menu

Saturday 13 October 2012

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ



မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့မှာ လူငယ်လေးဦးဖြစ်ပြီး အားလုံးအသက် ၂၀ ပင်မပြည့်ကြောင်းသိရကာ အရက်နှင့်ဆေးရောပြီးသုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသောကားများနှင့် နေအိမ်အဆောက်အအုံများကို လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' သတင်းတွေထွက်ပေါ်နေသလို (Danger)အဖွဲ့ဆိုတာမဟုတ်ပါဘူး။ ဒီအဖွဲ့က အရင်ကျူးလွန်ခဲ့ဖူးတဲ့ပြစ်မှုတွေအရ ဖမ်းဆီးခံရထားပြီးပါပြီ။ အားလုံးခုနစ်ယောက်ကို ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ ဖော်ထုတ် ဖမ်းဆီးမိထားပြီးပါပြီ။အခုဖြစ်တာက လူငယ်တွေအရက်နှင့် ဆေးလုံးရောပြီးသုံးစွဲရာမှ စိတ်ကြွပြီးလိုက်လုပ်ခဲ့တာပါ။သူတို့မှာ အဖွဲ့ဆိုတာ သီးသန့်မရှိပါဘူး။ အဲဒီ လူငယ်အုပ်စုထဲမှာပါတဲ့လူငယ်တစ်ဦးကို သံသယရှိတော့ မေးမြန်းကြည့်ရာမှ သတင်းရရှိပြီး အဲဒီညမှာပဲ ကျွန်တော်တို့မြို့အနှံ့လိုက်လံရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာပါ''ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါလူငယ်များမှာ ဟိုက်ကော်မရှင် အရက်တစ်ပုလင်း၊ ဂရင်းရွိုင်ရယ်( အဖုံးမည်း)တစ်ပုလင်းနှင့် ချောင်းဆိုးပျောက်ဆေး (ကျောက်စိမ်း)များကို အခင်းဖြစ်ပွားသည့် အောက်တိုဘာလ၁၀ရက်နေ့ ညနေပိုင်းမှစတင်ပြီး သုံးစွဲခဲ့ကြောင်း ညနက်ပိုင်းသို့ ရောက်လာသောအခါ ဆိုင်ကယ်နှစ်စီးဖြင့် စတင်မောင်းထွက်လာကာ ကန်ဖျားရပ်ကွက်မှ စတင်ပြီး တွေ့သမျှ ကားများ၏ မှန်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။အဆိုပါလူငယ်များတွင် လက်နက်များယူဆောင်လာခြင်းမရှိဘဲ အနီးတွင်တွေ့သည့် အုတ်ခဲ၊ကျောက်ခဲများကိုကောက်ယူကာ နေအိမ်များ၊ကားများ နှင့် ရုံးအဆောက်အအုံတစ်ခု၏ မှန်ပြတင်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာပြီး ကားများအိမ်များကိုလုပ်မိကြောင်း သိရသည်။
'' အခင်းဖြစ်ပြီးနောက် ကျွန်တော်တို့ ဒီအမှုကိုဖော်ထုတ်နိုင်ဖို့ အချိန်နှင့်အမျှစုံစမ်းနေရတာပါ။ မြိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ဦးရွှေညာမောင်ရဲ့ ညွန်ကြားမှုအတိုင်းလုပ်ဆောင်နေရင်းနှင့် တပ်ပြင်ရပ်က ဖြိုးဇော်ဦးကိုမသင်္ကာလို့ မေးမြန်းကြည့်ရာမှ သတင်းရပြီး အဲဒီလူငယ်တွေကိုလိုက်ဖမ်းခဲ့ရတာပါ လူပုံစံတွေကိုပြောပြချက်အရ လမ်းတွေမှာလိုက်ရှာပြီး ဖမ်းခဲ့ရတာပါ။ညဦးပိုင်းလောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရပြီး ည ၁၁ နာရီမှာ အားလုံးမိခဲ့ပါတယ်''ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါလူငယ်များကို ပုဒ်မ ၅၄၃/၂၀၁၂ အ.ပ.က ၆(၁) ဖြင့် မြိတ်မြို့ရဲစခန်းတွင် အရေးယူဆောင်ရွက်ထားပြီး ဖျက်ဆီးခံရသည့် ကားပိုင်ရှင်များနှင့် နေအိမ်၊ရုံးများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကာ ဖျက်ဆီးခံခဲ့ရသည့်ပိုင်ရှင်များမှ ပုဒ်မ ၄၂၇ နှင့်အမှုဖွင့်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အာကာ(ခ)အာကာနီဝင်း-၁၉နှစ် (ဘ) ဦးနီဝင်း-စခန်းသစ် ကျေးရွာ -ကျွန်းစုမြို့နယ်၊ ကလုံး (ခ) မျိုးသူရ -၁၉ နှစ်(ဘ)ဦးသိန်းဇံ-ဈေးတန်းရပ် -မြိတ်မြို့၊ ဖြိုးဇော်ဦး-၁၉ နှစ် (ဘ)ဦးညွန့်လွင်-တပ်ပြင်ရပ်-မြိတ်မြို့၊ ကဖြိုး (ခ)ညီနိုင်ဖြိုး-၁၈နှစ် (ဘ)ဦးမြင့်မောင်-ကော့သောင်းမြို့တို့ဖြစ်ကြောင်း သိရသည်။ EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis