menu

Thursday 19 July 2012

အဆုံးသတ် ကောင်းသည့် သူရဲကောင်းများကိုသာ အာဇာနည်ဟု သတ်မှတ်သည် (လူငယ့် အသံ)

ယနေ့အချိန်၌ လူငယ်များ၏ အသံတို့သည် ပို၍ ကျယ်လောင်လာပါပြီ။ အားလုံးကလည်း လူငယ်တို့၏ အသံများကို   သေချာနားထောင် လာကြပါပြီ။ ထို့ကြောင့် လူငယ်များ ပြောသော အာဇာနည်နေ့ အကြောင်းကို စာဖတ်ပရိသတ်များ ကြားသိစေနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
ဒီငြိမ်းလင်း
ဒီငြိမ်းလင်း
ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့ကို ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)ဥက္ကဋ္ဌ ဒီငြိမ်းလင်းက ““အာဇာနည်နေ့နဲ့ ပတ်သက်ပြီးကျင်းပတဲ့ အခမ်းအနားမျိုး ငယ်ငယ်လေး ကတည်းက အခုအချိန်ထိ လုံးဝမကြုံဖူးပါဘူး။ လူကြီးတွေ ပြန်ပြောပြတဲ့ သူတို့တုန်းက နံနက် ၁ဝ နာရီ ၃၇ မိနစ်မှာ အာဇာနည်နေ့ကို ဘယ်လို ကျင်းပတယ် ဆိုတာပဲ ကြားဖူးတယ်။ ဒီဘက်ခေတ်မှာတော့ အာဇာနည် နေ့မပြောပါနဲ့ အာဇာနည်ကုန်းပေါ်မှာ ၂ဝဝ၆ ခုနှစ်တုန်းက ကျွန်တော်တို့ ကျောင်းသားတွေ လွမ်းသူ့ပန်းခွေ သွားချတာ တားမြစ်ပိတ်ပင်ခြင်းခံရပါတယ်။ အာဇာနည်ကုန်းကို ပြန်ပြီး ဂါရဝပြုခွင့်ပေးတဲ့အချိန်မှာ ကျွန်တော်တို့က ထောင်ထဲရောက်နေကြတော့ ဒီ ၂ဝ၁၂ အာဇာနည်နေ့မှာတော့ ကျွန်တော်တို့ အာဇာနည်ကုန်း သွားပြီးတော့ ဂါရဝပြုချင်ပါတယ်။

အာဇာနည်နေ့နဲ့ အာဇာနည်တွေ အကြောင်းကို ဒီနေ့ခေတ် လူငယ်တွေ မသိကြတာ ကျွန်တော်တို့နိုင်ငံရဲ့ အကြီးမားဆုံး ပြဿနာပဲ။ ဒီအာဇာနည် ပုဂ္ဂိုလ်တွေ လုပ်ပေးခဲ့လို့ ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်ရေး ရခဲ့တယ်။ ဒီလိုပုဂ္ဂိုလ်တွေကိုမှ လူငယ်တွေ မသိရှိကြတော့ဘူးဆိုရင် အာဇာနည်စိတ်ဓာတ်က ဘာလဲဆိုတာ မသိရှိနိုင်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ခေါင်းဆောင်ကောင်းတွေ မပေါ်ပေါက် လာနိုင်တော့ဘူး။ ဒါကြောင့် အာဇာနည်နေ့မှာ လုပ်ချင်တာက လူငယ်တွေကို အာဇာနည်ဆိုတာ ဘယ်လိုမျိုးလဲ ဘာကြောင့် အာဇာနည်လို့ ခေါ်တာလဲဆိုတဲ့ စကားဝိုင်းလေးတွေ လုပ်ချင်တယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားခဲ့တဲ့ ခေါင်းဆောင်တွေကိုမှ မဟုတ်ပါဘူး။ အခြားသောအချိန်မှာ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေအတွက်လည်း တစ်ခုခု အောက်မေ့ဖွယ် သတိတရ လုပ်ပေးစေချင်တယ်။ အဆုံးသတ် ကောင်းတဲ့ သူရဲကောင်းတွေကိုသာ အာဇာနည်လို့ သတ်မှတ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူငယ်တွေကလည်း အာဇာနည် ဖြစ်ဖို့ထက် အာဇာ နည် စိတ်ဓာတ်ကို မွေးမြူထားရမယ်။ အာဇာနည် ဖြစ်မဖြစ်ကတော့ အများက သတ်မှတ်ပါလိမ့်မယ်””ဟု ဆိုသည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် အင်္ဂလိပ်စာမေဂျာ ပထမနှစ်တွင် ပညာသင်ကြားနေသူ မျိုးမောင်မောင်က ““ကျွန်တော် ငယ်ငယ်လေး ကတည်းကစပြီး အာဇာနည်နေ့ဆိုပြီး သတ်သတ်မှတ်မှတ် ကျင်းပတာ တစ်ခါမှ မကြုံဖူးပါဘူး။ အခုနေ အာဇာနည် ၉ ယောက်နဲ့ နာမည်တွေကို ရုတ်တရက် မေးလိုက်ရင်တောင် သေချာ မမှတ်မိတော့ပါဘူး။   ကျောင်းမှာတော့ ဆရာမတွေက အာဇာနည်နေ့နဲ့ အာဇာနည်တွေရဲ့ အကြောင်းကို ပြောပြပါတယ်။ ဒါပေမယ့် သင်ခန်းစာတွေ ထဲမှာတော့ မပါပါဘူး။ များသောအားဖြင့် ကျွန်တော်တို့ လူငယ်တွေ အာဇာနည်နေ့အကြောင်းကို သိတဲ့သူ ရှားပါတယ်။ ဒါကြောင့် နောင်လူငယ်တွေ သေချာ သိရှိအောင်လို့ နိုင်ငံတော်ကနေ အာဇာနည်နေ့ အခမ်းအနားတွေကို   နေရာတိုင်းမှာ ကျင်းပပေးစေချင်တယ်။ ကျောင်းသင်ရိုးတွေမှာလည်း ထည့်သွင်း သင်ကြားပေးစေချင်ပါတယ်””ဟု ဆိုသည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis