menu

Saturday 13 October 2012

သီတင်းကျွတ်ပြီဆိုရင်




l5283 မိုးရေစက်တွေကတော့ ကမ္ဘာမြေကို နှုတ်ဆက်နေပါပြီ။ ၂၀၁၂ ခုနှစ် မိုးအကုန် လက်ကျန်မိုးရေစက်တွေက နောက်ဆုံးအနေနဲ့ ကျဲပက်နေတုန်း။ မိုးလေကင်းလွတ် မယ့် ပွင့်လင်းရာသီကတော့ မကြာခင် ရောက်လာတော့မှာပါ။
မြန်မာနိုင်ငံရဲ့ ဥတုရာသီသုံးပါးထဲက မိုးရာသီအကုန် ဆောင်းရာသီကို ခြေလှမ်းပြင်စ ပွင့်လင်းရာသီ ဟာ သီတင်းကျွတ်ကာလ ဖြစ်ပါတယ်။ သီတင်းကျွတ်လို့ ဆိုလိုက်ရင် မြန်မာလူမျိုးတို့ရဲ့ နှလုံးသားထဲမှာ ဘာသာရေးအရအထွတ်အမြတ် ပြုရတဲ့ကာလလို့ ကိန်းအောင်းပြီးသားပါ။ ဒီလိုပဲ တစ်ဖက်မှာလည်း ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ကြည်နူးစရာ ပွဲတော်ကာလတစ်ခုဆိုရင်လည်း မမှားပါဘူး။
သီတင်းကျွတ်လဟာ မိုးလေကင်းစင် ရာသီကြည်လင်တဲ့ ကာလ။ မြန်မာလူမျိုးတို့အတွက် အထွတ် အမြတ်ကာလပါ။ မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်းကာလ သုံးလတာပတ်လုံး ဟောကြားတော်မူပြီးတဲ့နောက် သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည် ကို ပြန်ဆင်းသက်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ သီတင်းကျွတ်လပြည့် နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။


မြို့ကြီးတွေအလိုက် စည်ကားသလို နယ်မြို့တွေ၊ ကျေးရွာတွေမှာလည်း သူ့အတိုင်းအတာနဲ့သူ စည်ကားပါတယ်။ ငွေကြေးကအသုံးခံပြီး ကုန်ဈေးနှုန်းကလည်း ဒီနေ့ခေတ်လို အစစအရာရာမကြီးမြင့်သေးတဲ့ ကာလတုန်းကတော့ ရိုးရာပွဲတော်တွေဟာ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ကြည်နူးစရာကာ လတစ်ခုပါပဲ။
သီတင်းကျွတ်လမှာ ကျင်းပလေ့ရှိကြတဲ့ ပွဲတွေကတော့ မီးမြင့်မိုရ်ပွဲ၊ ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်၊ သက်ကြီးပူဇော်ပွဲ၊ ဆရာကန် တော့ပွဲစတာတွေ ဖြစ်ပါတယ်။
ရိုးရာယဉ်ကျေးမှုကို မြတ်နိုးကြ တဲ့ မြန်မာလူမျိုးတွေအတွက် သီတင်းကျွတ်ကာလနီးပြီဆိုရင် ပြုလုပ် ဖွယ်ရာတွေကတော့ များမှများပါပဲ။ အလှူအတန်းတွေလုပ်ဖို့ ပြင်ဆင်သူတွေက ပြင်ဆင်ကြသလို ရပ်ထဲရွာ ထဲ နိဗာန်ဈေးပွဲတော်၊ သက်ကြီးပူဇော်ပွဲ၊ ဆရာကန်တော့ပွဲလို အခမ်း အနားမျိုးတွေ အထမြောက်ဖို့ ကြိုး ပမ်းသူတွေကလည်း ကြိုးပမ်းကြပါတယ်။ ကျောင်းပိတ်ရက်ရှည်ကို ကြုံရတဲ့ကလေးတွေ အတွက်ကတော့ သီတင်းကျွတ်ပွဲတော်ဟာ တကယ့် ပျော်စရာကာလတစ်ခုပါ။ လူကြီးမိဘကန်တော့လို့ မုန့်ဖိုးပဲဖိုး ရကြတာ၊ မီးအလှလိုက်ကြည့်တာ၊ ကိုယ်တိုင် မီးပုံးလေးတွေ ထွန်းညှိတာ၊ မီးရှူး မီးပန်းလွှတ်တာ စတဲ့ အတွေ့အကြုံ လေးတွေဟာ နောင်အချိန် သီတင်းကျွတ်လို့ ပြန်တွေးတိုင်း အမှတ်တရ ဖြစ်ကြရပါတယ်။
“သီတင်းကျွတ်ဆိုရင် ပူဇော်ကန်တော့ကြတဲ့ အလေ့အထကတော့ အရင်ကတည်းကရှိတာ။ ကိုယ့် ကို ပညာသင်ကြားပေးတဲ့ဆရာသမား၊ မိဘဆွေမျိုးနဲ့ သက်ကြီးဝါ ကြီးတွေကိုတတ်နိုင်သလောက်မုန့်ပဲ သရေစာလေးနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်လေးတွေနဲ့ သွားကန်တော့ ကြတဲ့အလေ့အထက အင်မတန်ချစ်စရာ ကောင်းပါတယ်”လို့ ကာတွန်း ရွှေမင်းသားက ပြောပြပါတယ်။
ရန်ကုန်မြို့မှာတော့ မြန်မာမိသားစုတွေအနေများတဲ့ စမ်းချောင်း၊ ရေကျော်ဘက်တွေမှာ သီတင်းကျွတ်ဆိုရင် ဟိုယခင်က  ပွဲလမ်းသဘင်များနဲ့ အလွန်စည်ကားပါတယ်။ ရုပ်သေစင်တွေလည်း ခေတ်စားခဲ့တယ် လို့ လူကြီးသူမများက ဆိုပါတယ်။
သီတင်းကျွတ်ပွဲတော်မှာ ရန်ကုန်လိုမြို့ကြီးပြကြီးတွေမှာလည်း မြို့ကြီးတွေအလိုက် စည်ကားသလို နယ်မြို့တွေ၊ ကျေးရွာတွေမှာလည်း သူ့အတိုင်းအတာနဲ့သူ စည်ကားပါ တယ်။ ငွေကြေးက အသုံးခံပြီး ကုန်ဈေးနှုန်းကလည်း ဒီနေ့ခေတ်လို အစစ အရာရာ မကြီးမြင့်သေးတဲ့ကာ လတုန်းကတော့ ရိုးရာပွဲတော်တွေ ဟာ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ကြည်နူးစရာကာလ တစ်ခုပါပဲ။
“သီတင်းကျွတ်ဆို သူငယ်ချင်း တွေနဲ့ သင်ခဲ့တဲ့ ဆရာတွေကို လိုက်ကန်တော့တယ်။ ဖယောင်းတိုင် အထုပ်လေးတွေနဲ့။ ညနေပိုင်းမှာ အိမ်က အမေ၊ အဘွား၊ အမျိုးတွေ၊ သူငယ်ချင်းမိဘတွေကို တစ်အိမ် တက် တစ်အိမ်ဆင်းလိုက် ကန်တော့တယ်။ ငယ်တုန်းကပိုစည်တယ်။ လမ်းတစ်လျှောက်လုံး ရေနံဆီနဲ့ မီးထွန်းတာ။ ညနေ ၆ နာရီလောက် ဆို တစ်လမ်းဝင် တစ်လမ်းထွက် စတုဒီသာစားလို့ရပါတယ်”လို့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့က မစုစုက ပြောပြခဲ့ပါတယ်။
သီတင်းကျွတ်ကာလနီးပြီဆို ရင် ၀ါးနဲ့လုပ်တဲ့ မီးပုံးတွန်းလှည်း လေးတွေကိုကလေးတွေအတွက် မိဘများက ၀ယ်ပေးကြပါတယ်။ တချို့ကလည်း လက်ဖြစ် ကိုယ်တိုင် လုပ်ပေးကြပါတယ်။ ကျောင်းပိတ် ရက်ကာလလည်းဖြစ်တာကြောင့် စာ ကို မေ့ထားပြီး ကလေးတွေပီပီ ပေါ့ ပေါ့ပါးပါး ပျော်ရွှင်ကြတဲ့ကာလပါ။ ဗျောက်ဖောက်သံ ကြားရတာနဲ့တင်၊ မီးပုံးအပြင်အဆင်လေး တစ်နေရာ ရာမှာ မြင်လိုက်ရတာနဲ့တင် သီ တင်းကျွတ်နီးပြီရယ်လို့ တွေးတွေးပြီးပျော်ကြရတဲ့ ကလေးဘ၀ဟာ အမှတ်တရများစွာ လွှမ်းခြုံနေတဲ့ လွမ်းစရာကာလလည်းဖြစ်ပါတယ်။
“သီတင်းကျွတ်ဆိုရင် အိမ်မှာ ကောက်ညှင်း၊ ထန်းလျက်နဲ့ လုပ်တဲ့ မုန့်တွေကို သတိရတယ်။ သီတင်းကျွတ်မှာ ရပ်ကွက်ထဲက အိမ်တိုင်း နီးပါး မုန့်လုပ်ကြတယ်။  အမျိုး တွေတင်မကဘူး၊ ရပ်ကွက်ထဲ ကသက်ကြီးဝါကြီးတွေ ကိုပါ သွားကန်တော့ကြတယ်။ ရွာမှာကတော့ မြို့ပေါ်မှာလို သွားကန်တော့ရင် မုန့်ဖိုးပေးတဲ့ ထုံးစံတော့ မရှိဘူး။ သွားကန်တော့တဲ့ အိမ်မှာလုပ်တဲ့ မုန့်ကို အပြန်ထည့် ပေးလိုက်တာမျိုးပဲရှိတယ်”လို့ ကချင်ပြည် နယ် ဟိုပင်မြို့က ကိုကျော်ကျော်က ပြောပြခဲ့ပါတယ်။
“သီတင်းကျွတ်က စပြီး မန်းလေးမှာ ဘုရားပွဲတွေစပြီ။ အိမ်တော်ရာဘုရားပွဲ၊ ကျောက်တော်ကြီး ဘုရားပွဲ၊ သကျသီဟဘုရားပွဲ။ ကျွန် တော်ထင်တာတော့ အခါကြီး ရက်ကြီး လပြည့်နေ့တွေဆို မြို့ထဲမှာ ချောက်ကပ်ပြီး ပြင်ဦးလွင်မှာ ပိုစည်သလားလို့။ အရင်နဲ့အခု ဘာကွာလဲ ဆိုတော့ အရင်ကလို ဆီမီး ၀ါဂွမ်း အစား တရုတ် မီးလုံးတွေ များလာတယ် ထင်တယ်”လို့ မန္တလေးသူ မထက်ထက်က ဆိုပါတယ်။
မိုးရာသီကာလ တစ်လျှောက် အလုပ်အကိုင် ရောင်းရေးဝယ်တာမှာ အေးနေခဲ့သမျှ ပွင့်လင်းရာသီကာလ စပြီဆိုရင်တော့ အရာရာပွင့်လန်းလာတတ်တာ၊ အရောင်းအ၀ယ်တက် လာတာကို လုပ်ငန်းလုပ်ကိုင်သူတွေ က မျှော်လင့် စောင့်စားကြပါတယ်။ နယ်ဝယ်လက်တွေကို လက်ကား ရောင်းသူတွေက မျှော်သလို လက်လီ ပြန်ရောင်းသူတွေက ဈေးဝယ်တွေ ကို မျှော်ကြပါတယ်။ ဈေးဝယ်မယ့်သူကလည်း သူ့ဝင်ငွေကို တွက်ဆပြီး သုံးကြပြန်ပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကြတဲ့ ကျေးရွာတွေမှာတော့ ဒီနောက်ပိုင်းနှစ်တွေမှာ သီးနှံအ ထွက်လျော့သလို ဈေးကလည်း သိပ်မရတာမို့ အလှူအတန်းဘက် မှာ စိတ်ရှိသလို လှူနိုင်တန်းနိုင် တယ်ဆိုတဲ့သူက နည်းသွားခဲ့ပါပြီ။ အခါကြီးရက်ကြီး အခါရာသီကျလာလို့သာ လှူတယ်ရယ်လို့ ဖြစ်အောင် လုပ်ကြရမယ်၊ ရွာတွေမှာ အလှူ ဆိုတဲ့အသံကတော့ အရင်လောက် သိပ်မစည်ဝေနိုင်တော့ပါဘူး။ ဒါပေ မယ့်လည်း မရှိလို့ မလှူ၊ မလှူလို့ မရှိ မဖြစ်ရလေအောင် စိတ်ထဲ မှတ်ယူထားတတ်တဲ့ မြန်မာတို့ရဲ့ စေတနာကတော့ ဘယ်ခေတ် ရောက် ရောက် ပြဋ္ဌာန်းဆဲပါ။
ရန်ကုန်မြို့မှာတော့ ဈေးဝယ် စင်တာတွေ၊ အရောင်းဆိုင်တွေမှာ သီတင်းကျွတ် အပြင်အဆင်တွေကို မြင်နေရပါပြီ။ ဗျောက်သံကလည်း ဘယ်လိုပဲ တားတယ်ဆိုဆို လွန်ခဲ့တဲ့ လကတည်းက တညံညံနဲ့ပါပဲ။ အိမ် နီးချင်းနိုင်ငံက ၀င်ရောက်လာတဲ့ မီးပုံးလှလှလေးတွေကလည်း ၀ယ်သူ ကို မျှော်လို့ပေါ့။ ဒီလိုပဲ ပျော်ပွဲရွှင်ပွဲ တွေ၊ ဖျော်ဖြေပွဲတွေကလည်း သီတင်းကျွတ်အမီ တာစူနေကြပါပြီ။
မြို့ကြီးတွေကအစ မြို့ကလေး တွေ၊ ကျေးရွာတွေအထိ မြန်မာလူ မျိုးတွေအတွက် မျှော်လင့် စောင့်စား နေကြတဲ့ သီတင်းကျွတ်ကာလဟာ မကြာမီ ရောက်လာတော့မှာပါ။ သီတင်းကျွတ်လပြည့်နေ့ဟာ အောက် တိုဘာလ ၃၀ ရက်နေ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သီတင်းကျွတ် ပွဲတော်ဟာ ရန်ကုန်အပါအ၀င် မြို့ တိုင်းလိုလိုမှာ အထိုက်အလျောက် ပြန်စည်ကားလာခဲ့ပါတယ်။  မြန်မာလူမျိုးတို့အတွက် အထွတ်အမြတ် ပွဲတော်မှာ လှူချင်သူတွေလည်း ရည်ရွယ်ထားသလို လှူနိုင်စေဖို့၊ ပျော်ရွှင် ကြည်နူးလိုသူ ကလေးငယ်၊ လူငယ်လူရွယ်တွေလည်း လိုအင်တွေပြည့်ဝစေဖို့ မျှော်လင့်ဆုတောင်း ရပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis