menu

Thursday 19 July 2012

KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂုန်မော်နှင့် တွေ့ဆုံခြင်း

ကချင်စစ်ပွဲ တစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့ကြား တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာလျက်ရှိချိန်တွင် ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂုန်မော်အား ၎င်းတို့ ထိန်းချုပ် ထားရာ ဒေသရှိ လိုင်ဇာမြို့ ကေအိုင်အေ ယာယီဌာနချုပ်တွင် ဇူလိုင်လ ၇ ရက်နေ့က မြန်မာတိုင်း(မ်)သတင်းထောက် နန်းတင်ထွေးက တွေ့ဆုံမေးမြန်းထားသည်။


ဗိုလ်ချုပ်ဂုန်မော်ကို လိုင်ဇာဌာနချုပ်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
* ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကေအိုင်အေတပ်တွေ ကို ထိုးစစ်မဆင်ဖို့ ပြောခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အစိုးရနဲ့ တပ်မတော်ရဲ့ ကြားထဲက အခြေအနေကို ဘယ်လို မြင်ပါသလဲ။

ထိုးစစ်မဆင်နဲ့လို့ ပြောတာက ကျွန်တော်တို့အနေနဲ့ သတင်းအရပဲ သိတာလေ။ တကယ်ထိုးစစ်မဆင်ဖို့ အမိန့်ပေးသလား၊ အမိန့်မပေးဘဲနဲ့ သတင်းက ထွက်လာသလားဆိုတဲ့အပိုင်းကို ကျွန်တော်တို့ သေချာမသိဘူး။
* သတင်းဝက်ဘ်ဆိုက်တစ်ခုရဲ့ အဆိုအရ ကေအိုင်ဘက်ကနေပြီး ဒီနှစ် ဧပြီလမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာတင်ထားရာမှာ အစိုးရဘက်ကနေ ခုချိန်အထိ တုံ့ပြန်မှုမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီသတင်း အပေါ်မှာရောဘယ်လိုထင်ပါသလဲ။
ဇန်န၀ါရီလ ၁၈-၁၉ အစည်းအဝေးမှာ ၀န်ကြီး ဦးအောင်သောင်း လက်ထဲကို ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင့်သုံးဆင့် ပါတဲ့စာတမ်းကို ထည့်လိုက်ပါတယ်။ ခု ကျွန်တော်တို့ အဓိကထားဆွေးနွေးနေတာလည်း ဒီစာအပေါ်မှာပါပဲ။ ဒီ proposal တစ်ခုကိုပဲ အဓိကတင်ထားတာပါ။ အခုထက်ထိ ဒီကိစ္စကိုဆွေးနွေးဖို့ ကြိုးစားနေတုန်းပါပဲ။ ဆွေးနွေးတဲ့ အဆင့် မရောက်သေးဘူးလို့ ပြောရမှာပေါ့။ ဆွေးနွေးကြမလား၊ ဘယ်လိုပုံစုံ ဆွေးနွေးကြမလဲဆိုတဲ့အပိုင်းကို ကြိုးစားနေကြတုန်းပါပဲ။ ဆွေးနွေးတဲ့အဆင့်ကို မရောက်သေးဘူး။
* လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်ထားတဲ့ သဘောထားဟာ အရင်အစိုးရနဲ့ ကွာခြားမှုရှိတယ်လို့ ဗိုလ်ချုပ် မြင်ပါသလား။
အရင်အစိုးရကတော့ တပ်မတော်ကနေ တိုက်ရိုက်တာဝန်ယူရတဲ့ အစိုးရဖြစ်တဲ့အတွက် ပုံစံတွေက အခုအစိုးရနဲ့ မတူပါဘူး။ လုပ်ပုံ လုပ်နည်းမတူသလို ရည်ရွယ်ချက်တွေကလည်း မတူနိုင်ဘူး။ အခုတက်လာတဲ့အစိုးရကတော့ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲပုံစံမျိုးနဲ့ တက်လာတဲ့အစိုးရဖြစ်တဲ့အတွက် ထိန်းသိမ်းရမယ့်တာဝန်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မြင်တာကတော့ လက်ရှိ တာဝန်ယူနေရတဲ့အစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေတယ်။ နည်းလမ်း ရှာဖွေ နေတယ်။ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒလည်း ရှိတယ်လို့ မြင်ပါတယ်။
* သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့ နောက် အရင်က အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခဲ့တဲ့ ကေအင်န်ယူနဲ့ တောင်ပိုင်းရှမ်း တပ်မတော် SSA တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးကြတယ်။ ဒါပေမယ့် ကေအိုင်အေ အနေနဲ့ ခုထိ သဘောတူညီမှုမရနိုင် သေးတဲ့အပေါ်မှာရော။
ကျွန်တော်တို့ဘက်က အပစ်အခတ် ရပ်စဲရေးတစ်ခုတည်းကို လက်မှတ်ထိုး မယ်ဆိုရင် လက်မခံနိုင်ဘူးလို့ တင်ပြထားတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကေအိုင်အေရဲ့ ခံယူချက်က ကျွန်တော်တို့ရဲ့ ပြဿနာတွေအားလုံးက နိုင်ငံရေးကနေ မြစ်ဖျားခံလာတယ်။ နိုင်ငံရေး အရ ဆွေးနွေးဖို့ သဘောတူညီရင် ကျွန်တော်တို့က တစ်ခါတည်း နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ချင်တယ်။ အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းပဲလုပ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆီကို မသွားနိုင်ဘူးဆိုရင် ဒီလက်မှတ်ရေး ထိုးမှုဟာ အသုံးမ၀င်တဲ့ လက်မှတ်ရေး ထိုးမှုတစ်ခု ဖြစ်သွားမှာလည်း ကျွန်တော်တို့ စိုးရိမ်တယ်။ ဒါကြောင့်မို့ တကယ်ပဲ ခိုင်ခိုင်မာမာ သဘောတူညီမှုတစ်ခု လုပ်ချင်တယ်။ သဘော တူညီမှုလို့ ပြောတဲ့ အခါမှာ အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းကိုမဟုတ်ဘဲနဲ့ အားလုံးကိုလွှမ်းခြုံ တဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင် မယ့်လမ်း ကိုရောက်မယ့် သဘောတူညီမှုမျိုး ဖြစ်ချင်တယ်။
* အပြောင်းအလဲကိုလိုချင်တဲ့အစိုးရ အနေနဲ့ ဘာကြောင့် ကချင်စစ်ပွဲဟာ တစ်နှစ်ကျော်အထိ ကြာလာရတယ်လို့ ဗိုလ်ချုပ် မြင်ပါသလဲ။
တိုက်ပွဲတွေဖြစ်လာရတဲ့အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။တိုက်ပွဲတွေဖြစ်လာရတယ်ဆိုတာက နိုင်ငံရေးအရ ဖြေရှင်း ဖို့ဆိုတဲ့နည်းလမ်းကို မရှာဘဲနဲ့ စစ်ရေးအရဖြေရှင်းမယ် ဆိုတဲ့နည်းလမ်းကို ရွေးလိုက်လို့ တိုက်ပွဲတွေ ဖြစ်လာရတာပဲဖြစ်တယ်။ အဲဒီ တော့ အခုစစ်ရေးအရဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကို အမြန်ရှောင်ရှားပြီး နိုင်ငံ ရေးအရဖြေရှင်းမယ်လို့ စဉ်းစားဖို့လိုပါ တယ်။
* လက်ရှိ ကချင်ပြည်နယ်မှာ ၁၇ (၁) ကို နှုတ်မိန့်ရုပ်သိမ်းထားတယ်ဆိုပြီး ပြောပါတယ်။ ဘာကြောင့် ရုပ်သိမ်းထားတာပါလဲ။ အဲဒီအမိန့်ကရော ဘယ်အချိန်ထိ အတည်ဖြစ်မလဲ။
ကျွန်တော်တို့လည်း သတင်းတွေမှာပဲ မြင်နေရတာ။ အဲဒီတော့ ၁၇(၁) ဆိုတာက နိုင်ငံတစ်ခုမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ဒီဥပဒေကို နှုတ်မိန့်နဲ့တော့ ရုပ်သိမ်းလို့မရနိုင်ဘူး။ ဒါပေမယ့် ဒီ ၁၇(၁)ကို ဘယ်လိုအသုံးချသလဲ ဆိုတဲ့အပေါ်မှာပဲ အဓိက ထားပြီး ကြည့် ရမှာပါ။
* လတ်တလောကပဲ UN ကနေ ကလေးစစ်သားနဲ့ပတ်သက်ပြီး တရားဝင် လက်မှတ်ရေးထိုးတာတွေ လုပ်လာတယ်။ အဲဒီတော့ နောင်မှာ ကလေး စစ်သားတွေကိစ္စတွေ ဘယ်လိုဖြစ်လာမယ်လို့ ထင်ပါသလဲ။
ကလေးစစ်သားပြဿနာကတော့ ဘာဖြစ်လို့ ဒီကလေးစစ်သားတွေ ရှိလာရသလဲဆိုတဲ့အချက်ကို အရင်ဖြေရှင်းမှ ပြေလည်နိုင်မှာ။ လက်မှတ်ထိုးထားရုံနဲ့ မပြေလည်နိုင်ဘူး။ စနစ်တစ်ခုအောက်မှာ ကလေးစစ်သားဟာ အနည်းနဲ့အများ ရှိနေတာပဲ။ ကလေးစစ်သား ဆိုတာ ပုံစံ အမျိုးမျိုးနဲ့ ရောက်လာတာပဲ။ အဲဒီတော့ အားလုံးပပျောက်သွားအောင် ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် နည်းနိုင်သမျှနည်းအောင် အရင် ကြိုးစားဖို့က အရေးကြီးပါတယ်။
* ၂၀၁၅ ရွေးကောက်ပွဲကလည်း သိပ်မဝေးတော့ဘူး။ ဗိုလ်ချုပ်အနေနဲ့ ဘယ်လောက်ထိ အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်ထား ပါသလဲ။
၂၀၁၅ ဟာ တော်တော်ကိုအရေးကြီးပါတယ်။ နောက်တက်လာတဲ့အစိုးရဟာ လူထုကို တကယ်ကိုယ်စားပြုပြီး တော့၊ လူထုရဲ့ ဆန္ဒတွေကို ရှေ့တန်းတင် ပြီးတော့ နိုင်ငံအရေးကို စဉ်းစားမယ်ဆို ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အများ ကြီး အရှေ့ကိုရောက်သွား မယ်လို့မြင်တယ်။ အဲဒီလိုမဟုတ်ဘဲ ၂၀၁၅ မှာ တက်လာတဲ့အစိုးရဟာလည်း လူထု အရေးကို ရှေ့တန်းရောက်အောင်မတင် နိုင်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ မူလ နေမြဲတိုင်း ပုံစံအတိုင်းပဲရှိလိမ့်မယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ၂၀၁၅ ဟာ တော်တော်အရေးကြီး ပါတယ်။
* စစ်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ ကေအိုင်အေထိန်းချုပ်တဲ့ဒေသမှာ ဒုက္ခသည်ဘယ်လောက်ရှိနေပြီလဲ။
ဒုက္ခသည်အရေအတွက် ၅၀,၀၀၀ ကျော်သွားပါပြီ။ * မိုးရာသီလည်း ရောက်လာပြီဆို တော့ ဒုက္ခသည်တွေရဲ့အခြေအနေက ပိုပြီး ခက်ခဲလာတယ်လို့ ပြောကြတယ်။ ဗိုလ်ချုပ်အနေနဲ့ ဒုက္ခသည်တွေရဲ့အနေအထားကို သုံးသပ်ပေးပါဦး။ ဒုက္ခသည်တွေကတော့ တော်တော်လေး အခက်အခဲရှိတယ်။ စားရေး သောက်ရေး၊ ကလေးတွေရဲ့ပညာရေး အခက်အခဲရှိနေတယ်။ ဒီလိုအခက်အခဲ ရှိတာကို နိုင်ငံတကာကနေ အကူအညီရဖို့လည်း အခက်အခဲရှိပါတယ်။အဲဒီတော့ ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းများက ၀ိုင်းပြီးအကူအညီ ပေးနိုင်ရင် ဒုက္ခသည်တွေကိုကူညီရင်းနဲ့ လူထု အချင်းချင်းရှိတဲ့ ယုံကြည်မှုက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
* ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်အထိကချင်စစ်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျထုတ်ဖော်ပြောမှု မရှိ သေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
သူဟာ ကချင်စစ်ပွဲရဲ့ အဖြေမဟုတ်ပေမယ့် အဖြေရအောင် ဦးဆောင်မယ့် အစွမ်းအစ သူ့ဆီမှာရှိတယ်လို့ ယုံကြည်တယ်။ ခုချိန်ထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောတာမျိုးမရှိသေးတာကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံးရဲ့ စီမံကိန်းတွေအရ စဉ်းစားတဲ့ အခါမှာ ကချင်အရေးက ဘယ်အချိန်မှာဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကလည်း သူစဉ်းစားနေမှာပါ။ ဒီလိုပဲ ကျွန်တော်တို့မြင်ပါတယ်။
Myanmar Times Weekly

1 comment:

  1. ဒေါ်အောင်ဆန်းစုကြည်ကတန်ခိုးရှင်မဟုတ်ပါနေရာတကာ
    ဝင်မပါ၍အပြစ်မမြင်သင့်ပါ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ShareThis