menu

Thursday 19 July 2012

တရုတ်နိုင်ငံလုပ်မုန့်များ ကျောင်းဈေးဆိုင်များတွင် မရောင်းရန် ကောလင်းပညာရေးဌာနက တားမြစ်

ပြည်တွင်းဈေးကွက်တွင်း ၀င်ရောက်လာသော တရုတ်နိုင်ငံလုပ် မုန့်များအား အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းဝင်းအတွင်း ဈေးဆိုင်များ၌ လုံးဝမရောင်းချရန် တားမြစ်ထားကြောင်း ကောလင်းမြို့နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

“ကျောင်းသားကလေးငယ်တွေ တရုတ်နိုင်ငံလုပ် မုန့်မျိုးစုံ၊ ချဉ်စပ်ထုပ်တွေစားပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်သလို ဗိုက်အောင့်တာတွေလည်း မကြာခဏဖြစ်တယ်လို့ မြို့ပေါ်ရပ်ကွက် ကျောင်းသားမိဘအချို့က ပြောဆိုနေတာကြောင့် ယခုလို တားမြစ်လိုက်ရခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ထုတ်တဲ့မုန့်တွေနဲ့ ပတ်သက်ပြီး ကျေးလက်ဒေသမှာ ရောင်းချတာနည်းသလို ၀ယ်စားတဲ့ကလေးတွေလည်း မရှိသလောက်ပါဘဲ။ တရုတ်မုန့်တွေ အစားများတာ မြို့ပေါ်က ကလေးတွေဆိုတော့ ကြိုတင်ကာကွယ်တဲ့ သဘောအနေနဲ့ ကျောင်းဝင်းထဲမှာ ရောင်းချနေတဲ့ ဈေးဆိုင်တွေကို မရောင်းချဖို့ တားမြစ်ခြင်းဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဟန်က ပြောကြားသည်။


“တရုတ်မုန့်တွေနဲ့ ပတ်သက်ပြီး မြို့ပေါ်ကျောင်းတက်တဲ့ ကလေးတွေ ကြိုက်နှစ်သက်ပြီး စားသုံးနေတာတွေ အမြဲတွေ့နေရပါတယ်။ တချို့ရပ်ကွက်တွေမှာဆိုရင် အဲဒီမုန့်တွေစားလို့ ဗိုက်အောင့်တာတွေ ၀မ်းကိုက်တာတွေ ရှိကြတယ်လို့ မကြာခဏ ကြားနေရတာပါပဲ။ ကျွန်တော်တို့ ကျောင်းမှာတော့ အဲဒီမုန့်တွေစားလို့ ဖြစ်တယ်ဆိုတာတော့ မကြားမိခဲ့ပါဘူး။ ကျွန်တော်ကတော့ တရုတ်က၀င်တဲ့ မုန့်တွေမှ တားမြစ်တာ မဟုတ်ပါဘူး။ ကျောင်းသူ/သားတွေ ရေခဲချောင်းစားရင်တောင် တားမြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေခဲချောင်းထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ရေဟာ သန့်ရှင်း/မသန့်ရှင်းဆိုတာ မသိရတော့ မသန့်ရှင်းတဲ့ရေနဲ့ ထုတ်လုပ်ပြီး ရောင်းချတယ်ဆိုရင် ကလေးတွေအတွက် ၀မ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်မှာစိုးလို့ ကျောင်းဝင်းထဲမှာလည်း မစားဖို့တားမြစ်သလို ရောင်းချခွင့်လည်း မပေးထားပါဘူး”ဟု မြောက်အင်း အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးညိုမြင့်က သုံးသပ်ပြောကြားသည်။

ယခုအခါ တရုတ်နိုင်ငံမှ ဈေးကွက်ထိုးဖောက်မှုများတွင် ဟင်းချိုမှုန့်၊ ကြက်အူချောင်း၊ မုန့်မျိုးစုံ အများဆုံးပါဝင်ပြီး ထိုပစ္စည်းများ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ မပါသောကြောင့် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်ပြီး ထိုစားသောက်ကုန်ပစ္စည်းများသည် နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာမှုများဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံလုပ် မုန့်များသည် ဈေးနှုန်းသက်သာသလို ထုပ်ပိုးမှုကောင်း၍ မျက်နှာပန်းလှသည့်အတွက် အခါကြီး၊ ရက်ကြီးနေ့များတွင် ကန်တော့ကြသည့်အခါ ပြည်တွင်းထုတ် မုန့်များထက် ထုပ်ပိုးမှုစနစ် ကောင်းခြင်းကြောင့် ပြည်တွင်းမုန့်များနှင့် နှိုင်းယှဉ်ပါက ၎င်းမုန့်များသည် ပိုမိုအရောင်းသွက်လျက် ရှိသည်။
7Day News Journal

1 comment:

Related Posts Plugin for WordPress, Blogger...

ShareThis