menu

Thursday 19 July 2012

မြန်မာနိုင်ငံမှ ငါးမြစ်ချင်း တင်ပို့မှု ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိ

ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသော ငါးမြစ်ချင်းငါးများ၏ မျိုးရိုး ဗီဇမြှင့်တင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ၂၃/ ၂ဝ၁၂ ပုံမှန်အစည်းအဝေး၌ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့လျက်ရှိသော ငါးမြစ်ချင်းငါး တင်ပို့မှုသည် ကမ္ဘာတွင် အများဆုံး ဖြစ်ကြောင်း၊ ငါးမြစ်ချင်း ငါးမျိုးရိုးဗီဇ မြှင့်တင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ ရယူသွားမည် ဖြစ်ကြောင်း၊    မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အမျိုးသား အကျိုးစီးပွားဟု ဆိုနိုင်ကြောင်း၊ ရှေ့ဆက်၍ ငါးမြစ်ချင်း ငါးမွေးမြူရေးကဏ္ဍအား စနစ်တကျ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
 (photo>> zimbio.com)
(photo>> zimbio.com)
ဆက်လက်၍ ငါးမြစ်ချင်း မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်လက်ပြောကြားရာ““ကျွန်တော်တို့ နိုင်ငံမှာ ၁၉၆၉ ခုနှစ်လောက် ကတည်းက ငါးမြစ်ချင်း မွေးမြူရေးကို စီးပွားဖြစ် စလုပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ငါးမျိုး ပြန်သန့်ရမယ့် ကဏ္ဍတွေ မလုပ်ခဲ့တဲ့အတွက် မျိုးကျတဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ငါးတင်ပို့မှု ၈ဝ ရာခိုင်နှုန်းကို ငါးမြစ်ချင်းတင်ပို့မှုအဖြစ် အဓိကထား ဆောင်ရွက်နေတဲ့အတွက် ကမ္ဘာမှာ တင်ပို့မှု အများဆုံး ဖြစ်လာပါတယ်။ မွေးမြူရေးနဲ့ ပတ်သက်လို့ ငါးမြစ်ချင်း မွေးမြူရေးဟာ အမျိုးသား အကျိုးစီးပွား လို့တောင် ပြောလို့ရပါတယ်။ အရင်တုန်းက မလုပ်နိုင်ခဲ့တဲ့ အလုပ်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့အတွက် ကောင်းတဲ့လက္ခဏာ တစ်ခုလို့  ဆိုရမှာပါ။ ဒါပေမဲ့ တစ်ခု အာရုံစိုက်ပြီး တိကျကောင်းမွန် စေချင်တာကတော့ သဘာဝအလျောက်ပေါက်ဖွားတဲ့ ငါးကို အခြေခံနေသလား။ ကန်ထဲမှာ မွေးမြူထားတဲ့ ငါးတွေကို အခြေခံနေသလား ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစကောင်းမှ အဆုံးသတ် သေချာမယ့် သဘော ရှိလို့ပါ။ အကယ်၍ မြစ်ထဲက ငါးနဲ့ မွေးမြူရေးငါးတွေ ပေါင်းစပ်လိုက်ရင် ပို၍ကောင်းမွန်လာနိုင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာနိုင်ငံရဲ့ ရေရှိတဲ့ အရပ်ဒေသတွေမှာ မျိုးစိုက်ခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ သဘာဝထဲမှတောင် သံသယဖြစ်စရာတွေရှိနေပါပြီ။ ဧရာဝတီမြစ်အပါအဝင် ရေပြင် ကျယ်တွေထဲကို ငါးလွှတ်ခဲ့ရတဲ့ အချက်အလက်တွေကို သိရှိထားမယ်ဆိုရင် ပိုကောင်းပါတယ်။ ဆက်လက်ပြီးတော့လည်း    မွေးမြူရေး၊ မျိုးရိုးဗီဇ မြှင့်တင်ရေးတွေအတွက် နိုင်ငံတကာက အကူအညီတွေ ရယူဖို့လည်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်မောင်သန်းက နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ငါးမွေးမြူရေးနဲ့ ပတ်သက်လို့ နည်းပညာတွေ ကူညီပေးရေးအတွက် ဆွေးနွေးဖို့ အကြံပေးခဲ့ ပါတယ်။
၂ဝဝ၉ ခုနှစ်မှာလည်း  အိန္ဒိယမှာရှိတဲ့ ငါးမျိုးမြှင့်တင်ရေးစင်တာကို ကျွန်တော်တို့ ရောက်ခဲ့ပါတယ်။ အဲဒီမှာ သိပ္ပံပညာရှင်တစ်ဦးရဲ့ ရှင်းပြချက်အရ အိန္ဒိယနိုင်ငံက နော်ဝေရဲ့နည်းပညာတွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရှိခဲ့ရပါတယ်။ ကမ္ဘာ့ပညာရှင်တွေကလည်း ငါးမြစ်ချင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ အအောင်မြင်ဆုံး ငါးအမျိုးအစား ဖြစ်တယ်လို့ ဆိုကြပါတယ်။ ငါးမြစ်ချင်း ဈေးကွက်အနေနဲ့ ပြည်တွင်းအတွက်ရော ပြည်ပအတွက်ပါ လက်လွှတ်လို့ မရပါဘူး””ဟု ပြောကြားခဲ့သည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis