menu

Thursday 19 July 2012

တင်မိုးလွင်နှင့် ဖက်ရှင်အမြင်




ယနေ့ခေတ် မြန်မာ အမျိုးသမီး များ၏ ၀တ်စား ဆင်ယင်မှုသည် အချိန်နှင့် အမျှ ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး ပြောင်းလဲနေသည့် အတွက် ဖက်ရှင် ဆိုသည်မှာ အရေးကြီးသည့် ကဏ္ဍ တစ်ရပ် ဖြစ်သောကြောင့် လက်ရှိ အချိန်၌ လူငယ်များသာ မက လူကြီးများ အနေဖြင့်လည်း ခေတ်နှင့်အညီ ၀တ်ဆင် လာကြသည်။
အနုပညာ ရှင်များသည်လည်း ဖက်ရှင်ကို တစ်နှစ်နှင့် တစ်နှစ် မတူအောင် ပြောင်းလဲ လာရာ၌ ၂၀၁၂ ခုနှစ် ဖက်ရှင်အတွက် မြန်မာ ဆယ်ကျော်သက် အမျိုးသမီး များ၏ ၀တ်စား ဆင်ယင်မှုနှင့် ပတ်သက်၍ မော်ဒယ်လ် အေဂျင်စီ တင်မိုးလွင်၏ ဖက်ရှင်နှင့် ပတ်သက်သည့် အမြင်ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။


၂၀၁၂ ခုနှစ်မှာ မမိုးတို့ အနေနဲ့ အဓိက ထားပြီး ၀တ်ဆင်တဲ့ ဖက်ရှင်တွေက ဘယ်လို ဖက်ရှင်တွေ ဖြစ်မလဲ။

၂၀၁၂ ခုနှစ်မှာ ပိုပြီးတော့ အမျိုးသမီး ဆန်တဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ကြတယ်။ ဥပမာ ပြောရရင် လက်ဖောင်းလေးတွေ၊ လည်ပင်းဝိုင်း လေးတွေ၊ ခါးဝိုင်းဝိုင်းလေးတွေ၊ ဒါမျိုးလေးတွေ ၀တ်ဆင်ကြတယ်။ အရောင်အားဖြင့်လည်း ထူးခြားတဲ့ အရောင်စပ် ကလေးတွေ ပါတယ်။ အဲဒီ အရောင်စပ်ကလေးတွေကို တောက်မနေဘဲ မှိန်ပစ်လိုက်တာပေါ့နော်။ ရွှေရောင် ဆိုလည်း ရွှေရောင် မှိန်မှိန်လေးတွေ။ အစိမ်းဆိုလည်း နုပ်များများနဲ့ ရောထားတဲ့  ဒီဇိုင်းလေးတွေ။ နောက်ပြီးတော့ အသားရောင်နဲ့ အ၀ါရောင် ရောထားလို့ အ၀ါခြောက်ကလေး ဖြစ်နေတာ။ ပိတောက်ခြောက်ရောင်လို့ ကျွန်မတို့ အလွယ်ခေါ်ပါတယ်။ အဲဒီ အရောင်လေးတွေတော့ အများကြီး ခေတ်စားပါတယ်။ အနက်တော့ ဘယ်တော့မှ မရိုးတမ်းပေါ့နော်။အမြဲတမ်း ခေတ်စားနေတာ။

ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီကို ချပြလိုက်တဲ့ အခါမှာ ပရိသတ်တွေဆီကနေ ဝေဖန်သံတွေ ကြားရတာမျိုးရော ရှိလား။

အရောင်တွေနဲ့ ပတ်သက်လို့ကတော့ အရင်တုန်းက အပေါ်နဲ့ အောက် ၀တ်မယ်ဆိုရင် နည်းနည်း ဆင်တူတာ ၀တ်တယ်။ ဒါမှမဟုတ် အောက်က အဆင်ထဲမှာပါတဲ့ အရောင်ထဲက တစ်ခုကို ဆွဲထုတ်ပြီး အပေါ်ကနေ ၀တ်တာပေါ့။ ဒါမျိုးလေးတွေ ၀တ်ကြတယ်။ ပြီးတော့ တစ်ရောင်တည်းကို ၀မ်းဆက် ၀တ်တာမျိုး သမားရိုးကျ ၀တ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုကျတော့၊ အပေါ် အရောင်သတ်သတ်အောက်ကအရောင်သတ်သတ် ဒီတော့ အရောင်တုံး နှစ်ခုကို ဆက်မယ်ဆိုရင် ဒီဘက်က One Colour Block ဒီဘက်ကလည်း One Colour Block ဆိုရင် Colour က Blocking ပေါ့နော်။ အဲဒီတော့ အရောင် မတူတာ ၂ ခုကို သီးသန့် ၀တ်ကြတယ်။ ဒါပေမဲ့ အဲဒါကိုလည်း ဝေဖန်သံတော့ မကြားရပါဘူး။ အတွဲ အစပ်က သူ့ဟာသူ လိုက်ဖက် ညီတော့လေ။ ဖက်ရှင် ဆိုတာလည်း ရေစီးတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့ သူ Colour နဲ့ သူကြည့်လို့ ကောင်းနေတာပေါ့နော်။

မိုးတွင်းကာလ အတွင်းမှာရော ဖက်ရှင်ရှိုး လုပ်ဖို့ အစီအစဉ်ရှိလား။
အခု လောလောဆယ်တော့ မိုးဦးကျမှာ bridal show ကတော့ ပွဲဦးထွက် ပေါ့နော်။ နောက်ပိုင်းမှာတော့ တခြားရှိုးတွေလည်း လာပါလိမ့်မယ်။ ၀တ်စုံတွေ အတွက်လည်း ဖြစ်ချင်ဖြစ်မယ်။ Product တွေ အတွက်လည်း ဖြစ်ချင် ဖြစ်မယ်။ ရှေ့တစ်ပတ်က ဆိုရင် Product ပေါ့နော်။ Ponds အမှတ် တံဆိပ်ပါတဲ့ skin care လုပ်တယ်။ တစ်မြို့ချင်းစီမှာလည်း သွားပြီးလုပ်ဖို့ အစီအစဉ် ရှိတယ်။

ဖက်ရှင်နဲ့ သရုပ်ပျက် ၀တ်စားဆင်ယင်မှုကို မမိုး အနေနဲ့ ဘယ်လို ခွဲခြားပြမလဲ။

သရုပ်ပျက် ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး တကယ်ကို စိတ်မကောင်းပါဘူးရှင်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့လည်း ခေတ် စကားနဲ့ ပြောရရင် ဂေါ်လီ လုပ်ရတာပေါ့နော်။ အလန်းဇယား လုပ်ရတာ ၀ါသနာ ပါပါတယ်။ ငယ်ငယ်ကတည်းကလည်း ခေတ်မီမယ်လို့ ထင်တဲ့ မိုက်မယ်ဟော့ရှော့ ဖြစ်မယ်လို့ ထင်တဲ့ ဖက်ရှင် တွေကို ၀တ်တဲ့ အုပ်စုတွေထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အခုလိုမျိုးပေါ့နော် over ပေါ့။ တစ်ဘက်စွန်း ရောက်အောင် ၀တ်ဖို့တော့ စိတ်ကူး မပေါ်ခဲ့ပါဘူး။ ဒါပေမဲ့ ခေတ်ကလည်း တဖြည်းဖြည်းနဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲနဲ့ အရမ်းပဲ ပေါ်လွင် ထင်ရှားချင်တဲ့ သူတွေက ဖက်ရှင် တွန်းပို့ လိုက်ပြီးတော့ စိတ်ကူးထဲမှာ ရှိတဲ့ ဆိုက်ကိုအရ ၀တ်လိုက်တာတွေကို ဖက်ရှင်ဆိုပြီး သတ်မှတ်ကြတယ်။ သူတို့လိုမျိုး ဆိုက်ကိုချင်း တူတဲ့သူတွေ၊ ဘာမှ မသိတဲ့ သူတွေက ကော်ပီ လုပ်ကြ တာပေါ့နော်။ အဲဒီအတွက်က တော်တော်လေး စိတ်မကောင်းစရာ ကောင်းပါတယ်။ အသားတွေ အများကြီး ဖော်တာက အရမ်းကို sexy ဖြစ်တဲ့ ဖက်ရှင်တစ်ခုပါ။ အဲဒီ ဖက်ရှင်တွေက အမှောင်ထု ကြီးစိုးတဲ့ နေရာမျိုးတွေပေါ့နော်။ နောက်ပြီးတော့ ဆန့်ကျင်ဘက် လိင်တွေကို တရားလွန် သဘာဝ မကျတဲ့နည်းနဲ့ sexy ဆွဲဆောင်တာမျိုးတွေမှာ ၀တ်ကြတာကိုလည်း တစ်ကမ္ဘာလုံးက သိပါတယ်။

တကယ်ကို ဂုဏ်သရေရှိ သိက္ခာရှိတဲ့ အခမ်းအနားမျိုးတွေမှာ ရိုးရာ အခမ်းအနားတွေမှာ ဒါမျိုးတွေက လုံး၀၀တ်ဆင်လို့ မရပါဘူး။ မသင့် လည်း မသင့်ပါဘူး။ ဒါက အသိလို့ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေစွာ၊ လူမှုရေးနဲ့ လိုက်လျောညီထွေစွာ သိတတ် နားလည်မှု အရ ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အသိ စိတ်ကင်း လွတ်သွားတဲ့ အခါမျိုး၊ ဘယ်သူမှ ဟန့်တားမယ့်သူ မရှိတဲ့ အချိန်အခါမျိုး မှာကျတော့ လက်လွတ်စပယ် ၀တ်ဆင်ဖြစ်သွား တာပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ ကျွန်မအလွန် စိတ်မကောင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရခြင်း အတွက် အဓိက တာဝန် ရှိတဲ့သူတွေက ဘယ်သူတွေလဲဆိုလို့   ရှိရင် လက်ညှိုး ထိုးစရာ လူတွေ အများကြီးပေါ့ နော်။ လူတွေကလည်း လက်ညှိုး ထိုးကြတာပေါ့ နော်။ ကျွန်မတို့လို ဖက်ရှင်နဲ့ ပတ်သက်တဲ့ ဦးဆောင်ပေးတဲ့ သူတွေက မပြောကြတော့ဘူး လား။ နောက်တစ်ခါ စာပေ စာနယ်ဇင်း မီဒီယာတွေ ပြည်သူ အကျိုးပြုမယ်ဆိုတဲ့ ခံယူချက်နဲ့ ရေးသားဖော်ပြပုံနှိပ်နေကြတဲ့ စာပေစာနယ်ဇင်း တွေက မပြောပြတော့ဘူးလား။ ဘယ်ပြောပြပါ့ မလဲ သူတို့တောင်မှ သူတို့ရဲ့ မဂ္ဂဇင်းတွေ ရောင်း ရဖို့ ဂျာနယ်တွေရောင်းရဖို့ အဖုံးတွေမှာ ကော့၊ ကန်၊ ကား ဖော်ချွတ်ပြီးတော့ တင်နေကြတာကိုး။

အဲဒီလိုမျိုး စာပေစာနယ်ဇင်းဂျာနယ်တွေကိုလည်း ဝေဖန်ကြတယ်။ နောက်ပြီးတော့ မိဘတွေပေါ့ နော်။ တာဝန်ရှိရဲ့သားနဲ့ ကိုယ့်သားသမီးကို မတားမြစ်ဘူးလားဆိုပြီး ဝေဖန်ကြတယ်။ တကယ်တော့ ပတ်ဝန်းကျင်ရဲ့ အထိန်းအကွပ် ဟန့်တားမှုတွေလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ပွဲတော်ကြီးတစ်ခု ဖြစ်ပေါ်လာရင်တော့ ပွဲတော် ကြီး သိက်္ခာရှိရှိနဲ့ အောင်အောင်မြင်မြင်ဖြစ်အောင်၊ ရိုးရာပွဲတော်တစ်ခုအဖြစ် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့အတွက် ဒါကိုကြီးကြပ်ရေး ကော်မတီ၊ ကြီးကြပ်ရေးအဖွဲ့အစည်းမှာလည်း တာဝန်ရှိပါတယ်။ ဒါတွေ အားလုံးဟာ စည်းမျဉ်းစည်းကမ်းတစ်ခုနဲ့ဆိုရင် အရမ်းကိုတရားလွန်လုပ်မယ့် သူလည်း နည်းသွားမှာပါ။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ဆယ်ကျော်သက်တွေ အနေနဲ့ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေကို အများကြီးတွေ့ရပါတယ်။ သရုပ်ပျက်ဝတ်စား ဆင်ယင်မှုနဲ့ ဖက်ရှင်နဲ့ကို မမိုး အနေနဲ့ ဘယ်လိုမြင်သလဲ။

ကျွန်မတို့က သင်္ကြန်မှာ အပြင် မထွက်တာ ၁၂ နှစ် ရှိသွားပါပြီ။ အဲဒီလို လည်တာ၊ ပတ်တာ မလုပ်တာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်သိတဲ့ သူတွေက ကိုယ့်ကို လှမ်းနှုတ်ဆက်လိုက်ရင် ကျွန်မ ပြန်နှုတ်ဆက်ရမှာ အရမ်းကို ရှက်တယ်။ မျက်နှာ ဘယ်နားထားရမှန်း မသိလို့ ကျွန်မ မထွက်တာပါ။ အခွေတွေ ပြန်ကြည့်တော့ ဆိုးဝါးတယ်။ မဏ္ဍပ်တွေက အစ ညစ်ညမ်းတဲ့ အနေအထားတွေကို ညွှန်းတဲ့ မဏ္ဍပ်တွေကိုလည်း တွေ့ရတယ်။ play boy ပေါ့နော်။ play boy ဆိုတာ လူတိုင်းသိတယ်။ မကောင်းတဲ့မဂ်္ဂဇင်း ပုံရိပ်တွေ။ ကြည့်မကောင်းတဲ့၊ လူတိုင်း မကြည့်သင့်တဲ့ပုံတွေ ဖော်ပြတဲ့ မဂ္ဂဇင်း ပေါ့နော်။

ဒါကြောင့်မို့ မဂ္ဂဇင်းတွေ ဂျာနယ်တွေကလည်း ဘယ်လို လိုင်းကို သွားမှာလဲ။ ပညာပေးတယ်၊ နည်းလမ်းပြတယ်၊ သုတနဲ့ ရသကိုပဲ ပေးမယ် ဆိုရင် ဖော်ပြတဲ့အခါမှာ အညှီအဟောက်တွေ လျှော့ဖို့ နောက်တစ်ခါ အညှီ အဟောက်ကို အရမ်း အသားပေးတဲ့ သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေကို ရှေ့တန်း မတင်ဘဲနဲ့ တကယ်ကို လူငယ်တွေ အတုယူမမှားတဲ့ သုတ၊ ရသတွေကို ဦးစားပေးပြီး ထည့်ဖို့ သူ့ဟာနဲ့သူတော့ ကာလာစုံအောင်၊ ပါအောင် ထည့်ကြတယ်ဆိုတာမျိုးတော့ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမဲ့လည်း အခုလိုမျိုး သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေဖြစ်လာတဲ့အခါ ပရိသတ်ကလည်း ကြားခံနယ်ဖြစ်နေတော့ ဘယ်လိုဖြစ်တာလဲ မီဒီယာက လည်း ဘယ်လိုဖြစ်တာလဲ။ ပြည်သူတွေ အကျိုးပြုမယ်လည်း ပြောသေး တယ်။ ဒါပေမဲ့ ဖော်ပြလိုက်တဲ့အခါမှာ ဖန်သားပြင်ပေါ်မှာဟော့ကော့၊ ကန်ကားတွေ မဖွယ်မရာတွေကို ဖော်ပြကြတယ်။

ဒါဟာ ဒီရုပ်သံထုတ် လွှင့်နေတဲ့ လိုင်းတွေကတောင် ဒီလိုပဲလား အဲဒီလိုမျိုးတွေ အများကြီးပြောကြ တာပေါ့နော်။ အဲဒီ အတွက်ကြောင့်မို့လို့ တကယ်ကို ဝေဖန်ခံရတဲ့သူတွေ အားလုံးလိုက်ကြည့်လိုက်ရင် အားလုံးနဲ့ ဆိုင်နေတာပေါ့နော်။ ကာယကံရှင် ကိုယ်တိုင်ရော ပတ်သက်နေတဲ့ ပတ်ဝန်းကျင်ရော ကျွန်မတို့ရော အကုန်ပါ တာပေါ့နော်။ ဒါကြောင့်မို့လို့ တာဝန်ရှိဆုံး ဘယ်သူလဲ ပြန်ပြီး ဆန်းစစ်ဖို့လိုတယ် လို့ ကျွန်မက အကြံပေးချင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့တာဝန်အတိုင်း တကယ်ကို နည်းလမ်းမှန်စွာကို လမ်းညွှန်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ကျွန်မတို့ သင်တန်းတွေကလည်း အချိန်အခါ အခြေအနေလိုက်ပြီးတော့ ၀တ်စားဆင်ယင်တတ်ဖို့ပဲ သင်ပါတယ်။ အဲဒီလို အလွန်အကျွံ ၀တ်ဖို့ မသင်ပါဘူး။ ဒီဇိုင်နာတွေပေါ်မှာရော မီဒီယာသမားတွေပေါ်မှာရော အရမ်းကို မူတည်ပါတယ်လို့ ကျွန်မ ထင်ပါတယ်။

ဒီခေတ်လူငယ်တွေက များသောအားဖြင့် ကိုရီးယား ရုပ်ရှင်တွေရဲ့ ၀တ် စားဆင်ယင်မှုတွေကို ကြည့်ပြီး လိုက်ဝတ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီ မြန်မာပြည်က ဆယ်ကျော်သက်တွေကရော ဘယ်လို ဖက်ရှင်မျိုးတွေကို ပိုပြီး စိတ်ဝင်စားလဲ။

မြန်မာပြည်က ဆယ်ကျော်သက်တွေက ကိုရီးယား ဖက်ရှင်လေးတွေ ကို စိတ်ဝင်စား တာလည်း တွေ့ရပါတယ်။ တော်တော်လေး များပါတယ်။ အဲဒီမှာမှ ကိုရီးယား ဖက်ရှင်လေးတွေကတော့ နည်းနည်းလေး ပိုငြိမ်တာ ရှိပါ တယ်။ အနောက်နိုင်ငံက Pop,rock  တွေထက်စာရင် ကိုရီးယားက နည်းနည်း ပိုယဉ်တယ်လို့ ပြောနိုင်ပါတယ်။ အနောက်နိုင်ငံက Pop,rock  တွေကတော့ အရိုင်း ဆန်တယ်ပေါ့။ ကိုရီးယား ဖက်ရှင်လေးတွေကတော့ ယဉ်ပြီးတော့ ငြိမ်တာလေးတွေပေါ့နော်။ ချစ်စရာ ကောင်းတာလေးတွေ ရွေးမယ် ဆိုရင်တောင်မှ အန္တရာယ် ကင်းဦးမယ်လို့ ကျွန်မ ထင်ပါတယ်။
မော်ဒယ်လ်နဲ့ ပတ်သက်ပြီးတော့ နယ်မြို့တွေမှာ ရှိတဲ့ ဆယ်ကျော်သက် တွေကရော စိတ်ဝင်စားကြတာတွေ ရှိလား။ နယ်မှာရော Show ပွဲတွေ လုပ်ဖို့ အစီအစဉ်တွေ ရှိလား။

တစ်နိုင်ငံလုံးကတော့ အထူးတလည်ကို စိတ်ဝင်စားတာ မော်ဒယ်လ် ပါပဲ။ ဒါပေမဲ့ သူတို့ စိတ်ဝင်စားတာထက် ပိုပြိး လေးနက်တယ် ဆိုတာကို ရှင်းလင်း သင်ကြားပြသဖို့ ကျွန်မက စောင့်နေပါတယ်။ တစ်နိုင်ငံလုံးက လူငယ်တွေ အားလုံး တော်တော်များများ စိတ်ဝင် စားကြတယ်ပေါ့နော်။ ကိုယ်တိုင် မဖြစ်နိုင် ရင်တောင်မှ မော်ဒယ်လ် ဈေးကွက်၊ မော်ဒယ်လ်တွေရဲ့ လိုအပ်တဲ့ အရည်အချင်း၊ မော်ဒယ်လ်တွေရဲ့ Future နောက် Modelling ဆိုပြီး တချို့ကလည်း ဖြစ်ချင်ကြတယ်။ တချို့က စိတ်ကူးထဲမှာပဲ ရှိတယ်။ ယုံကြည်ချက်တော့ မရှိဘူးပေါ့နော်။ တချို့တွေကလည်း မော်ဒယ်လ် Market နဲ့ လိုက်လျော ညီထွေစွာ နောက်ထပ် ပညာရှင် တစ်ယောက် အနေနဲ့ ဘယ်လို ပါဝင်ရမလဲ ဆိုတာ စဉ်းစားနေကြတာပေါ့နော်။ ဥပမာ မော်ဒယ်လ်တွေ အရမ်း လှတယ်ဆိုတဲ့ အခါကျတော့ တချို့လူငယ်တွေက ဒီမော်ဒယ်လ် တွေကို ဆင်ပေးခြင်းအားဖြင့် သူတို့ Design တွေ ပေါက်သွားစေ ဖို့ဆိုပြီး အိုက်ဒီယာတွေ ရှိလာကြတယ်။

ဒီဇိုင်နာ အဖြစ် စိတ်ဝင်စား လာကြတယ်။ နောက်ပြီးတော့ Catalogue Photography လို့ခေါ်တဲ့ ကတ်တလောက် အတွက် ဓာတ်ပုံ အရိုက်ခံတာတွေ များလာတယ်။ ဖက်ရှင် မဂ္ဂဇင်းတွေ အတွက် ဖက်ရှင်ပေးချက်တွေ အရမ်း ခေတ်စားလာတော့ မော်ဒယ်လ်တွေ ဓာတ်ပုံ အရိုက် ခံတတ်တဲ့ မော်ဒယ်လ်တွေ အတွက် ဘယ်လို ရှုထောင့်တွေကနေ ရိုက်မယ်ဆိုတဲ့ ဓာတ်ပုံ ပညာတွေကိုလည်း အရမ်း စိတ်ဝင်စားလာကြ တဲ့ လူငယ်တွေရှိတ အတွက် သူ့ရဲ့ဓာတ်ပုံပညာ လက်သွေးဖို့အတွက် မော်ဒယ်လ် တွေကို စပြီး ရိုက်လာကြတယ်။ နောက်တစ်ခါ မော်ဒယ်လ်တွေ လုပ်ကြတဲ့ အတွက် ဒီအစီအစဉ်တွေ ဖြစ်မြောက်အောင် ဘယ်သူတွေက တင်ဆက်တာလဲ။ နောက်ကွယ်မှာ ဘယ်သူတွေက စီမံ ခန့်ခွဲနေသလဲ။ အရမ်းစိတ် ၀င်စားကြတဲ့အတွက် လူငယ်တွေက Even Management လို့ခေါ်တဲ့ အခမ်း အနား စီစဉ်တာတွေကိုလည်း အရမ်း စိတ်ဝင်စားလာကြတယ်။

အဲဒီတော့ တော်တော်များများ မော်ဒယ်လ် ဈေးကွက်ကို ပါဝင်နိုင်တဲ့ မော်ဒယ်လ်အပြင် အခြားသော ပညာရပ် ဆိုင်တဲ့ အသက်မွေး ၀မ်းကျောင်းတွေလည်း ပါလာပါတယ်။ နယ်မှာ Show ပွဲတွေ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ လုပ်လည်း လုပ်ပါတယ်။ တစ်ခုခုပေါ့နော်။ ကုန်ပစ္စည်း အရောင်းမြှင့်တင်တာတို့ နှစ်ပတ်လည် ပွဲတွေဆိုလည်း တေးဂီတ အပြင် Show ပွဲတွေမှာ ပါလေ့ရှိတာမို့ ကျွန်မတို့ Show ပွဲ သီးသန့်ဆိုတာရော၊ တစ်စိတ်တစ်ဒေသ ပါဝင်တဲ့ Show ပွဲတွေရော လုပ်ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်မှာ စင်မြင့် တက်ဆက်မှု ပွဲတွေလုပ်ဖို့ အစီအစဉ်ရှိလား။

နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးလုပ်မယ့် အစီအစဉ်တွေကတော့ နိုင်ငံခြားက လာတဲ့ Designer တွေရှိတယ်။ သူတို့ကိုယ်တိုင် မလာ နိုင်တဲ့အခါ ကျရင် သူတို့ရဲ့ ၀တ်စုံတွေ ပို့လိုက်တာ ရှိတယ်။ ဟိုတစ်လောက ကလေးဆေးရုံ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းဖို့ လုပ်တဲ့ Charity ပွဲမှာဆိုရင် ဘရာဇီးနိုင်ငံက ဗမာပြည်ကို ရောက် နေတဲ့ ဘရာဇီး သံအမှတ် ကတော်က ဦးဆောင်ပြီး လုပ်တယ်။ ကျန်တဲ့မြန်မာပြည်က Lady တွေ လည်း အများကြီးပါတယ်။

အမျိုးသမီး အဖွဲ့ပဲ သူတို့ လုပ်သွားတဲ့ အထဲ မှာလည်း နိုင်ငံခြား ဒီဇိုင်နာတွေ ပါပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ဗမာ ၀တ်စုံတွေကို နိုင်ငံတကာကို သွားရောက်ပြီး ပြသတဲ့ မြန်မာ မော်ဒယ်လ်တွေရော Culture ရော၊ မော်ဒယ်လ်ရော Talent တွေရော၊ နောက်ပြီးတော့ Material လို့ခေါ်တဲ့ ပြည်တွင်းဖြစ် ပစ္စည်း တွေရော တစ်ပြိုင်နက်ပြသ ခွင့်ရမယ့် Showတွေ Exhibition တွေလည်း မြန်မာပြည်ကိုယ်စား ပြုလဲသွားပါ တယ်။ နောက်ပြီးတော့ ကိုယ်တိုင်လည်း Personal အနေနဲ့လည်း သွားပါတယ်။ တစ်ဦးချင်း ဖိတ်ခေါ်တဲ့ ပွဲမျိုးတွေမှာလည်း ကျွန်မတို့ သွားပါတယ်။

အရင်တုန်းက ဖက်ရှင်နဲ့ အခုဖက်ရှင်နဲ့ ဘယ်လိုမျိုး ကွာခြားတာတွေ ရှိလဲ။

အရင်တုန်းက ဖက်ရှင်နဲ့ အခု ဖက်ရှင်နဲ့က တချို့ဖက်ရှင်တွေကျ အများကြီး ကွာပြီးတော့ ခေတ်စားလာတယ်။ သိပ်မကွာခြားပဲနဲ့ ခေတ်စား လာတာ တွေရှိသလို တချို့ဖက်ရှင်တွေက အရမ်းကြီး ကွာခြားလာတယ်။ ဟိုးအရင်တုန်းက ဆိုရင် အားကစား လုပ်တဲ့သူတို့၊ နောက်တစ်ခါ စင်ပေါ်မှာ အလှမယ်ပြိုင်မဲ့ သူတို့လောက်ပဲ ဘောင်းဘီတိုလေးတွေ ၀တ်ကြတာပေါ့နော်။ အခု ခေတ်မှာက ဒီတိုင်းကို လမ်းသွားရင်လည်း အဲလိုမျိုး ၀တ်နေကြပြီ။ ဟိုးအရင်ခေတ်တုန်းက ထဘီကွင်းလိုက် ကြိုးတွေကို အထက်ဆင်နဲ့ဝတ် ကြတာ။ အခုကျတော့ အထက်ဆင်ကို သိပ် အသုံးမလိုတော့ဘူး။ ထဘီကို ဘေးဇစ်တွေနဲ့ တစ်ခါတည်း ၀တ်ကျတာ။ အဲလို သိသိသာသာ ကြီး ကွာခြား သွားတာတွေ ရှိသလို မသိမသာ လေး ကွာခြားသွားတာတွေလည်း ရှိပါတယ်။

ဒီအတိုင်းပဲ ပြန်ခေတ်စားတာတွေလည်း ရှိတယ်။ ဆံပင်ဖက်ရှင်ဆို ဘီးဟိုက်ဆိုလို့ ရှိရင် ပျားအုံပုံ ဆံထုံးဆိုရင် အခုပြန်ခေတ်စားတာ။ အရင်တုန်းက အိုမီဂါ ဆိုပြီး ခေတ်စားတယ်။ အခုဆိုလို့ ရှိရင် အဲလို စတိုင်လ်လေးတွေ ပြန်ခေတ်စားတယ်။ ဖဲပြားလေးတွေနဲ့ပေါ့နော်။ အခု တော်တော်များများ လူတွေ သဘော တွေ့ကြတာတော့ ၁၉၆၀ ခုနှစ် က စတိုင်လ်တွေကို ကြိုက်ကြပါတယ်။

ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ အရေးပါလဲဆိုတာ မမိုးရဲ့ အမြင်လေးကို ပြောပြပေးပါဦး။

ဖက်ရှင်ဆိုတာက ထူးခြားတဲ့ ဖန်တီးမှု အနုပညာ တစ်ခုထဲမှာ ပါပါတယ်။ အဲဒီအတွက် သူကလည်းပဲ အရေးပါတဲ့ ကဏ္ဍထဲမှာလည်း ပါပါတယ်။ ဥပမာ ပြောရရင် ဖက်ရှင် မလိုဘဲနဲ့ သွားလို့ရတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ နေ့စဉ် ကျောင်းသွားတာ။ နေ့စဉ် အလုပ်သွားတာ။ အလုပ်ခွင်မှာ ဒါက ယူနီဖောင်းပေါ့နော်။ ဖက်ရှင် ဆိုပြီး သတ်မှတ်ချက် မရှိပေမဲ့ တီထွင် ဖန်တီးမှုနဲ့ ကိုယ့် Idea သာလျှင် ကိုယ့်ရဲ့အဆင့်အတန်းကို ပြသရာ ရောက်တယ်လို့ ပြောချင်ပါတယ်။

ပြရ တော့မယ့် နေရာမျိုးမှာဆိုရင်တော့ ဖက်ရှင်က အရေးပါပြီပေါ့နော်။ ယူနီဖောင်း ဆိုတာ မရှိဘူး ဆိုပြီးတော့ ရုံးကို ကျွန်မတို့ကSpend ဘောင်းဘီ ကြီးနဲ့ သွားလို့ မရဘူး။ ရုံးတက်တဲ့ Fashion Office Style ဆိုတာ ရှိတယ်။ Smart ကျကျ ကုတ်နဲ့ စတိုင်လ်ဘောင်းဘီ၊ စတိုင်လ် စကတ်နဲ့ သွားရတယ်။ လေဒီရှုး စီးရမယ်။ သူတွဲဖက်တဲ့ အစီအစဉ်ရှိတယ်။ ကျောင်းတက်တဲ့ ဖက်ရှင် သီးသန့် မရှိဘူးဆိုပေမဲ့ ကျောင်းကို ရေကူး ၀တ်စုံနဲ့ လာလို့ မရဘူး။ အသားကပ်တွေ၊ ဇာအမည်းတွေ ၀တ်လာလို့ မရဘူး။ ဒါကျောင်းသား တစ်ယောက် ရဲ့ ပုံမပေါ်ဘူးပေါ့နော်။ အခုပွဲတက်တဲ့ ဖက်ရှင် ဆိုရင် ပါတိတ် ၀မ်းဆက်ကြီးနဲ့ လာလို့ မရဘူး။ နည်းနည်းထူးခြားပြီး တောက်ပတဲ့ ပါတိတ် အရမ်း ၀တ်ချင်တယ်ဆိုရင် တောင်မှ ထူးခြားပြီး တောက်ပတဲ့ ရွှေပါတိတ်တို့ ရွှေချည်တို့ နောက်တစ်ခါ ပါတိတ်ကိုမှ ပြန်ပြီးတော့ ဒီဇိုင်နာတွေက ဖန်တီးပေးထားတဲ့ Leader တွေ၊ Squence တွေနဲ့ ပြန်ဝတ်တာ။ ဒါမျိုးတွေ တောက်ပတာတွေနဲ့ ချီးမြှင့်ကြတာ ပေါ့နော်။ ဂျင်းနဲ့ တီရှပ်ကြီးနဲ့လာလို့ မရဘူး။ ဂျင်းနဲ့တီရှပ်က လမ်းပေါ်မှာ သွားတဲ့ Street Fashion ပေါ့နော်။ တစ်နည်း ပြောရရင် ခရီးသွားတဲ့ ဖက်ရှင်ပေါ့။ဒါကြောင့် ဖက်ရှင်ဆိုတာ အခြေအနေ အချိန်အခါကို လိုက်ပြီးတော့ ၀တ်ဆင် တတ်ဖို့ အရေး ပါပါတယ်။

မြစံပယ်ခိုင်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis