menu

Thursday 19 July 2012

လုပ်ဖော်ကိုင်ဖက်ချင်း နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်းများ အကြောင်း ရေးသားဖော်ထုတ် ထားသည့် သမိုင်းဖြစ်ရပ်မှန် ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင် စာဖတ်သူစိတ်ဝင်စား

လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော် က ဖြစ်ပွားခဲ့သည့် သမိုင်းဖြစ်ရပ်မှန်များကို မျက်မြင်ကြုံတွေ့ခဲ့ရသူ ကိုယ်တိုင်   ရေးသားထားသော ““ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်””အမည်ရှိ စာအုပ်ကို ပြည်သူများ အထူးစိတ်ဝင်စားကာ ရောင်းအား အကောင်းဆုံး စာရင်းဝင်ခဲ့ကြောင်း စာအုပ်ဆိုင်များ၏ Top Ten စာရင်းများ အရ သိရှိရသည်။
ထောက်လှမ်းရေးဟု စွပ်စွဲကာ အသတ်ခံခဲ့ရသည့် ကျော်နိုင်ဦး(သာယာဝတီ)၊ နန်းအောင်ထွေးကြည်(ရန်ကုန်)၊ ခင်မောင်ဇော်(ရန်ကုန်)
ထောက်လှမ်းရေးဟု စွပ်စွဲကာ အသတ်ခံခဲ့ရသည့် ကျော်နိုင်ဦး(သာယာဝတီ)၊ နန်းအောင်ထွေးကြည်(ရန်ကုန်)၊ ခင်မောင်ဇော်(ရန်ကုန်)
အဆိုပါ စာအုပ်တွင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် နှင့် တရုတ်ပြည်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပါဂျောင်ဒေသမှ ကျောင်းသားစခန်း (ဗဟို) ABSDF(NB) အဖွဲ့၏ လုပ်ဖော်ကိုင်ဘက်ချင်း နည်းပေါင်းစုံဖြင့် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်းများ အကြောင်းကို ရေးသားမှတ်တမ်းတင်   ထားသည်။ စာရေးသူမှာ အဆိုပါ ကျောင်းသားစခန်း (ဗဟို)သို့ တောခိုသွားခဲ့သော ညီဖြစ်သူအား ကယ်တင်ရန်အတွက် တစ်ကြိမ်လျှင် ရက်ပေါင်း ၂ဝ ကျော် ကြာ အကြိမ် ၂ ကြိမ် သွားရောက်ခဲ့သူ မန္တလေးမှ မောင်မောင်(ရွှေကရဝိက်)က   ရေးသားထားခြင်းဖြစ်သည်။

““ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်””စာအုပ်ကို ရေးသားခဲ့ရခြင်းနှင့် ပတ်သက်၍ စာရေးသူ မောင်မောင် (ရွှေကရဝိတ်) က ““သမိုင်းမှတ်တမ်းထဲမှာ ဖြစ်ပျက်ခဲ့တာက တော်တော် ဆိုးဆိုးရွားရွား ဆိုတော့ နောက်ပြီး လူငယ်တွေနဲ့လည်း ပတ်သက်လာတယ်ဆိုတော့ လူငယ်တွေကို အသိပညာ ပေးချင်တာကြောင့်    ရေးဖြစ်ခဲ့တာပါ””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့  ပြန်လည်ဖြေကြားခဲ့သည်။
ယင်းစာအုပ်ကို ဝယ်ယူဖတ်ရှုပြီးသူ အသက် ၂ဝ ကျော်အရွယ် လူငယ်တစ်ဦးက ““ဒီစာအုပ်ထဲကနေ သတိထားစရာ၊ ဆင်ခြင်စရာ၊ သင်ခန်းစာ ယူစရာတွေ အများကြီးရတယ်။ နောက်ထပ်လည်း သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖတ်ချင်ပါသေးတယ်။ စာရေးတဲ့သူတွေရော ထုတ်ဝေတဲ့သူတွေကိုပါ ဒီလိုစာအုပ်မျိုးတွေ ထုတ်ပါဦးလို့ တိုက်တွန်းချင်ပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်သော ခေတ်ကာလကို    ဖြတ်သန်းခဲ့ဖူးသည့် အသက် ၅ဝ ကျော်အရွယ် စာဖတ်သူ တစ်ဦးကလည်း ““ဒီလိုကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို သတ္တိရှိရှိနဲ့ ရေးတဲ့သူ၊ ထုတ်တဲ့သူတွေကို လေးစားပါတယ်။ ဒီစာအုပ်ထဲက မိဘတွေရဲ့ မေတ္တာတရားကို ဖော်ပြထားတာကို လူငယ်တွေအားလုံး ဖတ်ကြည့်သင့်ပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
စာအုပ်ပေါင်း ၄ဝဝ ကျော်ကို စီစဉ်ထုတ်ဝေခဲ့ပြီးဖြစ်သော ပြည့်စုံစာအုပ်တိုက်က ယခုစာအုပ်ကို ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ ““ကျွန်တော်တို့ တိုက်ကနေ သမိုင်းမှာ မှတ်တမ်းမှတ်ရာဖြစ်မယ့်၊ ကျန်မယ့်ဟာမျိုးတွေကို အဓိကထုတ်ခဲ့တာပါ။  ဒီစာအုပ်ထဲမှာလည်း တော်လှန်ရေးတစ်ရပ် လုပ်တယ်ဆိုတာ မလွယ်ဘူး။ တောခိုတယ်ဆိုတာ မလွယ်ဘူးဆိုတာ တွေ့ရမယ်။ ပြီးတော့  သားသမီးတွေ အပေါ်ထားတဲ့ မိဘတွေရဲ့မေတ္တာတွေကို ထင်ဟပ်စေတဲ့ တကယ့်ဖြစ်ရပ်တွေ ပါတယ်။ အဲဒါကြောင့် ထုတ်ဖြစ်ခဲ့တာပါ””ဟု ထုတ်ဝေသူ ဦးမျိုးအောင်(ရုက္ခဗေဒ) က မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။   ယင်းစာအုပ်တိုက်မှ ကျောင်းသားစခန်း (ဗဟို) ABSDF(NB) ၏ ဖြစ်ပေါ်လာပုံများ အကြောင်းကိုလည်း စာမူရရှိပါက ယခုစာအုပ်၏ နောက်ဆက်တွဲအဖြစ် ထပ်မံရိုက်နှိပ် ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။
““ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်””စာအုပ်ကို ဖြန့်ချိခြင်းဖြင့် နောက်ဆက်တွဲ အကျိုး ဆက်များအား မည်သို့မျှော်မှန်းထားကြောင်းကို စာရေးသူ မောင်မောင် (ရွှေကရဝိက်)က ““ဒီစာအုပ်ထွက် လာပြီးချိန်မှာ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့၊ ကိုယ်တိုင်ခံစားခဲ့ရတဲ့ ကလေးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို စာရေးသား ဖော်ထုတ်   လာစေချင်တယ်။  ရေးသားကြပါစေလို့လည်း မျှော်လင့်ပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
အဆိုပါ စာအုပ်ကို ပြည့်စုံစာအုပ်တိုက်မှ ၂ဝ၁၂ ခုနှစ် မေလတွင် စတင်ထုတ်ဝေခဲ့သည်။
Independent Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis