menu

Thursday 25 October 2012

မူတစ်ခုနဲ့ လူထုရဲ့ သတင်းစာ(နီမင်းဆွေ)




thn-10-24-1
အခုတလော ကိုယ်တို့နိုင်ငံမှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး ပြောသံဆိုသံတွေကို မကြာခဏဆိုသလို ကြားလာရတော့ ကိုယ်လည်းသတင်းစာတွေအကြောင်း တွေးဖြစ်မိပါတယ်။ အဲဒီလိုတွေးရင်းနဲ့ ၁၉၆၅ ခုနှစ် မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့ရစဉ်တုန်းက သတင်းစာထဲမှာ ပြင်ဦးလွင်နဲ့ ပတ်သက်တဲ့ အကြောင်းရေးထားတဲ့သတင်းလေးတစ်ပုဒ်ဖတ်ခဲ့ရတာကိုလည်း သွားသတိရမိတယ်။အဲဒီသတင်းအကြောင်း ပြောမပြခင် အခုပြင်ဦးလွင်လို့ခေါ်တဲ့ အဲဒီတုန်းက မေမြို့ရဲ့သဘောသဘာဝလေးတွေကို အရင်ပြောထားမှ သတင်းရဲ့ဆိုလိုတဲ့ အဓိပ္ပာယ်ကိုပိုပြီး ခြုံငုံမိမှာဖြစ်တယ်။ ဒါ့ကြောင့်မို့ အဲဒီသတင်းနဲ့ ပတ်သက်တာရော ပြင်ဦးလွင်ရဲ့ သဘောသဘာဝလေးတွေအကြောင်းကိုပါ အရင်ပြောပြ ထားချင်ပါတယ်။

အဲဒီတုန်းက မန္တလေးတက္ကသိုလ်မှာ ကိုယ်အများဆုံးတွဲဖြစ်ခဲ့တဲ့ အဆောင်နေ သူငယ်ချင်းငါးယောက်ထဲက သုံးယောက်ဟာ ပြင်ဦးလွင်က ဖြစ်ကြပါတယ်။ ပြင်ဦးလွင်သား သူငယ်ချင်းသုံးယောက်ကလည်း အမြဲအလည်ခေါ်လို့ကိုယ်တို့ငါးယောက် စလုံးဟာ ကျောင်းသုံးရက်လောက် ဆက်တိုက်ပိတ်ပြီဆိုတာနဲ့ ပြင်ဦးလွင်ကို သွားလည်လေ့ရှိကြတယ်။ပြင်ဦးလွင်သားမဟုတ်တဲ့ကိုယ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ပြင်ဦးလွင်မြို့ခံသူငယ်ချင်းသုံးယောက်ထဲ ကတစ်ယောက်ရဲ့အိမ်မှာ တည်းကြရတာပေါ့။ အဲဒါကိုယ်တို့ငါးယောက်ဟာ ညဘက်လမ်းလျောက်တဲ့အခါ လမ်းလျောက်၊ နေ့ခင်းဘက်စက်ဘီးကိုယ်စီနဲ့ လျှောက်လည်တဲ့အခါလျှောက်လည်ကြရင်းနဲ့ ကိုယ်လည်းပြင်ဦးလွင်အကြောင်းကို တော်တော်လေးသိလာရတယ်။
အဲဒီလိုပြင်ဦးလွင်ကို မကြာခဏသွားလည်ရင်း သိလာတဲ့အချက်တွေကတော့ ပြင်ဦးလွင်မှာ ခြင်မရှိတဲ့အကြောင်း၊ ယင်ကောင်လည်းမရှိသလောက်ရှားတဲ့အကြောင်း၊ မိုးရွာပြီး ၁၅ မိနစ်လောက်ကြာရင် လမ်းတွေပေါ်မှာရေမရှိတော့တဲ့အကြောင်း၊ ဆောင်းတွင်းညဘက်လမ်းလျောက်ရင် နှင်းတွေကျလို့ ရှေ့ကိုဝါးတစ်ရိုက်ထက်ပိုမမြင်ရတဲ့အကြောင်း၊ လမ်းဘေးတစ်လျောက်မှာရှိတဲ့ ချယ်ရီပင်တွေပင်လုံးကျွတ်ပွင့်ကြပြီဆိုရင် ပန်းချီကားတစ်ချပ်ထဲဝင်ပြီး လမ်းလျောက်နေရသလို ကြည်နူးရတတ်တဲ့အကြောင်း၊ အဲဒီချယ်ရီပန်းတွေကို ခူးနေတဲ့လူတွေကိုတွေ့ရင်လည်း ကလေးတွေကစပြီး 'မခူးပါနဲ့ဗျို့၊ နှမြောစရာကြီး'လို့ လှမ်းအော်တတ်ကြတဲ့အကြောင်း၊ ဖေဖော်ဝါရီလလယ် နေ့ခင်း ၁၂ နာရီလောက်မှာ ထီး၊ဦးထုပ်မပါဘဲ နာရီစင်နံဘေးလမ်းလျောက်ရပြီဆိုရင် ချမ်းကလည်း နည်းနည်းချမ်းနေသေး ဦးခေါင်းပေါ်မှာကျနေတဲ့ နေရောင်ကလည်း နွေးတယ်ဆိုရုံလေးမို့ ဒီလိုခံစားရမှုမျိုးကို တစ်သက်တာမေ့မရနိုင်အောင် ဖြစ်ရတဲ့အကြောင်း၊ အဲဒီတုန်းက ပြင်ဦးလွင်မြို့သူမြို့သားတွေဟာ ပွဲငတ်ကြတဲ့လူတွေဖြစ်တဲ့အကြောင်း၊ ညံတောဘုရားပွဲတစ်ခုသာ မှတ်မှတ်ရရ အထူးစည်ကားလေ့ရှိတဲ့အကြောင်း၊ ပွဲငတ်သူတွေမို့ အိမ်တစ်အိမ်မီးလောင်ပြီဆိုရင်တောင်မှ ငြိမ်းသတ်ရကောင်းမှန်းမသိဘဲ ပွဲကြည့်ရသလို အထူးအဆန်းသဖွယ် သွားကြည့်လေ့ရှိကြတဲ့အကြောင်း၊ တစ်ခြံနဲ့တစ်ခြံကလည်း အဝေးကြီးမို့မီးလောင်ရင် အိမ်တစ်လုံးထက် ပိုလောင်လေ့မရှိကြောင်းနဲ့ မီးလောင်တယ်ဆိုတာကလည်း မရှိသလောက်နီးပါး ရှားပါးတဲ့ ကြောင်းတွေကိုပါပဲ။
ဒီအချိန်အတွင်းမှာ မန္တလေးမြို့ ဗဟိုမီးသတ်ကြီးဆီကို နိုင်ငံခြားက မီးသတ်ကားအသစ်တွေ နောက်နှစ်လလောက်အကြာမှာ ရောက်လာတော့မယ်လို့ သိလိုက်ကြရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာက မီးသတ်မရှိတဲ့ပြင်ဦးလွင်ကို အရန်မီးသတ်တပ် ဖွဲ့ အမြန်ဖွဲ့ခိုင်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံခြားကမီးသတ်ကားအသစ်တွေ မန္တလေးရောက်လာတဲ့အခါ မန္တလေးမှာရှိနေပြီးဖြစ်တဲ့ သုံးဘီးမီးသတ်ကားအဟောင်းတစ်စီးကို မေမြို့ကိုပို့ပေးလိုက်ကြတော့မှာကိုး။
ဒါ့ကြောင့် ပြင်ဦးလွင်မှာရှိတဲ့ ရပ်ကွက်ပေါင်းစုံထဲက စိတ်ဝင်စားတဲ့ လူငယ် ၂၀ နဲ့ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး နှစ်လကြာသင်တန်းပေးပါတော့တယ်။ ရှေ့ကြည့် သတိညာညှိ ဘယ်လှည့်ချီတက်လုပ်ကြတာပေါ့။ အဲဒီလိုသင်တန်းပေးနေတာ ကိုပဲ လာကြည့်ကြတဲ့ လူကမနည်းဘူး။ အဲဒီလိုနဲ့ သုံးဘီးမီးသတ်ကား ရောက်လာတဲ့နေ့မှာ ပြင်ဦးလွင် မီးသတ်ဌာနဖွင့်ပွဲကို ကျင်းပကြတော့တာပါပဲ။ ဒါတွေက ကိုယ်သိထားတဲ့အကြောင်းတွေကို ပြောပြနေတာပါ။သတင်းစာထဲမှာပါတဲ့အကြောင်း အရာက အခုမှစပါမယ်။
မီးသတ်ဖွင့်ပွဲနေ့ ည ၇ နာရီမှာ မြို့လူကြီးတစ်ယောက်က အဖွင့်မိန့်ခွန်းပြောပြီး မီးသတ်လူငယ်တွေ စစ်ရေးပြလုပ်ကြပါတယ်။ နောက်မီးသတ်ကားကို စက်နှိုးပါတယ်။ မီးသတ်တဲ့ဟန်ကို ပီပီပြင်ပြင်တွေ့မြင်ကြရအောင် တကယ့်ရေနဲ့လမ်းဘေးက သစ်ပင်တစ်ပင်ကို အစမ်းပက်ပြီး လေ့ကျင့်ကြပါတယ်။ မြို့လူကြီးတွေလည်းကြည့်ကြရအောင်ဆိုတဲ့ သဘောလည်းပါတာပေါ့။ ရေအားတော်တော်သန်လို့ ကြည့်လို့အင်မတန် ကောင်းပါတယ်။ ပြီးတော့ ရပ်ကွက်မြို့မိမြို့ဖလူကြီးတွေနဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေကို လက်ဖက်ရည် စမူဆာနဲ့ဧည့်ခံပါတယ်။ ဆောင်းတွင်း ချမ်းချမ်းစီးစီးနဲ့လုပ်တဲ့ ဒီဖွင့်ပွဲကို လာကြည့်ကြတဲ့လူတွေမနည်းဘူး။ ပရိသတ်ကြီးလည်း သူတို့ကို ဘာမှမကျွေးမှန်းသိပေမယ့် ပွဲငတ်သူတွေဖြစ်တာကတစ်ကြောင်း မီးသတ်ကားနဲ့ ရေပက်တာကို တစ်ခါမှမတွေ့ဘူးတာက တစ်ကြောင်းမို့ လာကြည့်ကြတာပါပဲ။
အဲဒါ အကျွေးအမွေးနဲ့ဧည့်ခံလို့တောင်မပြီးသေးခင်မှာ အခမ်းအနားလုပ်တဲ့နေရာနဲ့ မိုင်ဝက်ကျော်ကျော်လောက်ပဲရှိတဲ့နေရာက အိမ်တစ်အိမ်ကို မီးထလောင်ပါလေရော။ မီးလန့်သံချောင်းရယ်လို့ သတ်သတ် မှတ်မှတ်မထားရှိကြပေမယ့် တွေ့က ရာသံချောင်းတွေကို လိုက်ခေါက်ကြလို့ အသံတွေကြားကြရတဲ့အပြင် မီးတောက်ကိုလည်း လှမ်းမြင်ကြရပါတယ်။ မီးသတ်ရဲဘော်တွေရဲ့ မျက်နှာတွေလည်း ရုတ်ခြည်းဆိုသလို ၀င်းလက်သွားတော့တာပေါ့။ ပရိတ်သတ်ကြီး ရှေ့မှာစွန့်စွန့်စားစား မီးသတ်ပြကြရတော့မှာကိုး။

တကယ်တော့ ဆိုဗီယက်ကွန်မြူနစ်ပါတီက ၁၉၁၂ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ ပရားဗဒါ(Pravda) သတင်းစာဟာ နိုင်ငံရေးမူဝါဒတွေကိုချည်းပဲ စင်းစင်းကြီးဖော်ပြလေ့ရှိတာမို့ လူတွေမကြိုက်ကြပါဘူး။ နာရေးကြော်ငြာကိုကြည့်ပြီးတာနဲ့ လူတွေက အဲဒီသတင်းစာကို စားပွဲပေါ်မှာပြန်ချသွားလေ့ရှိကြတာဖြစ်တယ်။
ဒါပေမယ့် ပြဿနာက သုံးဘီးကားကိုစက်ပြန်နှိုးတော့ စက်ကမနိုးတော့ဘူး၊ ခုနကလေးကမှ တထိန်းထိန်းမြည်ပြီး စက်နိုးနေခဲ့သေးတာ ခုမှဘယ်လိုဖြစ်သွားတယ်မသိဘူး။ အဲဒါဘယ်လိုမှစက်မနိုးတော့ ပရိသတ်တွေလည်းစက်နိုးအောင် မီးသတ် ကားကို ၀ိုင်းတွန်းကြတယ်။ တချို့ဖိနပ်တွေဘာတွေတောင် ကျွတ်ကျန်ခဲ့ကြလို့။ အဲဒါကုန်းတက်ကုန်းဆင်းများတဲ့ ပြင်ဦးလွင်ရဲ့လမ်းတစ်လမ်းပေါ်မှာ နှစ်ကုန်းကျော်လောက်တွန်းပြီးသွားတော့မှ မီးသတ်ကားစက်နိုးသွားလို့ ပရိသတ်ကြီးလည်း တော် တော်ဝမ်းသာသွားတယ်။
ဒါပေမယ့် မီးလောင်တဲ့အိမ်နား ကားရောက်သွားတော့ မီးကငြိမ်းနေပါပြီ။ စိတ်အဆာပြေအောင် မီးကြွင်းမီးကျန်ကိုပက်ကြမယ်ဆိုပြီး မီးသတ်ပိုက်ထုတ်ပြီး ပက်လိုက်တဲ့အခါမှာ ရေကပြွတ်ပြွတ်ပြွတ်ပြွတ်နဲ့ နှစ်ခါလောက်ရှေ့ခုန်ထွက်လာပြီး ရေကုန် သွားတော့တယ်။ ခုနက အစမ်းပက်ပြတာ နည်းနည်းများသွားတာကိုး။
ဒီအကြောင်းကို သတင်းစာက ပညာသားပါပါနဲ့ တည်တည်ခံ့ခံ့လေးသရုပ်ဖော်ပြီးရေးသွားခဲ့ပါတယ်။ အဆုံးသတ်လေးမှာ 'သို့ရာတွင် မီးသတ်ကားရောက်ရှိသွားသည့်အချိန်၌ မီးလောင်သည့်အိမ်မှာ မီးငြိမ်းနေပြီဖြစ်ပြီး မီးသတ်ကားထဲတွင်ရေမကျန် တော့သည်ကိုလည်း တွေ့ရှိကြရကြောင်း'လို့ အဆုံးသတ်ထားပါတယ်။
ကာလအားဖြင့်ကြည့်ရင် ဒီသတင်းလေးကိုဖတ်ခဲ့ရတာ လာမယ့်ဒီဇင်ဘာလောက်ရောက်ရင် ၄၇ နှစ်တင်းတင်းပြည့်ပါတော့မယ်။ ခုထိမနေ့တစ်နေ့ကမှဖတ်ရသလို ရင်ထဲမှာစွဲငြိ မှတ်မိနေတုန်းပါပဲ။ဒါ့ကြောင့်သတင်းစာဆိုတာဟာ ဘာညာစသဖြင့်ကြီး ကြီးကျယ်ကျယ် ခမ်းခမ်းနားနားပြောမနေတော့ဘဲ သတင်းစာဆိုတာလူထုရဲ့ နှလုံးသားကို အဲဒီလောက်ထိလွှမ်းမိုးနိုင်တယ်ဆိုတာလောက်ကိုပဲ ပြောချင်မိတာပါ။ နောက်တစ်နှစ်သတင်းစာထဲမှာဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ် ကိုလည်း မှတ်မိသလိုရေးပြပါဦးမယ်။
'...ရက်နေ့...နာရီအချိန်ခန့်တွင် မင်္ဂလာဒုံဘက်မှ ပြည်သူ့ဆေးရုံကြီးသို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသော လူနာနှစ်ဦးတင်ဆောင်လာသည့် သူနာတင်ယာဉ်တစ်စီး ဟံသာဝတီအ၀ိုင်းအနီးအရောက်တွင် ဟံသာဝတီလမ်းအတိုင်း အနောက်မှအရှေ့ သို့ မောင်းနှင်လာသောကုန်တင်ယာဉ်တစ်စီးက ဘရိတ်ပေါက်ပြီး ၎င်းသူနာတင်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်သွားခဲ့ကြောင်း၊ ကားနှစ်စီးပေါ်တွင်ပါလာသူများ အပြင်းအထန်ဒဏ်ရာမရရှိကြသော်လည်း သူနာတင်ကားပေါ်တွင်ပါလာသည့် ၀ဲ ဘက်လက်ကျိုးနေသည့်လူနာမှာ လက်ျာဘက်လက်ကျိုးသွားပြီး လက်ျာဘက်ခြေကျိုးနေသည့်လူနာမှာ ၀ဲဘက်ခြေထောက်ကျိုးသွားသည်ဟု သိရှိရကြောင်း' လို့ဖြစ်ပါတယ်။ အဲဒီသတင်းလေးကိုလည်း ဒီနေ့ထိ သတိရနေပါသေးတယ်။
အဲဒီသတင်းရဲ့နောက်ပိုင်းမှာတော့ သတင်းစာထဲမှာဖတ်ခဲ့ရတာတွေထဲက ခုချိန်ထိသတိရနေသေးတဲ့ဟာဆိုလို့ ဒီကနေ့ထိ ဘာတစ်ခုမှမယ်မယ်ရရမရှိတော့ပါဘူး။ ဒါပေမယ့် သတင်းစာသုံးစောင်ကို တစ်လ ကျပ် ၆၆၀၀ ပေးပြီး ဒီကနေ့ထိယူနေ ရတုန်းပါပဲ။ မဖတ်မဖြစ်တဲ့ဟာလေးတွေ ပါနေသေးတာကိုး။ ကိုယ့်သူငယ်ချင်းတစ်ယောက်ကတော့ သတင်းစာအရူးလို့ဆိုရမလားပဲ။ ကိုယ့်လို ပြည်တွင်းသတင်းစာသုံးစောင်ယူရုံတင်မကဘူး၊ အိမ်နားနီးချင်းနိုင်ငံက သတင်းစာ သုံးစောင်ကို တစ်ရက် ကျပ် ၆၆၀၀ အကုန်အကျခံပြီး လပေးနဲ့ဝယ်ဖတ်ပါတယ်။ ရံဖန်ရံခါမှာလည်း အာဆီယံအရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံက သတင်းစာတွေကို ယူယူလာပြီးကိုယ့်ကို ပြတတ်ပါတယ်။
တစ်ခါမှာတော့ နိုင်ငံတစ်နိုင်ငံကထုတ်ဝေတဲ့ သတင်းစာတစ်စောင်ထဲမှာ ညှပ်ပါလာတဲ့စာရွက်တစ်ရွက်ကို အဲဒီသူငယ်ချင်းက ကိုယ့်ကိုလာပြပါတယ်။ အဲဒီစာရွက်ထဲမှာ သူတို့ သတင်းစာကိုလူကြိုက်များလာအောင် ဘာတွေထည့်ရင်ကောင်းမလဲဆိုတာ ကို အကြံပြုကြပါဆိုတဲ့ သဘောမျိုးနဲ့ရေးထားတာကို တွေ့ရပါတယ်။   အဲဒီလို စာရွက်အပိုထည့်ပေးလိုက်တဲ့ သတင်းစာဟာ ပုဂ္ဂလိကပိုင်သတင်းစာမဟုတ်ဘဲ အစိုးရပိုင်ဖြစ်တဲ့အကြောင်းကိုလည်း သူငယ်ချင်းကရှင်းပြလို့ သိရပါတယ်။ နောက်သူဆက်ပြောတာက 'အံ့သြလို့ မဆုံးဘူးကွာ၊ အဲဒီလူတွေ ဒါလေးတောင်မသိကြတော့ဘူး' လို့ဆိုပါတယ်။ ကိုယ်က ဘာကိုမသိတာလဲကွလို့ ပြန်မေးတော့သူက ကိုယ့်အမေးကို ပုံပြင်လေးတစ်ပုဒ်နဲ့ ခုလိုပြန်ဖြေသွားပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ၁၉၉၂ ခုနှစ်လောက်တုန်းက မော်စကိုမှာရှိတဲ့ အရက်ဆိုင်တစ်ဆိုင်
ထဲမှာဖြစ်ပါတယ်။ လူကြီးတစ်ယောက်က စားပွဲထိုးတဲ့ ကောင်လေးကို 'ဟေ့ ငါ့ကိုပရားဗဒါသတင်းစာတစ်စောင်လောက်ပေးစမ်းပါကွာ' လို့ပြောပါ တယ်။  စားပွဲထိုးတဲ့ကောင်လေးက ပြေးလာပြီး 'ဆရာ ပရားဗဒါသတင်းစာ မထွက်တော့ပါဘူးဆရာ' လို့ ပြန်ပြောပါတယ်။လူကြီးက အေးအေးလို့ ခေါင်းညိတ်ပြလိုက်ပါတယ်။ ဒါပေမယ့် နောက် ၅ မိနစ်လောက်ကြာတော့ အဲဒီလူကြီးက ဒီသတင်းစာကို ပဲ ထပ်တောင်းပါတယ်။ ကောင်လေးက ဒီအတိုင်းပဲ ထပ်ပြောပါတယ်။ စတုတ္ထအကြိမ်မှာတော့ လူကြီးက ကောင်လေးကို 'ပရားပဒါသတင်းစာတစ်စောင်လောက်ပေးစမ်းပါလို့ပြောနေတာ ဘယ်နှစ်ခါရှိပြီလဲတောင် မသိတော့ဘူးကွာ'လို့ စိတ်မရှည်တဲ့ ဟန်နဲ့ပြောပါတယ်။ ကောင်လေးကလည်းခေါင်းကုတ်ပြီး 'ဦးလေးရာ ပရားဗဒါသတင်းစာမထွက်တော့ပါဘူးလို့ ခဏခဏပြောနေတာ ဘယ်နှစ်ခါရှိမှန်း ကျွန်တော်လည်းမမှတ်မိတော့ပါဘူးဗျာ'လို့ ပြန်ပြောပါတယ်။ အဲဒီအခါမှာ အဲဒီလူကြီးက 'အေးပါကွာ ငါလည်း အဲဒါကိုပဲ ခဏခဏကြားချင်လို့ မင်းကိုမေးနေရတာပါ' လို့ ပြန်ပြောလိုက်ပါတယ်။ တကယ်တော့ ဆိုဗီယက်ကွန်မြူနစ်ပါတီက ၁၉၁၂ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ ပရားဗဒါ(Pravda) သတင်းစာဟာ နိုင်ငံရေးမူဝါဒတွေကိုချည်းပဲ စင်းစင်းကြီးဖော်ပြလေ့ရှိတာမို့ လူတွေမကြိုက်ကြပါဘူး။ နာရေးကြော်ငြာကိုကြည့်ပြီးတာနဲ့ လူတွေက အဲဒီသတင်းစာကို စားပွဲပေါ်မှာပြန်ချသွားလေ့ရှိကြတာဖြစ်တယ်။ ၁၉၉၁ ခုနှစ်ကျတော့ ရုရှားသမ္မတ 'ဘောရစ်စ်ယဲ့လ်ဆင်'(Boris Yeltsin) က ပိတ် ပစ်လိုက်လို့ ပရားဗဒါဟာ နိဋ္ဌိတံသွားခဲ့ရပါတော့တယ်။
သတင်းစာဆိုတာ နိုင်ငံအတွက် ပုံစံအမျိုးမျိုးနဲ့အသုံးဝင်ပြီး အကျိုးပြုနေတာဖြစ်ပါတယ်။ အဲဒီလို အကျိုးပြုနေတဲ့အချက်တွေအများကြီးရှိနေတဲ့အထဲမှာ တကယ်တော့ သတင်းစာထဲမှာပါတဲ့ ပြောင်မြောက်တဲ့အတွေးအခေါ်တွေကသာ ပြည်သူ့ အသိဉာဏ်ကိုပွင့်လင်းစေပြီး နိုင်ငံရဲ့ တိုးတက်မှုကို အထောက်အကူပြုစေမှာဖြစ်တယ်။ ဒါ့ကြောင့် အတွေးအခေါ်အယူအဆနဲ့ နိုင်ငံကိုတိုးတက်အောင် လုပ်ပေးမယ်ဆိုတဲ့မူကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် အဲဒီသတင်းစာဟာ ပုဂ္ဂလိ ကသတင်းစာပဲဖြစ်ဖြစ် နိုင်ငံပိုင်သတင်းစာပဲဖြစ်ဖြစ် ပြည်သူနှစ်ခြိုက်တဲ့သတင်းစာဖြစ်လာမှာပါပဲ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis