menu

Thursday 19 July 2012

၁၉ ဇူလိုင်ရဲ့ အဖြူအမည်း(၀မ်းအိုဝမ်းကျော်ဝင်းမောင်)




ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဂျပန်ကိုတော်လှန်ခဲ့တယ်။ ဂျပန်တွေ မြန်မာပြည်က ဆုတ်ခွာရတော့ ဗြိတိသျှ စစ်အုပ်ချုပ်ရေးဟာ တစ်ပါတည်းပါလာတယ်။ တစ်ပြည်လုံးကို သိမ်းပိုက်ပြီး ဂျပန်လက်နက်ချလိုက်တဲ့ နောက်ပိုင်း တစ်ပြည်လုံးမှာ ဖ-ဆ-ပ-လ အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ပြီးပါပြီ။

အဲ့ဒီအချိန်တုန်းက အလံနီရော၊ ဗ-က-ပ ပါ ဖ-ဆ-ပ-လ ထဲမှာ ပါဝင်ဆဲပဲ။ ပြီးတော့ အင်္ဂလိပ်အစိုးရနဲ့ လွတ်လပ်ရေးအတွက် အရေးဆိုလျက်ရှိပါတယ်။ ဖ-ဆ-ပ-လ အလံ တော်အောက်မှာ တောင်ပေါ်မြေပြန့်မကျန် ပြည်သူတစ်ရပ်လုံး စုစည်းရောက်ရှိနေတဲ့အတွက် ဒီအင်အားကို လျစ် လျူရှုလို့ မရဘူးလေ။ ဒါကြောင့် ဖ-ဆ-ပ-လအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖို့ အရှေ့တောင်အာရှ စစ်သူကြီးလော့ဒ်လူဝီစ်မောင့်ဘက်တန်က ဖိတ်ကြားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် တဲ့ကိုယ်စားလှယ်(၁၁)ဦးဟာ၁၉၄၅ခု၊ စက်တင်ဘာလ ၄ ရက်နေ့မှာ သီဟိုကျွန်းက ကန္ဒီမြို့သို့ လိုက်သွားပါတယ်။ ၁၉၄၅ ခု၊ စက်တင်ဘာလ၆ရက်နေ့ ဆွေးနွေးရာမှ အချက် ၆ ချက်ပါ သဘောတူညီချက်ရကာ စာချုပ်ချုပ်ဆိုကြပါတယ်။ ဒီစာချုပ်ကို ''လတ်ယာဖရီးမင်း''စာချုပ်ပါတဲ့။ စစ်သူကြီး လော့ဒ်လူဝီစ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းကို အသစ်ဖွဲ့မယ့် မြန်မာ့တပ်မတော်မှာ ဆက်လက်တာဝန်ယူဖို့ ဖိတ်ခေါ်ပါတယ်။

ဒါပေမယ့် ပြည်သူ့ဆန္ဒအရ မြန်မာ့တပ်မတော်မှ နုတ်ထွက်ပြီး နိုင်ငံရေးဘက်မှာ တာဝန်ယူမယ့်အကြောင်း ပြန်ကြားလိုက်ပါသတဲ့။

ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်မြန်မာ့တပ်မတော်ရဲ့ ဗိုလ်ချုပ်ရာထူးက နုတ်ထွက်ကြောင်း ရေဒီယိုသတင်းမှာ ဖော်ပြပါရှိတာကို ၂၇-၁၀-၄၅ ခုနှစ်ထုတ် မြန်မာ့အလင်း သတင်းစာကတစ်ဆင့် ဖော်ပြပါတယ်။ မြန်မာ့မျိုးချစ်တပ်မတော်ကိုလည်း ၁၉၄၅ ခု၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကနေ နုတ်ထွက်လိုက်ကြောင်း ၂၄-၁၀-၄၅ နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ကြေညာခဲ့တယ်။
အသစ်ဖွဲ့မယ့် တပ်မတော်မှာ မပါဝင်လိုသူများနဲ့ ပါဝင်ခွင့်မရသေးတဲ့ ရဲဘော်တွေအတွက်''ပြည်သူ့ရဲဘော်'' တပ်ဖွဲ့အမည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းပေးလိုက်တယ်။ ဖ-ဆ-ပ-လရဲ့ ပြည်လုံးကျွတ် လူထုအစည်း အဝေးကြီးက တောင်းဆိုမှုကြောင့် ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၅ ရက်နေ့ကစတင်ပြီး စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက်ပါတယ်။ ဆင်းမလားရှိ မြန်မာအစိုးရအဖွဲ့ဟာ ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။

တစ်ပြည်လုံး စည်းလုံးညီညွှတ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းက ကြိုးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အလေးထားလုပ်သလို နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အရင်နိုင်ငံရေး ခေါင်းဆောင်ဟောင်းများကိုလည်း ဖ-ဆ-ပ-လ ထဲမှ ဥမကွဲသိုက်မပျက်အောင် စည်းရုံးခဲ့ပါတယ်။
''မိမိတို့ ညီညွတ်စွာ တစ်သံတည်းထွက်ကြရင် လွတ်လပ်ရေး လျှင်မြန်စွာရနိုင်ပုံ၊ ဘုရင်ခံကတစ်ဦးချင်း လူခွဲပြီး ရာထူးပေးပေး၊ နေရာပေးပေး လက်မခံကြစတမ်း ဆုံဖြတ်လုပ်ကိုင်ဖို့ အရေးကြီးလာပုံ၊ သူတို့(ဗြိတိသျှအစိုးရ) ဆွဲဆောင်ရာပါသွားကြလျှင် လွတ်လပ်ရေးနဲ့ ဝေးနိုင်ပုံ'' များ စိတ်ရှည်စွာ ရှင်းပြစည်းရုံးတယ်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကို ဘုရင်ခံဆာဒေါ်မန်စမစ်နဲ့ သူ့လူတွေက စည်းရုံးကြ တယ်။ ဘုရင်ခံဆာဒေါ်မန်စမစ်ဟာ မြန်မာပြည်ကို စက္ကူဖြူစာတမ်းနဲ့အုပ်ချုပ်ဖို့ စက္ကူဖြူစာတမ်းကို ယူပြီးလာခဲ့ပါတယ်။ ဒီစက္ကူဖြူစာတမ်းဟာ မြန်မာပြည်ကို အရင်ကမ္ဘာစစ်ကြီး မဖြစ်ခင်က အခြေအနေထက်ပင် အောက်သို့လျော့ချ ထားတဲ့ စာတမ်းဖြစ်ပါတယ်။ ဒါကြောင့် ဖ-ဆ-ပ-လ အဖွဲ့ချုပ်က ညွှန်ကြားချက်အတိုင်း ၁၉၄၆ ခု၊ ဇွန်လ မှစပြီး မြန်မာပြည်အရပ်ရပ်မှာ စက္ကူ ဖြူစာတမ်း ကန့်ကွက်ပွဲတွေ ခြိမ့်ခြိမ့်သည်းမျှ ဆင်နွဲကြတယ်။ ၁၉၄၆ ခု၊ ဇွန်လ၂၉ ရက်နေ့မှာ လူထုတစ်သိန်းကျော် တက်ရောက်တဲ့ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲကို ကျင်းပတယ်။ ၁၉၄၆ခု၊ စက်တင်ဘာလ ၄ ရက်မှာ ပုလိပ်အဖွဲ့ကြီးရဲ့ ပြည်လုံးကျွတ်သပိတ်ကြီး ပေါ်ပေါက်လာတယ်။ ပုလိပ်သပိတ်ကြီး ပေါ်ပေါက်လာတာဟာ ဗြိတိသျှနယ်ချဲ့အစိုးရကို အံ့အားသင့်စေတယ်။ တုန်လှုပ်ချောက်ချားစေတယ်။ ငယ်ထိပ်မြွေပေါက်သလို ခံလိုက်ရတယ်။
တစ်ဆက်တည်း အစိုးရကအမှု ထမ်းပေါင်းစုံသပိတ်အပြင် မီးရထားလုပ်သားတွေကလည်း သပိတ်မှောက် ကြပြန်တယ်။ စက္ကူဖြူစာတမ်းကို ကန့်ကွက်တဲ့ ဒီသပိတ်တွေကြောင့် အစိုးရရဲ့ စက်ယန္တရားကြီးဟာ ရုတ်တရက် ရပ်ဆိုင်းရတော့မလို ဖြစ်လာတယ်။ ပုလိပ်အဖွဲ့ကြီးကိုကြည့်ရင် ဒုတိယကမ္ဘာစစ်ဟိုဘက်မှာ မြန်မာပြည်ကို ဗြိတိသျှအစိုးရက ပုလိပ်အဖွဲ့ကြီးနဲ့ပဲ အုပ်ချုပ်ခဲ့တယ်ဆိုရင် မမှားပါဘူး။ ဗြိတိသျှအစိုးရ ယန္တရားကြီး တစ်ခုလုံးကို ဒီပုလိပ်အဖွဲ့နဲ့ ထိန်းခဲ့ပါတယ်။ ဗြိတိသျှအစိုးရအဖွဲ့အတွက် ဒီပုလိပ်အဖွဲ့ကြီးဟာ စိတ်အချရဆုံး အင်အားတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီလို စိတ်အချရဆုံးဖြစ်တဲ့ ပုလိပ်အဖွဲ့ကြီးကိုယ်တိုင်က ၁၉၄၆ခု၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ပြည်လုံးကျွတ် ပုလိပ်သပိတ်ကြီးကိုမှောက်လိုက်ကြတယ်။ ဗြိတိသျှအစိုးရရဲ့ အခြေအနေမှန်ကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်တယ်။ ဆာဒေါ်မန်စမစ်ဟာ ဖ-ဆ-ပ-လရဲ့အင်အားကို နား လည်သွားတယ်။ အဲ့ဒါကြောင့် ဗိုလ်ချုပ်ဆောင်ဆန်းကို စစ်တရားခံအဖြစ် ဖမ်းမယ်ဆီးမယ်တကဲကဲနဲ့ ခြိမ်းခြောက်နေတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ ၁၉၄၃ခုနှစ် မြန်မာ့တပ်မတော်ကို သစ္စာဖောက်တပ်အဖြစ် ခေါ်တယ်။ ဒါကို စစ်သူကြီးလော့ဒ်လူဝီစ်မောင့်ဘက် တန်ကသိလို့ နောင်ကိုဘယ်တော့မှမခေါ်ရဘူးလို့ တားမြစ်တဲ့အမိန့် ထုတ်လိုက်တယ်။ ဒေါ်မန်စမစ်အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ စိမ်းနေတယ်။ ဗိုလ်ချုပ်ရဲ့အားကိုလည်း သူထိတ်လန့်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ယှဉ်နိုင်မယ့်သူရှာတော့ ဂဠန်ဦးစောနဲ့ ဒေါက်တာဗမော်တို့ကို ပြေးသတိရတယ်။ သူတို့ရဲ့ မိတ်ဟောင်းနဲ့ ဘုရင်ခံရဲ့ငယ်နိုင်တွေပါ။ ဘုရင်ခံဟာ ဦးစောကို ယူဂန်ဒါမှလည်းကောင်း၊ ဒေါက်တာဗမော်ကို ဂျပန်ပြည် ဆူဂါမိုကျဉ်းထောင်မှလည်းကောင်း ခေါ်ယူလိုက်တယ်။
၁၉၄၆ခု၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖ-ဆ-ပ-လ ခေါင်းဆောင်များပါဝင်တဲ့ ဘုရင်ခံအမှုဆောင် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာပြည်ဘုရင်ခံက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယဥက္ကဋ္ဌ၊ သခင်မြ၊ ဦးတင်ထွဋ်၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဖေ၊ မန်းဘခိုင်၊ ဦးစော၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ သခင်ဗစိန်တို့လည်း ၀န်ကြီးများအဖြစ် ပါဝင်ခဲ့တယ်။

မိမိတို့ ညီညွတ်စွာ တစ်သံတည်းထွက်ကြရင်
လွတ်လပ်ရေး လျှင်မြန်စွာ ရနိုင်ပုံ၊ ဘုရင်ခံက တစ်ဦးချင်း
လူခွဲပြီး ရာထူးပေးပေး၊ နေရာပေးပေး လက်မခံကြစတမ်း ဆုံဖြတ်လုပ်ကိုင်ဖို့ အရေးကြီးလာပုံ  . . .
မိမိတို့ ညီညွတ်စွာ တစ်သံတည်းထွက်ကြရင် လွတ်လပ်ရေး လျှင်မြန်စွာ ရနိုင်ပုံ၊ ဘုရင်ခံက တစ်ဦးချင်း လူခွဲပြီး ရာထူးပေးပေး၊ နေရာပေးပေး လက်မခံကြစတမ်း ဆုံဖြတ်လုပ်ကိုင်ဖို့ အရေးကြီးလာပုံ  . . .

ဖ-ဆ-ပ-လ အနေနဲ့ အခုလို ဘုရင်ခံအမှုဆောင်အဖွဲ့မှာ ပါဝင်တာ ၀န်ယူလိုက်ပေမယ့် အမျိုးသားလွတ် မြောက်ရေးကိုတော့ လျစ်လျူရှုမထားခဲ့ဘူး။ တစ်မျိုးပြောရရင် ဗြိတိသျှအစိုးထဲမှာဝင်ပြီး အတွင်းကနေ ပူးသတ်တဲ့သဘောပါ။ ၁၉၄၇ ခု၊ ဇန်န၀ါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိသျှအစိုးရနဲ့ လုံးဝလွတ်လပ်ရေးအတွက် အရေးဆိုဖို့ လေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးကျော်ငြိမ်း၊ ဦးဘဖေ၊ သခင်ဗစိန်နဲ့ ဦးစောတို့ပါ ၀င်ပါတယ်။ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် ကလီ မင့်အက်တလီနဲ့ ဆွေးနွေးကြပါတယ်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီအခါမှာ ဦးစောနဲ့ သခင်ထွန်းအုပ်တို့နှစ်ဦးသားက လွတ်လပ်ရေးရလိမ့်မယ်လို့ မယုံကြည်တဲ့အတွက် လက်မှတ်မထိုးကြဘူးတဲ့။အောင်ဆန်းအက်တလီစာချုပ် မချုပ်ဖြစ်အောင်လည်း ကန့်ကွက်စကားတွေ ပြောခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ'အောင်ဆန်းအက်တလီ'စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တယ်။
ဦးစောဟာ လန်ဒန်မျက်နှာစုံညီ အစည်းအဝေးကနေအပြန်မှာ ဘုရင်ခံရဲ့ အမှုဆေင်အဖွဲ့ထဲက နုတ်ထွက် လိုက်ပါတယ်။ ပင်လုံစာချုပ်ချုပ်ဖို့ ချိန်းဆိုထားတဲ့ ပင်လုံမြို့ကိုလည်း မိတ္ထီလာဦးဘရင်နဲ့အတူ သွားခဲ့တယ်။ တောင်ပေါ်တိုင်းရင်းသား လူမျိုးစုတွေအတွင်းမှာ သူခေါင်းဆောင်မှုရရှိအောင် ကြိုတင်ပြီးစည်းရုံးတယ်၊ ပင်လုံစာချုပ် မချုပ်ဖြစ်အောင်လည်း အဖျက်လုပ်ငန်းတွေကို လုပ်ခဲ့တယ်။

ဒါပေမဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အပြင်းအထန်စည်းရုံးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ရဲ့ အလံတော်အောက်မှာ တိုင်းရင်းသားအားလုံးကို စုစည်းနိုင်ခဲ့တယ်။ ၁၉၄၇ ခုဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါ ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ သွေးစည်းညီညွတ်တဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ ၁၉၄၇ ခုဧပြီလ၃ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပတယ်။ ဒီရွေးကောက်ပွဲမှာ ဦးစောနဲ့ သူ့မျိုးချစ်ပါတီဝင်တွေက ၀င်ရောက်အရွေးမခံကြပါဘူး။ရွေးကောက်ပွဲမှာ ကွန်မြူနစ်အမတ်များ အနည်းစုနဲ့အပ ကျန်နယ်အားလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ-ဆ-ပ-လ အမတ်များက အပြတ်အသတ် အနိုင်ရလိုက်တယ်။

၁၉၄၇ခု၊ ဇူလိုင်လ ၁၃ ရက်နေ့ဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်။ အဲ့ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်မြို့တော်ခန်းမ လသာဆောင်ကနေပြီး ပြည်သူလူထုကို မိန့်ခွန်းမြွက်ကြားခဲ့တယ်။ ဒါဟာဗိုလ်ချုပ်ရဲ့ နောက်ဆုံးမိန့်ခွန်းလို့ ဆိုပါရစေ။
ဖ-ဆ-ပ-လ အဖွဲ့ချုပ်က စေတနာကောင်းနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် လွတ်လပ်ရေး ရုပ်လုံးပေါ်လာပြီ၊ အဲဒီလို ရုပ်လုံးပေါ်လာရာမှ အကောင်းဆုံးနဲ့ အအေးဆုံးနည်းနဲ့ လုပ်နေတယ်။ နောက်ဆုံးနည်းအေးအေးနဲ့ မရရင် ရတဲ့နည်းနဲ့လုပ်ရမယ်လို့ပြောခဲ့ပြီး မြန်မာပြည်မှာ လူမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ဖြစ်တဲ့ လက်ဝဲသမားအချင်းချင်း မကွဲဖို့ သတိပေးလိုကြောင်း မိန့်ကြားခဲ့ပါတယ်။
ဗြိတိသျှနယ်ချဲ့သမားများဟာ တိုင်းရင်းသားလူမျိုးများနဲ့ သွေးကွဲအောင်လည်း လုပ်၍မရ၊ အဲဒီအချိန်က စည်းလုံးမှု အင်အားအကြီးမားဆုံး ဖြစ်တယ်၊ တစ်မျိုးပြောရရင် စည်းလုံးညီညွတ်မှုအင်အားဟာ သရဖူဆောင်းခဲ့တဲ့အချိန်ပေါ့။ ဖ-ဆ-ပ-လ အဖွဲ့သာမကဘဲ လက်ဝဲနိုင်ငံရေးထဲက ကွန်မြူနစ်ပါတီရဲ့ ထောက်ခံမှုပါရရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုကို ဖယ်ရှားရန်အတွက် နယ်ချဲ့သမားဟာ လက်ယာနိုင်ငံရေးသမား ဟောင်းကြီးများနဲ့ ပူးပေါင်းကာ ကြံစည်မှုများပြုလုပ်ခဲ့လေတယ်။
ဦးစော
လက်ယာ နိုင်ငံရေးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးစောဟာ သာယာဝတီနယ်က ဦးဘိုးကြူရဲ့သားပါ။ သူ့မိဘများဟာ လယ်ပိုင်ရှင်များ မဟုတ်ပါ။ သူဟာ(၇)တန်းပင် မအောင်ပါ။ ဒါပေမဲ့ ရှေ့နေလက်မှတ်ရထားသူပါ။ သာယာဝတီမြို့ပေါ်က ရှေ့နေဖြစ်သူ ဦးသူငယ်ထံ ဦးစောရဲ့ဖခင်က သူ့သားကို နိုင်ငံရေးမှာသုံးကြည့်ပါ။ သူ့သားဟာ အပြောအဆိုရဲဝံ့ကြောင်း ပြောဆိုအပ်သွားပါသတဲ့။

ဦးသူငယ်က တစ်ဖန်ဦးဘဘေ (ဘကြီးဘဘေ)ထံ အပ်နှံလိုက်ပါတယ်။  နိုင်ငံရေးအတွက် အစအနရှိကြောင်း မြင်ရတော့ ဦးဘဘေက လက်သပ်မွေးကာ ရှေ့တန်းသို့ တင်ပေးလိုက်ပါတယ်။ (ဒီကျေးဇူးတွေဆပ်တဲ့အနေနဲ့ ကျေးဇူးရှင်ဆရာသမား ဦးဘဘေ ကိုပင် ထောင်သွင်း အကျဉ်းချထားသူပါ၊ ကျေးဇူးရှင် ကျေးစွပ်ခဲ့သူပါတဲ့)

ဦးစောဟာ နိုင်ငံရေးနယ်ပယ်မှာ ခြေချနိုင်ဖို့ မနားမနေကြိုးစားခဲ့တယ်၊ သတင်းစာဆရာလုပ်တယ်။ သူရိယသတင်းစာနဲ့ ဆက်သွယ်တယ်။ နောက်သာယာဝတီခရိုင်ကောင်စီမှာ အရွေးခံရတယ်၊သာယာဝတီမှာပင် မင်းတိုင်ပင်အမတ် အရွေးခံခဲ့ရပြန်တယ်။
ဆရာစံခေါင်းဆောင်တဲ့ သာယာဝတီဂဠုန်သူပုန်ကိုမှီပြီး ဂဠုန်ဘွဲ့ခံကာ ဂဠုန်ဦးစောရယ်လို့ ဖြစ်လာပါတယ်။ အဲဒီနာမည်ကိုယူပြီး သာယာဝတီနယ်သူပုန်များကို နှိမ်နင်းဖို့သွားတဲ့ စစ်သားတွေက ပြည်သူတွေကို နှိပ်စက်ကလူပြုချက်တွေကို ဗြိတိသျှအစိုးရထံ အိတ်ဖွင့်ပေးစာတွေကို လိုက် ဖြန့်လိုက်လို့ အစိုးရက အဲဒီစာတွေ လိုက်သိမ်းတယ်။ အဲဒီမှာဦးစောဟာ ကျော်ကြားလာပါသတဲ့။

ဦးစောဟာ နိုင်ငံရေးနယ်ပယ်မှာ ယှဉ်ရပြိုင်ရမယ့် ဒေါက်တာဘမော်ကို တွေ့လိုက်တယ်၊ ဒေါက်တာဘမော်ဟာ ဆင်းရဲသား ဓားမပါတီကို တည်ထောင်ထားတာဆိုတော့ လယ်သမားပေါ် အခြေစိုက်တယ်၊ လူများစုအကြိုက် ပါတီမို့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားလာနေသူ ဖြစ်တယ်။ သူဟာ ပညာတတ် ဒေါက်တာဘွဲ့ရသူတစ်ဦး အင်္ဂလိပ်လိုအပြောအဆိုမှာ အနောက်တိုင်းဆန်လှတယ်။
၁၉၃၅ ခုနှစ်မှာ သူရိယသတင်းစာ ကိုယ်စားလှယ်အနေနဲ့ ဦးစောဟာ ဂျပန်ကိုလှည့်လည်ခဲ့တယ်။ ၁၉၃၆ ခု ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်တစ်ဦး ဖြစ်လာတယ်။
၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်က ညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်းလိုက်တဲ့အခါမှာ ဦးစောကလွှတ်တော်မှာ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ တိုင်းပြည်တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ ဆူပူလှုပ်ရှားလာတယ်။ အဲဒီမှာ ဦးစောဟာ မျိုးချစ်ပါတီကို ထောင်ပြီး ဂဠုန်တပ်ဖွဲကိုပါ ဖွဲ့စည်းလိုက်ပြန်တယ်၊ အခွင့်ကောင်းရတိုင်း ပြည်သူကို စည်းရုံးတယ်။(ဦးစောက အမ်အေဦးမောင်ကြီးဦးစီးတဲ့ အပျော်ထမ်း ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးဖို့ ပြောဖူးတယ်တဲ့။ နောက်ဆုံးမရတော့မှ သူ့ဟာသူ ဂဠုန်တပ်ဖွဲ့ခဲ့ပါသတဲ့)။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့အတူ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားတယ်။ ဦးပုနန်းရင်းဝန်အဖြစ် တက်လာတယ်၊ ဦးစောဟာ လယ်ယာနဲ့သစ်တောရေးဝန်ကြီး ဖြစ်လာတယ်။ ဆရာရင်းဖြစ်တဲ့ဦးဘဘေကို ဖြုတ်ချလိုက်တယ်။ မျိုးချစ်ပါတီဝင်တွေကို အစိုးရအဖွဲ့ထဲသွင်းတယ်။အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တစ်ဖက်လှည့်တင်သွင်းခိုင်းပြီး အစိုးရအဖွဲ့မှထွက်တယ်၊ နာရီဝက်အတွင်းမှာ အစိုးရကို အယုံအကြည်မရှိအဆိုကို ထောက်ခံတယ်။ ဦးပုအစိုးရ ပြုတ်ကျသွားတယ်။ ဦးစောက နန်းရင်းဝန်တက်လုပ်တယ်။ ဦးစောဟာ ပြိုင်ဘက်နိုင်ငံ ရေးသမားများကို ဖမ်းဆီးတဲ့အခါ ဆရာရင်းဖြစ်တဲ့ ဦးဘဘေကိုပါမချန်ဘဲ ဖမ်းဆီးတယ်။
အဲဒီအချိန်က ဦးစောကနန်းရင်း ၀န်ဖြစ်နေတဲ့အတွက် နန်းရင်းဝန်အော်နာရေဘီဦးစောလို့ ခေါ်ကြပါတယ်။ မီနာမီအဖွဲ့ကိုခေါင်းဆောင်မယ့် ကာနယ်ဆူဇူကီး ရန်ကုန်ကို စုံစမ်းထောက်လှမ်းရန် ရောက်လာတယ်။ သတင်းစာဆရာအဖြစ် လာခြင်းပါ။ ဦးစောက ကာနယ်ဆူဇူကီးကို ခေါ် တွေ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်ပြည်မှလက်နက်ပစ္စည်း ငွေအလုံးအရင်း လိုမယ်၊ စစ်ကူရနိုင်မလားလို့ မေးတယ်၊ ဒါသူနဲ့မဆိုင်ဘူး ဂျပန်ကောင်စစ်ဝန်နဲ့ ဆက်သွယ်ပါလို့ဆိုပြီး ခွာသွားတယ်။
ဦးစောဟာ ရှေးမြန်မာမင်းတွေလို လယ်ထွန်မင်္ဂလာလည်း လုပ်ပြရင်း ပြည်သူတွေ သူ့ခေါင်းဆောင်မှုနောက်လိုက်အောင် လုပ်လိုက်သေးတယ်။ ပြည်သူတွေကတော့ စိတ်မ၀င်စား။

အဲဒီနောက် ၁၉၄၁ ခု စက်တင်ဘာလထဲမှာ ဦးစောဟာ လွတ်လပ်ရေးအတွက် အရေးဆိုဖို့ လန်ဒန်ကိုသွားသေးတယ်။ ဘာအာမခံချက်မှမရဘဲ ပြန်ခဲ့ရတယ်။ ဦးစောဟာအပြန်မှာ လစ်စဘွန်းမြို့ ဂျပန်သံရုံးနဲ့ သွားအဆက်အသွယ်လုပ်တဲ့အတွက် ဟိုင်ဖားမြို့မှာ အဖမ်းခံရတယ်။ အဲဒီက နေ အာဖရိကတိုက် ယူဂန်ဒါပြည်မှာ အကျယ်ချုပ်နဲ့ထားလိုက်တယ်။

ဦးစောဟာ ယူဂန်ဒါပြည်နယ်မှာ အကျယ်ချုပ်အဖြစ်နေရစဉ် ယူဂန်ဒါသူနဲ့အိမ်ထောင်ပြုခဲ့ပြီး ယောက်ျားကလေးတစ်ယောက် ထွန်းကားခဲ့တယ်။ မြန်မာပြည်ဘုရင်ခံက ပြန်ခေါ်တော့ အဲဒီသားအမိကို ထားခဲ့ပါသတဲ့။ ၁၉၄၇ ခု ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက် ပွဲမှာအနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောရဲ့ ပစ်မှတ်တစ်ခုအဖြစ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရှိနေသမျှ သူဟာနန်းရင်းဝန်ဖြစ်ဖို့ မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖ-ဆ-ပ-လ ခေါင်းဆောင်များကို သုတ်သင်ပစ်မှဖြစ်မယ်ဆိုတဲ့ ခံယူချက်ရှိလာတယ်။သူဟာအကြံလည်း ပက်စက်၊ ဇက်ရဲလက်ရဲလည်း ရှိတယ်။ လုပ်ရဲ ကိုင်ရဲတယ်၊ အကြံကြီးတယ်၊ ဇွဲကောင်းတယ်၊ ပရိယာယ်ကြွယ်တယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီခန့်တွင် ဦးစောရဲ့ စေခိုင်းချက်အရ မောင်စိုးတို့အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို သွေးအေးအေးနဲ့ ပစ်သတ် ခဲ့ပါတယ်။ ဒါတွေကတော့ အာဇာနည်အဖြစ် ကျဆုံးသွားရှာတဲ့ ဗိုလ် ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ ကြိုးပမ်းခဲ့တဲ့ သမိုင်းအဖြူနဲ့ အာဇာနည်တွေရဲ့လူသတ်တရားခံဦးစောရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ အဖျက်လုပ်ငန်းကို ကြိုးပမ်းခဲ့တဲ့ သမိုင်းအမည်းကို ဒီ(၆၅)နှစ် မြောက် အာဇာနည်နေ့မှာ ရေးသားတင်ပြလိုက်တယ်လို့ ဆိုပါရစေသား။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis