menu

Thursday 25 October 2012

ခေတ်သစ် ငခင်ညိုများ(မာဂျေ)

"အမယ် လော်စပီကာကြီး တကိုင်ကိုင်နဲ့ လမ်းထဲမှာ ထီရောင်းဖို့ကျင့်နေတာလား" ပြောသံနဲ့အတူ
တပည့်ကျော် မောင်ကြွက်နီ ရောက်လာပါတယ်။
"အသံကျယ်ရင် နိုင်စတမ်းခေတ်မို့လို့ အသံကျယ်ကျယ်ထွက်အောင် ဟောဒီ လော်ကြီးနဲ့ ကျင့်နေ
တာ။ ဒါထက် ငါ့ဆီ မလာဘဲ လနဲ့ချီပြီးပျောက်နေတာ ဘယ်သွားနေတာလဲ"လို့ ဟောက်လိုက်
ရင်ပဲ
"ရေလိုက်ခပ်နေတာပေါ့ဗျ။ ခင်ဗျားကြီးက ဖြစ်ထွန်းတဲ့သူမဟုတ်တော့ ခင်ဗျားကို ဆရာတင်မှား
ခဲ့တဲ့ ကျွန်တော့မလည်း ကျွန်စုပ်တဲ့သရက်စေ့လောက်တောင် မပြောင်လို့ ငွေလိုက်ရှာနေရတာ
ပေါ့။ တချို့များ ဟိုခေတ်ဆိုလည်း ဟိုခေတ်က အာဏာရှိသူနဲ့ပေါင်းလိုက်၊ တစ်ခါ ခေတ်ပြောင်း
ပြန်တော့လည်း သူတို့လောက် ဒီမိုကရေစီလိုလားသူမရှိ လိုက်နဲ့၊ အနေအစားချောင်နေလိုက်တာ၊

ဒီခေတ်ရောက်တော့ သူတို့ကပဲဒီမို ကရေစီရရှိရေးတိုက်ပွဲဝင်ပေးနေ သလိုလို...ဟာ ဟာ ဟ"
"အလဲ့ လာလာချည်သေး၊ မင်းက ညနေတိုင်း ကျွန်တော့ကို သုံးထောင်နဲ့ ၀ယ်ပါပြောလည်း
ညနေတိုင်း အရက်တိုက်၊ ထမင်းကျွေးနေတာပဲ၊ တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့၊ မင်း ကျေးဇူး
မကန်းနဲ့"
"နေစမ်းပါဦး၊ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာ ရာဇ၀င်ထဲမှာ ခပ်ညံ့ညံ့ ဘုရင်နဲ့ သူ့ရဲ့ ခပ်ညံ့ညံ့
လူယုံတော် ပြောခဲ့တာတွေပါဗျာ"
"မင်းကတော့လုပ်ပြီ၊ ငါတို့မှာ ဒီစာကို တစ်သက်လုံး အလွတ်ကျက်လာခဲ့ရတာ၊ မင်းနဲ့ကျမှ
ရှေးထုံးတွေလည်း ဖျက်ရ တော့မလိုလို"
"အစ်ကိုကြီး စဉ်းစားကြည့်ပါ။ တစ်သက်လုံး ကျွေးလာတဲ့ ကိုယ့်အလုပ်ရှင် ဘုရင်ခိုင်းတာကိုတော့
အောင်မြင်အောင် မလုပ်နိုင်ဘဲ သူ့ကို သတ်မှာစိုးလို့ လျှောက်ပလီတာ။ ဘုရင်ကလည်း ခပ်
ညံ့ညံ့ဆိုတော့ အဲဒါကို အဟုတ်ထင်နေတယ်။ ဒါနဲ့ ကျွန်တော်တို့မှာ ဒီစကားကြီး ကိုပဲ အဟုတ်
မှတ်နေရတာ။ ကျွန်တော်သာ ဘုရင်ဆိုရင် အဲဒီကောင်ကို သေဒဏ် ပေးပစ်တယ်"
"မင်းကလည်းကွာ သူများအသက်ကို၊ အဖန်ငါးရာ ကမ္ဘာငါးရာ မကြောက်ဘူးလား။ အခုခေတ်
စားနေတာမျိုး ထောင် တစ်သက် လွတ်ရက်မရှိလောက်ဆိုလည်း ရပါတယ်။ နေစမ်းပါဦး၊ မင်းက
ကိုယ့်မြန်မာရာဇ၀င်ထဲက ဘုရင်နဲ့ သူရဲကောင်းကို ဘာမကျေမချမ်း ဖြစ်နေတာလဲ"
"အစ်ကိုကြီးစဉ်းစားကြည့်လေ၊ ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းစား သူ့ညီ
အသင်္ခယာစောယွန်းကို သွားသတ်ခိုင်းတာ။ ငခင်ညိုဆိုတဲ့ ကောင်က စစ်သားလေ။ ဘယ်နှရက်
လောက်ကြာမှ လုပ်ကြံလို့ရနိုင်မယ်၊ ဒါဆိုရင် လမ်းမှာစားဖို့ ထမင်းခြောက်တို့ ရေဘူးတို့ ဆောင်
သွားမယ်တို့ စဉ်းစားပါလား။ ဘ၀င်မြင့်ပြီး ဘာမှယူမသွားဘဲ ဟိုရောက်တော့ သူထင်သလို
ခပ်ချောင်ချောင်မဟုတ်တော့ တောပုန်း တောင်ပုန်းနဲ့။ နောက်ဆုံးမတော့ သူများနန်း တော်ထဲက
နတ်တင်ထားတဲ့ထမင်းကို ခိုးစားရသတဲ့။ ဒီထမင်းတစ်နပ် စားရတာနဲ့တင် ခိုင်းတဲ့အလုပ်ကို
ပြီးအောင် မလုပ်ခဲ့ဘူး။ ခေတ်စကားနဲ့ပြောရရင် မစ်ရှင်အကွန်ပလစ်ရှ် မဖြစ်ဘူးပေါ့ဗျာ"
"မောင်ကြွက်နီရယ် မြန်မာလိုပြောလည်း ရပါတယ်။ ဒီမှာ တံထွေးတွေ စဉ်ကုန်ပြီ"
"တံထွေးစဉ်တာက ကျွန်တော့ ရှေ့သွားနှစ်ချောင်း ကျိုးနေလို့။ ဟာဗျာ ခင်ဗျားပြောတာနဲ့
ရှုပ်ကုန်ပြီ။ ကျွန်တော့ အမြင်တော့ တစ်သက်လုံး မြှောက်စား လာတဲ့၊ တစ်သက်လုံး ကျွေးမွေး
လာတဲ့ ဘုရင်ထက် တစ်နပ်လောက် ခိုးစားရတာကို ပိုပြီးကျေးဇူးတင်နေတဲ့ပုံစံ။ ကျွန်တော်
တွေးမိတာက ဒီထက်မကဘူး၊ ဒီငခင်ညိုဆိုတဲ့ကောင်က ဟိုဘက်က ရန်သူဘုရင်နဲ့ ဘာတွေများ
ညှိလာသလဲမှ မသိတာ။ ဥပမာဗျာ စစ်ကိုင်းမှာ မင်းကို မြေတစ်ကွက်ပေးမယ်။ ရော့ ဒီဓားကြီးယူ
သွား။ အမှန်တော့ ဒီဓားကြီးက သူလိုချင်တာ။ အဖေက ငါ့ကို အမွေပေးလိုက်လို့ မကျေမနပ်ဖြစ်
နေတာ။ လောကကြီးမှာ တချို့က ကိုယ်မရရင် ပြဿနာရှာချင် ကြတယ်လို့ ပြောပုံရတယ်။
ဒီခေတ်က တချို့လူတွေလိုပေါ့ဗျာ"
"ဟေ့ကောင် မင်းစကားပြောရင် လွတ်လွတ်ကင်းကင်းပြော၊ နိုင်ငံရေးတွေ ပါမလာနဲ့"
"ဟုတ်တယ်လေ၊ တစ်သက်လုံး စား သောက်လာတာကို ထည့်မစဉ်းစားဘဲ အခုမှ ထမင်းကျွေး
တဲ့လက်တွေကို ပြန်ပြန် ကိုက်နေတာတွေ တွေ့နေရလို့" "အဲဒါက ပြောင်းလွယ်ပြင်လွယ်ရှိ
တယ်တို့၊ အမှန်တရားဘက်က နေတယ်တို့၊ ကျင့်ဝတ်ရှိတယ်တို့၊ အိုကွာ ဒီထက်ကြီးကြီးကျယ်
ကျယ်ပြောချင်ရင် ပြည်သူ့ အတွက် ပြည်သူ့ဘက်ကနေတယ်တို့ စကားလှလှပြောရတယ်"
"တော်ပါဗျာ၊ နောက်ဆုံးမတော့ အဲဒီလိုတွေပြောပြီး ငွေရှာနေကြတာပါ။ ငခင်ညိုလည်း နှစ်ဖက်
ခွစားသွားတာပဲ။ ခေတ်ကြီးကိုက မကောင်းပါဘူးဗျာ။ ကျွန်တော်တို့များ ငွေတွင်းနက်လိုက်တာ"
"အဲဒါ မင်းအတိတ်ကံမကောင်းခဲ့လို့ပေါ့ မောင်ကြွက်နီရဲ့။ ဒီဘ၀မှာ စိတ်ကောင်းကောင်းထား"
"ခင်ဗျားကြီးက ရွှေပြည်အေးတရားဝင်ဟောမနေစမ်းပါနဲ့။ အဲဒီလို ခေတ် အဆက်ဆက် စားပေါက်
ချောင်နေတဲ့ ခေတ်သစ်ငခင်ညိုတွေကို ဘယ်လို နှိပ်ကွပ်ရမလဲ စဉ်းစားနေတာ"
"အဲဒီလူတွေကို ခေါင်းပုံဖြတ်လို့ အလွယ်ဆုံးနည်း မင်းကိုငါပေးမယ်။ သူတို့တစ်တွေ အချောင်ရတဲ့
ငွေတွေနဲ့ အလှူတွေလုပ်ကြ၊ ပေးကြကမ်းကြ လုပ်တာတွေကိုတွေ့ရင် သာဓုသာ ၀င်ခေါ်ပစ်လိုက်။
မင်းလည်း တူသောအကျိုးရ လိမ့်မယ်။ ဒီဘ၀တော့ ဒီနည်းနဲ့ လက်စားချေတာကလွဲရင် တခြား
နည်းတော့ ငါလည်းမသိဘူး မောင်ကြွက်နီရေလို့ ပြောလိုက်မှ ငတိလည်း ခေါင်း ငိုက်စိုက်နဲ့
ပြန်သွားရော၊ သူပြောသွားတဲ့ အထဲမှာ စဉ်းစားစရာတွေက အများသားဗျ။
Myanmar times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis