပ်အား ရဟတ်ယာဉ်များသာရောင်းချခဲ့ပြီး လက်နက်ခဲယမ်းများရောင်းချခဲ့ခြင်းမရှိပဲ အများထင်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေမှ အကြီးအကျယ်မြှောက်စားခံရသူလည်းမဟုတ်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေ၏သားမက်လည်းမဟုတ်၊ လက်နက်ကုန်သည်လည်းမဟုတ်ပဲ နာမည်ကြီးထမင်းငတ်သာ ဖြစ်သည်ဟုဆို၏။ သူပြောသလိုဟုတ်မဟုတ်ဆိုသည်ကားသူနှင့်နီးစပ်သူများ၊ အနောက်နိုင်ငံအစိုးရများနှင့် ၄င်းတို့၏နာမည်ကျော် ထောက်လှမ်းရေးအဖွဲ့အစည်းများမှသာအသိဆုံးဖြစ်ပေမည်။

DK၊ ၊ ဦးတေဇ ဆိုသည်မှာ ဘယ်လိုလူမျိုးဖြစ်ပါသလဲ?
ဦးတေဇအား ဗိုလ်တေဇ ဟူ၍လည်း အမည်ရသော မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သော စစ်ဘက်အရာရှိတဦးမှ (၁၉၆၄) ခုနှစ်တွင် မွေးဖွားခဲ့သည်။ တေဇဆိုသည်မှာသင်္ကရိုက် ဘာသာ စကား မှဆင်းသက်လာခြင်းဖြစ်ပြီး လင်းလက်မှု (သို့) တောက်ပမှု ဟုအဓိပ္ပာယ်ရလေသည်။

ဗြိတိသျှ အင်ပါယာမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီးဆဲဆဲ (၁၉၄၇) ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အား နိုင်ငံရေးပြိုင်ဘက်တဦး ဖြစ်သည့် ဂဠုန်ဦးစောမှ လုပ်ကြံခဲ့သည်။ သို့သော်လည်းမိသားစုနှစ်စု၏ ဆက်ဆံရေးမှာ ယခင်အတိုင်းပင် ထဲထဲဝင်ဝင် ရှိနေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီရေး နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှာမူနောက်ပိုင်းတွင် ဖခင်ဖြစ်သူ ထက်ပင် ကမ္ဘာ တဝှမ်း လုံး ၌ ထင်ရှား ကျော်ကြား လာခဲ့ လေသည်။
စစ်အရာရှိ တဦးဖြစ်သည့် ဖခင်၏ ခြေရာနင်းရန် အတွက် ဦးတေဇသည် စစ်တက္ကသိုလ် (DSA) အားတက်ရောက်ခဲ့သည်။

သို့သော်လည်း စစ်တက္ကသိုလ်၊ တတိယနှစ် အရောက် တွင် နှစ်ဖက်မိဘများကန့်ကွက် နေသည့် ကြားမှ ၄င်း၏ ချစ်သူ ဒေါ်သီတာဇော် အား လက်ထပ်ခဲ့၍ ကျောင်းမှထွက်ခဲ့ရသည်။ (ဦးတေဇသည် ဇနီးဖြစ်သူနှင့် ၂၀၀၀ ခုနှစ်တွင် ကွာရှင်းခဲ့သည်။)
ထို့နောက် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ပတ်သက်ခြင်း မပြုမီထိ စီးပွားရေး အနည်းအကျဉ်းလုပ်နေခဲ့၏။ (၁၉၈၈) တွင် မြန်မာနိုင်ငံတွင်း၌ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း နေဝင်း၏အုပ်စိုးမှုအား ပြည်သူလူထုမှ အုံကြွတော်လှန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်းအတိုက်အခံအင်အားစု ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ “ အဲဒါကျနော်တို့မျိုးဆက်ပါပဲ ” ဟု လမ်းပေါ်ဆန္ဒ ပြပွဲများတွင် ပါဝင်ခဲ့သူတဦး ဖြစ်သူ ဦးတေဇမှ ဆိုသည်။

နောက်ပိုင်းတွင် (၁၉၈၉ ၌ ဗိုလ်ချုပ်ဟောင်း စောမောင်ဦးဆောင်သော စစ်အာဏာသိမ်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီးထိန်းသိမ်းခြင်း မပြုမီအချိန်ထိ)ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့ပြင် ရှိ ဦးတေဇတို့ မိသားစု၏ နေအိမ်တွင် နေထိုင်ခဲ့ပြီး သူမအား မိမိ၏ကားဖြင့် လိုက်လံ ပို့ဆောင်ပေးလေ့ ရှိခဲ့သည်ဟု ဦးတေဇမှဆို၏။
၁၉၆၂ တွင် စတင်အာဏာသိမ်းကာ လူပေါင်းများစွာကို ဖမ်းဆီး၊နှိပ်စက်၍ ထောင်ချခြင်း၊သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သော ပထမမျိုးဆက် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော ဆိုရှယ်လစ် အမည်ခံ စစ်အစိုးရလက်အောက် တွင် မြန်မာ ပြည်သူများ၏ဘဝများ အစစအရာရာ နိမ့်ကျခဲ့ပြီး အတိဒုက္ခရောက်ခဲ့ကြရသည်။ အာဏာရှင် ဦးနေဝင်းသည်လည်း ၄င်းစင်တင်ပေးခဲ့သည့် ဗိုလ်ချုပ်သန်းရွှေ၏ လက်စာမိကာ အသေထွက်ထွက်သွားပြီးနောက် သားမက်ဖြစ်သူ အေးဇော်ဝင်းနှင့် မြေးများဖြစ်သော အေးနေဝင်း၊ကျော်နေဝင်း၊ ဇွဲနေဝင်း တို့အား အင်းစိန်ထောင်တွင်းရှိ သီးသန့်ထောင်၌ ယခုချိန်ထိအကျဉ်းချထိန်းသိမ်း ခံနေရသည်။ တချိန်က မောက်မာလှခဲ့သော ဦးနေဝင်း ၏သမီးဖြစ်သူ စန္ဒာဝင်းသည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး နောက်၊ ယခင်အိမ်မကြီးတွင်ပင် မနေရပဲ အလုပ်သမားတန်းလျားတွင် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟုပြည်ပမီဒီယာများတွင် သတင်းထွက်ပေါ်လာခဲ့သည်။

၁၉၈၈ တွင် အနည်းဆုံး မြန်မာပြည်သူ တသောင်းကျော်အား ပစ်ခတ်သတ်ဖြတ်၍ လူပေါင်းများစွာတို့အား မတရားထောင်ချ နှိပ်စက်၍ အာဏာသိမ်းခဲ့သော န.ဝ.တ – စစ်အစိုးရ၏ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောမောင်အား ရူးသွပ်နေသည်ဟု ၄င်း၏လက်ထောက်ဖြစ်သူ ဗိုလ်ချုပ် သန်းရွှေမှ ပရိယာယ်ဆင်ဖြုတ်ချခဲ့ပြီး၊ မထင်မရှားဇာတ်သိမ်းခဲ့သည်။ န.ဝ.တ(အတွင်းရေးမှူး-၂) ဖြစ်သူ ဗိုလ်ချုပ်တင်ဦးသည် ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံး၍ ၄င်း၏သမီးမှာလည်း ပါဆယ်ဗုံး ကြောင့်သေဆုံးခဲ့ရသည်။

အာဏာ ပါးကွက်သား ဟု နာမည်ဆိုးနှင့် ကျော်ကြားပြီး မြန်မာ ပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် စစ်အရာရှိများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရသည့် န.ဝ.တ (အတွင်းရေးမှူး-၁) ဖြစ်သူစစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီး ချုပ်ဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်မှာလည်း (၂၀၀၄)တွင် ရာထူးမှဖယ်ရှားခံရပြီး ယခုချိန်ထိနေအိမ်အကျယ်ချုပ် ကျခံနေရပြီး ခြံဝင်းထဲ ပန်းစိုက်၍ရသောဝင်ငွေ နှင့် ခက်ခက်ခဲခဲ အသက်မွေးနေရသည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ၄င်း၏သားနှစ်ဦး ဖြစ်သော ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ဒေါက်တာရဲနိုင်ဝင်း နှင့် သားမက်ဖြစ်သူ တို့မှာလည်း သတင်း အစအန ပျောက်နေဆဲဖြစ်သည်။

(၁၉၉၀) တွင် လူအများလေးစားမှုရှိသော ကုန်သည်များဖြစ်သည့် ဇနီးဘက်မှမိသားစု၏ နာမည်ကိုယူ၍ ထူးထရေးဒင်းကုမ္ပဏီအား ဦးတေဇမှ စတင်တည်ထောင်ခဲ့သည်။ (ဇနီးဘက်မှမိသားစု၏ စီးပွားရေးလုပ်ငန်းများသည် (၁၉၆၂) နောက်ပိုင်း အတုအယောင် ဆိုရှယ်လစ်ခေတ်တွင် ဆုတ်ယုတ်ခဲ့ရသည်။) ဦးတေဇသည် ယောက္ခမဖြစ်သူ ထံမှ ဆန်စက်တလုံးကို ငှားရမ်း၍ လုပ်ငန်းစတင်ခဲ့သည်။ထို့နောက် ထိုင်းနယ်စပ်အနီးတွင် သစ်ထုတ်ယူခွင့် အား လေလံများချပေးသည့် အချိန်တွင် သစ်လုပ်ငန်းဘက်သို့ ကူးပြောင်းခဲ့သည်။ ထိုင်းနယ်စပ်အနီးရှိ အလွယ်တကူသွားရောက် နိုင်သော နေရာများရှိ သစ်ကွက်များအား ထိုင်းလုပ်ငန်းရှင်များ နှင့်အပြိုင် လေလံ ဆွဲယူခြင်းပြု မည့်အစား ဦးတေဇအနေနှင့် မြန်မာ-ထိုင်းနယ်စပ်နှင့် ဝေးလံသော နေရာများတွင် သစ်ထုတ်ခွင့်ရရန် လေလံဆွဲခဲ့သည်။ ထို့နောက် သစ်လုံးတလုံးလျှင် အမေရိကန် (၁၀) ဒေါ်လာတန်သော ခုတ်လှဲပြီးသစ်လုံးများကို ဒေါ်လာ (၅၀၀) နှင့် အထက်ဈေးဖြင့် သစ်လုံး တလုံးလျှင် ဒေါ်လာ (၄၉၀) နှင့်အထက် အမြတ်တင်၍ ပြန်လည်ရောင်းချ ခဲ့ပြီး၊ မိမိသည် မြန်မာပြည်တွင် အကြီးဆုံး သစ်ထုတ်လုပ်သူလုပ်ငန်းရှင်ဖြစ်လာခဲ့သည်ဟု ဦးတေဇမှဆိုခဲ့သည်။

ဦးတေဇမှ ပါးပါးနပ်နပ်ဖြင့် မြိုးမြိုးမြက်မြက် ဝါးခဲ့ရသော ထိုတပွဲသည် နိုင်ငံရေး အဆက်အသွယ်များ၏ကောင်းမှုကြောင့် ဖြစ်ခဲ့၏။ မြန်မာစစ်တပ်မှ အငြိမ်းစားယူခဲ့သော ဒုဗိုလ်မှူးကြီးဟောင်းနှင့် စက်မှုဝန်ကြီးဋ္ဌာနမှ အရာရှိဟောင်းတဦးဖြစ်သူ ဖခင်မှ ဦးတေဇအား လုပ်ငန်းပါမစ်များကို ရယူရန် တိုက်တွန်းခဲ့သည်။စစ်အစိုးရ၏ သစ်လုပ်ကွက် ကြမ်းခင်းဈေး သတ်မှတ်ချက်သည် ဈေးချိုလွန်း၍ ရှိသမျှငွေအားလုံးကိုရင်းနှီးရန် သူ၏ဖခင်မှ တိုက်တွန်းခဲ့သည်ဟု ဦးတေဇမှပြောပြခဲ့သည်။ သစ်ထုတ်လုပ်ငန်းသည် ဦးတေဇ၏ထူးလုပ်ငန်းစုအတွက် အရေးပါလှသော လုပ်ငန်းတရပ် ဖြစ်နေခဲ့လေ၏။ ဝီကီလိခ်စ်မှ ထွက်ပေါ်လာသောအမေရိကန်အစိုးရ၏ ကြေးနန်းတစောင်အရ (၂၀၀၇) အတွင်း ထူးလုပ်ငန်းစုအနေနှင့် သစ်လုပ်ငန်းမှအမေရိကန်ဒေါ်လာ (၇၅) သန်းခန့် အမြတ်ရခဲ့သည်။ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ကျုံ့ဝင်လာမှုအားအလေးထားမိသောကြောင့် သဘာဝပတ်ဝန်းကျင်အား မပျက်စီးစေရန် ယခုအခါတွင် သူ့အနေနှင့်မြန်မာနိုင်ငံ၏ အကြီးဆုံး သစ်တင်ပို့သူ မဟုတ်တော့ပါဟု ဦးတေဇမှဆိုသည်။ မယုံလျှင်ပုံပြင်လို့မှတ်ပါ

သစ်ထုတ်လုပ်တင်ပို့ရောင်းချခြင်းမှ အကြီးအကျယ် ပွပေါက် တိုးခဲ့ခြင်းမှ ဦးတေဇအား သူ၏ ပထမဆုံးသောဟိုတယ်အပါအဝင် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုနိုင်စေခဲ့သည်။ ထို့နောက် စင်္ကာပူနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး စင်္ကာပူသို့ ရွှေ့ပြောင်း အခြေစိုက်ရန် စိတ်ကူးခဲ့သည်။ သို့သော်လည်း(၁၉၉၇-၉၈) အာရှဘဏ္ဍာရေးအကျပ်အတည်း နောက်တွင် သူ၏အရင်းအနှီးများအား မြန်မာနိုင်ငံ၌သာ မြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ မိမိအနေနှင့် စင်္ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက စင်္ကာပူနိုင်ငံသားများသာ အကျိုးရှိမည်ဟု ယူဆမိသော ကြောင့် ဟု ဦးတေဇမှဆိုသည်။

ထိုမှနောက် ဆယ်စုနှစ်အတွင်း အခြားသောလုပ်ငန်းများကိုပါ မျက်စိကျလာသော ဦးတေဇသည် ထူးလုပ်ငန်းစုအား လုပ်ငန်းကွဲအများအပြားပါဝင်သည့် မဟာလုပ်ငန်းစု (Conglomerate) အဖြစ် အသွင်ပြောင်းခဲ့သည်။ (၂၀၀၄) တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည့် အဲပုဂံ(Air Bagan) အား စတင်တည်ထောင်ဖွင့်ခဲ့သည်။ ထို့ပြင် ဇိမ်ခံဟိုတယ်အများအပြားအား ဖွင့်လှစ်ခဲ့ပြီး၊အကြီးစား စက်ယန္တရားများကို ငှားရမ်းခြင်းအား စတင်လုပ်ဆောင်ခဲ့သည်။
ဦးတေဇကဲ့သို့ သစ်ကုန်သည်တဦးအနေနှင့် ငွေကြေးအရင်းအနှီးပမာဏ အများအပြားလိုအပ်သောစီမံကိန်းလုပ်ငန်း များကို ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်းရှိ လူတော်တော်များများကို အံ့အားသင့်စေခဲ့လေသည်။ ဦးတေဇသည် စစ်အစိုးရအား ငွေရှာပေးနေသူတဦးဖြစ်ပြီး၊နာမည်ဆိုးနှင့်ကျော်ကြားသော စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနှင့် နိုင်ငံ့ဘဏ္ဍာများကို အကြီးအကျယ် သုံးဖြုန်းနေသည့် အာဏာရှင်၏မိသားစုနှင့် တိုက်ရိုက် ဆက်ဆံနေသူ တဦးလည်း ဖြစ်သည် ဆိုသော သတင်းများ လည်းထွက်ပေါ် လာခဲ့သည်။

သို့သော်လည်း ထိုသတင်းများသည် ကောလဟလသာဖြစ်ပြီး သူသည် စစ်အာဏာရှင်နှင့် မိသားစုမှရွေးချယ်ခံရသူ မဟုတ် ဟု ဦးတေဇမှ ငြင်းဆိုခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျပြီး နောက် စစ်အာဏာရှင်ဗိုလ်ချုပ်သန်းရွှေအား ကျေးဇူးတင် စကား ဆိုသော အချိန်တချိန်သာ ၄င်းနှင့် တဦးချင်း တွေ့ဆုံဖူးသည်ဟု ဦးတေဇမှဆိုသည်။ စစ်အစိုးရနှင့် အလုပ်လုပ်ရာတွင် သူ၏ ရိုးသားမှု၊ တဲ့တိုးပြောဆိုတတ်မှုနှင့်သူ့ဖခင်၏ရာထူးအဆင့်အတန်းတို့ကြောင့် ဦးတေဇအနေနှင့် အဆင်ပြေ ချောမွေ့ခဲ့လေ၏။ မြန်မာစစ်ဗိုလ်ချုပ် များနှင့် တွေ့ဆုံမှုများတွင် ဦးတေဇ အနေနှင့် ပြောလိုသည်အား ဟိတ်ဟန်မပါ၊ လှည့်စားမှုမပါပဲ တဲ့တိုးသာ ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်အချို့သည် ထိုသို့ပြော ဆိုမှုအား အလွန်နှစ်သက်ကြသည်ဟု၎င်းမှဆိုသည်။

ဦးတေဇပိုင် ကမ်းခြေအပန်းဖြေဟိုတယ် သို့ အမှတ်မထင်ပဲ ဗိုလ်ချုပ်သန်းရွှေမှ ရောက်လာခဲ့ပြီးဗိုလ်ချုပ်သန်းရွှေ အနေနှင့် ထိုဟိုတယ်အား အကြီးအကျယ်သဘောကျ သွားခဲ့ဖူးသည်ဟု အခြားသတင်းရပ်ကွက် များမှဆိုကြသည်။ ထို့ပြင် ဦးတေဇသည် စစ်အစိုးရ၏ တတိယနေရာသို့ ရောက်ရှိလာခဲ့သည့် ထိပ်တန်း ဗိုလ်ချုပ်တဦး ဖြစ်သူ ဗိုလ်ချုပ်သူရရွှေမန်း (ယခုမြန်မာအောက်လွှတ်တော်ဥက္ကဋ္ဌ) နှင့်လည်း အစောပိုင်းကတည်းက နီးစပ်မှုရယူနိုင်ခဲ့ပြန်သေးသည်။ ဗိုလ်ချုပ် သူရရွှေမန်းမှသာမန်ဗိုလ်မှူးကြီး တဦးအဆင့်သာ ရှိသေးချိန်တွင် ဦးတေဇနှင့် စတွေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်ဗိုလ်ချုပ် သူရ ရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်း အား ထူးလုပ်ငန်းစုတွင် ဒါရိုက်တာတဦးအဖြစ်ခန့်အပ်ခဲ့သည်။ (ဗိုလ်ချုပ် သူရရွှေမန်းနှင့် သားဖြစ်သူ အောင်သက်မန်းတို့ နှစ်ဦးစလုံးသည်အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ခံရသူများထဲတွင် ပါဝင်သည်)
ထိုသို့သော အနေအထားနှင့် လမ်းကြောင်း ဝင်ထား မှုသည် သည် မြန်မာနိုင်ငံတွင် ထုံးစံလိုလိုပင်ဖြစ်၏။ ထိုအချိန်က မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးများ၏ သားများသည် ပုဂ္ဂလိက ကုမ္ပဏီများတွင်အလုပ်လုပ်ရသည်ကို သဘောကျကြသည်ဟု ဦးတေဇမှ ဆို၏။

DK၊ ၊၄င်း၏ကုမ္ပဏီများအား အနောက်မဟာမိတ် နိုင်ငံများမှ ပိတ်ဆို့ခဲ့သောကြောင့် ကနဦးပိုင်းတွင်ဦးတေဇမှ အတော်ပင် ပေါက်ကွဲ ခဲ့၏။ ဦးတေဇမှ မဟုတ်ပါ။ ယနေ့ကမ္ဘာ တွင် စီးပွားရေးအင်အားကြီး ဖြစ်ပြီး အခြေခံတန်ဖိုးများ တူညီကြပြီး ညီညွတ်မှုရှိကြသော အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ဆန့်ကျင်ဘက် အနေအထား တွင် ရှိနေသူ များအတွက် လှုပ်ရှား နိုင်သော ဂွင်မှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာလေ၏။
သို့သော်လည်း မြန်မာ စစ်အာဏာရှင် များနှင့် ပူးပေါင်း၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်စေရန် အနောက်မဟာမိတ်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ၄င်းကို ပို၍အားကောင်းလာစေခဲ့ ပြီး အခြားသော လုပ်ငန်းရှင်များ အား ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန်မှာပိုမိုခက်ခဲလာသည် ဟု ဦးတေဇမှ သူ၏အမြင်ကိုပြောသည်။ “ ဒီလိုမျိုး အနောက်တိုင်းပိတ်ဆို့မှု တွေကြောင့် ကျနော် တို့ပိုတောင်မှ ချမ်းသာလာသေးတယ် ” ဟု ဦးတေဇမှဆိုသည်။

လက်သင့်ရာ စားတော်ခေါ်သော မြန်မာစစ်ဗိုလ်ချုပ် များ၏ အလေ့အထအရ ဦးတေဇ၏စကားသည် ဟုတ်သလိုရှိနေ၏။ သို့သော်လည်း ထိုအနေအထားများသည် အမြဲတစေပြောင်းလဲနေသည်။ အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကြောင့် ဦးတေဇအနေနှင့်ပြည်ပအရင်းအနှီးများ နှင့် ချိတ်ဆက်နိုင်စွမ်း နည်းသွားခဲ့ရပြီး မြန်မာနိုင်ငံတွင်း ဖက်စပ်ရင်းနှီးမြှုပ် နှံလိုသူ လုပ်ငန်းရှင်များအတွက် ၄င်းသည် ရှောင်ကြဉ်အပ်သူ ဖြစ်လာခဲ့သည်။
ဦးတေဇအနေနှင့် သူ၏ဂုဏ်သတင်းအား ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး ၄င်း၏အနေအထားသည် သုညအဆင့် (Zero Level) တွင်တောင်မှမဟုတ်ပဲ အနှုတ်လက္ခဏအဆင့် (Negative Level) တွင် ကျဆင်းနေသည်ဟု နိုင်ငံစုံလုပ်ငန်းကြီးများ(Multinational Firms) အတွက် လုပ်ကိုင်နေသော အကြံပေးပညာရှင် တဦးမှဆိုသည်။

ဦးတေဇအနေနှင့် မြန်မာနိုင်ငံတွင်းရှိ ကမ္ဘာလှည့်ခရီးသွား များ လာရောက်လေ့ရှိသောအချက်အချာ ကျသော နေရာများတွင် ရှိနေသည့် ထူးလုပ်ငန်းစုပိုင် ဟိုတယ် (၁၇) ခုအားနိုင်ငံတကာ စီမံခန့်ခွဲမှုကုမ္ပဏီတခု အား အသွင်သစ်ဖြင့် လုပ်ကိုင်စေလိုသော်လည်း ၄င်းလိုလားသော အဆင့်ရှိသည့် အကျိုးတူလုပ်ငန်းရှင် များအား မရနိုင်ခဲ့သော ကြောင့် ၄င်းအနေနှင့် အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကို အပြစ်တင်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်ခဲ့ချေ။ သူ့အနေနှင့် ထိုင်းဟိုတယ်လုပ်ငန်းစု တခုမှ ကမ်းလှမ်းလာမှု ရရှိခဲ့သော် လည်းငြင်းပယ်ခဲ့သည်။အငယ်စား ဟိုတယ် လုပ်ငန်းစု များအား စိတ်မဝင်စားပဲ နိုင်ငံတကာတွင်နာမည်ရပြီးသားလုပ်ငန်းစု များကိုသာ လိုလားသည်ဟု ဦးတေဇမှဆိုသည်။

ကြပ်ပြေးရှိ နေပြည်တော်မြို့ အား ပို၍တန်ဆာ ဆင်နေသော ပညာရေး အားနည်းပြီး မသိသားဆိုးဝါးလှသည့် လူမိုက်များဖြစ်ကြသော မြန်မာ စစ်ဗိုလ်ချုပ် များကြောင့် စီးပွားရေး အရမဟာဗျူဟာ ကျသည့် ပင်လယ်နှင့် နီးစပ်သော နေရာတွင်ရှိသော်လည်း ချောင်ထိုးခြင်းခံရ၍ ရန်ကုန်မြို့တွင် ဦးတေဇ၏ နေအိမ်သည် ထိုအရပ်ရှိ အထင်ကရ အဆောက်အဦပင်ဖြစ်လေသည်။ သူ၏နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၊ အမေရိကန်သံရုံးတို့ နှင့် သိပ်မဝေးလှပေ။

စစ်အုပ်စု၏ လက်ချက်ကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး လူအများစု မှာ ဆင်းရဲမွဲတေ၍ဆင်ခြေဖုံး အရပ်များတွင် ထမင်းပင် ဝယ်မစားနိုင်ပဲ ထမင်းရည်သာ သောက် နေကြရသူများရှိနေပြီး လူအများ ဆင်းရဲ ဒုက္ခရောက် နေကြချိန်တွင် ဦးတေဇ ဝယ်ယူစုဆောင်းထားသော ဖာရာရီ၊ ရိုးလ်စ်ရွိုက်စ် အစရှိသည့် တန်ဖိုးကြီး ဇိမ်ခံကား များမှာ ကားလမ်းပေါ်မှ ပင် မြင်နိုင်ပေသည်။ ကြီးကျယ်ခန်းနား လှသည့် ဦးတေဇ၏ နေအိမ်အားလမ်းပေါ်မှ ဖြတ်သွားသော တက္ကစီဒရိုင်ဘာ များမှ ၄င်းတို့၏ ခရီးသည်များကို လက်ညှိုးထိုးပြ သွားခဲ့ကြသည်။

သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ် (Macquarie University) မှ မြန်မာစီးပွားရေး နှင့်ပတ်သက်သော ကျွမ်းကျင်သူ ပညာရှင် ရှောင်တာနယ်လ် (Sean Turnell) မှမူ ပါးနပ်သောမျက်လုံးများနှင့် ဦးတေဇသည် ကလေးများအတွက် ပုံပြင်များထဲတွင် ပါလေ့ရှိသော ဗီလိန်လူကြမ်း တဦးကဲ့သို့ ဖြစ်လုနီးနီး အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။
မြန်မာစစ်အရာရှိများကမူ ဦးတေဇ၏ ထူးကုမ္ပဏီ ၏ပေါက်ရောက်နေမှုကို ရည်ညွှန်းသည့်အနေဖြင့်ထူးကုမ္ပဏီ အား (ကက-တေ) ဟုဆိုကြသည်။ စီးပွားရေးသမားများကမူ ၄င်းအား မြန်မာစစ်တပ်မှတတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သည်ဟု ဆိုကြသည်။ (ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏အောက်ကပ်လျက်တွင်ရှိသည်ဟု ဆိုခြင်းဖြစ်သည်) ၄င်းအား ခရိုနီ (စစ်အုပ်စုနှင့်ပလဲနံပသင့်သူ) အဖြစ်ဆိုကြခြင်းကို မူဦးတေ ဇ အနေနှင့် ဘဝင်ကျပုံ မရပေ။ “ မြန်မာ တွေဟာ ဒါကြောင့် မချမ်းသာကြတာဗျ၊ လူတယောက် တိုးတက်ရင် သူတို့တွေက မနာလိုကြဘူး၊ နည်းမျိုးစုံနဲ့တိုက်ခိုက် နေပြီးအဲလိုပဲ လျှောက်ဖွနေ တော့တာပဲဗျာ..” ဦးတေဇမှ ငြီးငြူလေသည်။

ဦးတေဇအနေနှင့် ဒေါ်လာသန်းဆယ် နှင့်ချီ၍ ရှိသော အခွန်ကြွေးကျန် များကို ပေးဆောင်ရန်ငွေတောင်းခံလွှာ အားရရှိထား ပြီးဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ၄င်းပိုင် ထူးလုပ်ငန်းစုအောက်ရှိ မည်သည့် ကုမ္ပဏီမှ အခွန်အများဆုံး ဆောင်ရသော ထိပ်တန်း ကော်ပိုရိတ်လုပ်ငန်း (၁၀) ခုထဲတွင် မပါပေ။ ကမ္ဘောဇ ဘဏ်သည် ပထမနေရာတွင် ရှိသည်။ ၄င်းမှအခွန်ရှောင်သည်ဟု ဆိုကြခြင်းများအား ဦးတေဇမှ ငြင်းဆိုခဲ့ပြီး၊ သူ့အနေနှင့် အခွန်ဆောင်သူတဦး ဖြစ်သည်ဟု ဆိုသည်။ လတ်တလော ပေးဆောင်ထားသော အခွန်ပြေစာ များနှင့်ပတ်သက်၍မူ သူ့အနေနှင့် (၂၀၁၁) စက်တင်ဘာလ အစပိုင်းတွင် အမေရိကန်ဒေါ်လာ (၂)သန်းရှိ သော အခွန်ငွေ ပမာဏ အား ပေးဆောင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ဦးတေဇမှဆိုသည်။

ထူးလုပ်ငန်းစု ၏ ကုမ္ပဏီခွဲများအနက် သစ်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ကုန်သွယ်မှု လုပ်ငန်းအချို့တို့မှသာ အကျိုးအမြတ် ရရှိခဲ့ပြီး သူ့အနေနှင့် အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်သည့်လုပ်ငန်းများဖြစ်သော ခရီးသွားလုပ်ငန်း (Tourism) နှင့် ပစ္စည်း မျိုးစုံထုတ်လုပ်သောမြန်မာပြည်၏ လူသုံးကုန်ပစ္စည်း အခြေခံသော စီးပွားရေး လုပ်ငန်းများ ကို လုပ်ကိုင်ရခြင်းအား ပို၍ နှစ်သက်သည်ဟု ဦးတေဇ မှဆိုသည်။ ဦးတေဇသည် ရက်ရောသော လုပ်ရှင်တဦးဖြစ်သည်ဟူသော အများအမြင် ကိုရရှိထားသူ ဖြစ်ကာ ၄င်း၏ အမြဲတမ်း ဝန်ထမ်းပေါင်းလေးသောင်းကျော်၏ သစ္စာစောင့်သိမှုကို ရရှိထားသူ ဖြစ်လေသည်။

မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသမီးလေယာဉ် မှူး အပါအဝင် ထောင်ဂဏန်းခန့် ရှိသော သူ၏ဝန်ထမ်းများအား နိုင်ငံရပ်ခြားသို့ သင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ပြီး၊ အပိုဆုကြေးနှင့် ခံစားခွင့်များ ပေးအပ်သောကြောင့် အလုပ်ကြိုးစားသော မန်နေဂျာများလည်း အရေအတွက် တိုးတက်လာခဲ့၏။ ဦးတေဇသည် သူလုပ်သမျှတွင် အခြားသူများအား လည်း ရှယ်ယာဝေစု များခွဲဝေ ပေးတတ်သူ ဖြစ်ပြီး မျှတသူ တဦးဖြစ်သည်ဟု ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ စင်ပြိုင် လုပ်ငန်းရှင် တဦးမှဆိုသည်။
ဘောလုံးဝါသနာအိုး နှင့် ကလပ်အသင်း ပိုင်ရှင်တဦးလည်း ဖြစ်သော ဦးတေဇသည် ၄င်းပိုင်ကလပ်၏ လေ့ကျင့်ရေးကွင်းတွင် သူ၏ဝန်ထမ်းများနှင့် ဘောလုံးကစား လေ့ရှိကာ၊ မြန်မာတေးဂီတ အား ပံ့ပိုးမှုများ ပေးလေ့ရှိသူလည်း ဖြစ်သည်။ FORBES ASIA သတင်းထောက်နှင့်အတူ နေ့လယ်စာ စားပြီးသောအခါ ဦးတေဇသည် သူပိုင်ဂစ်တာ အား ဆွဲထုတ်ကာ ၄င်း၏အမှုဆောင်အရာရှိများကို ခေါ်တော့သည်။ “ ခင်ဗျားတို့ကို ဒီသံစဉ်လေး ကြားဖူးစေချင်လို့ဗျာ ”ဟုဆို၍ ဓါတ်ပြားတချပ်ကိုဖွင့်၍ ဂီတတွင် ဝင်စားကာ တေးသံစဉ်တခုကို လိုက်ပါတီးခတ်ပြခဲ့သည်။

Wikileaks မှ ထွက်ပေါ်လာသော အမေရိကန် သံတမန် ကြေးနန်းစာ များအရ ဦးတေဇသည် ယခင့်ယခင်က ၄င်းကျရှုံးနိုင်မည့် အခြေအနေ များကို ကျော်လွှားလာနိုင်ခဲ့သည်ဟုဖေါ်ပြထားသည်။ “ ဦးတေဇ ဒေဝါလီခံရ ပြီဟု မိမိတို့၏ စီးပွားရေးအဆက်အသွယ် မြောက်များစွာတို့မှ ယုံကြည်ကြသည်” ဟု(၂၀၀၉) မတ်လတွင် အမေရိကန် အစိုးရထံသို့ ပေးပို့ခဲ့သောအမေရိကန်သံရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ (၂၀၁၀) တွင်မှ လုပ်ငန်းရှင် အသိုင်းအဝိုင်း အတွင်း ၌ ဦးတေဇ ဂိန်သွား ပြီ၊ ၄င်းနေရာ အား စင်ပြိုင်နှင့် နောက်တက် ခရိုနီ များမှဝင်ယူနေကြပြီ ဆိုသော သတင်းများ ပျံ့နှံ့ နေခဲ့သည်ဟု ဆိုကြသည်။ ဦးတေဇ ကွယ်လွန်သွားခဲ့ပြီဆိုသော ချဲ့ကားထားသော သတင်းများမှာ ၄င်း၏ ရဟတ်ယာဉ် ပျက်မကျမီကပင်ပေါ်ထွက်နေခဲ့သည်။ ဦးတေဇကတော့ တိတ်တခိုး ကြိတ်ရယ် နေကောင်း ရယ်နေလိမ့်မည် ဖြစ်၏။
Ref: Burma’s Showy Crony)
Freedom News Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis