menu

Friday 10 January 2014

ကျောင်းအိမ်သာ...( မောင်တင်ဦး (မြောင်းမြ))

Photo: ကျောင်းအိမ်သာ

Written By -  မောင်တင်ဦး (မြောင်းမြ)

အိမ်သာ

ဒီဆောင်းပါးကို ရေးချင်တာကြာပါပြီ။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ခွဲတမ်းက နည်းပါးလွန်းတဲ့ကြားထဲ ဒီအိမ်သာ အကြောင်း ရေးကြီးခွင့်ကျယ်လုပ်နေတယ်လို့ ယူဆမှာစိုးတာကြောင့် ချမရေးဖြစ်တာပါ။

မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှုဟာ ခေတ်တော်တော်နောက်ကျခဲ့ပါတယ်။ ယနေ့ထိတိုင် အိမ်သာကို စနစ်တကျမသုံးစွဲသေးတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။

အချို့ကျေးလက်တွေမှာ အိမ်သာသုံးစွဲမှုကလည်း ယင်လုံအိမ်သာအဆင့်ကို မရောက်သေးပါဘူး။ ဖြစ်ကတတ်ဆန်း အမိုးမပါ။ အကာသတ်သတ်၊ ဂုံနီအိတ်ကို တံခါးလုပ် အိမ်သာတွေပဲရှိပါသေးတယ်။
အဲဒီလို မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှု အလေ့အထအားနည်းမှုဟာ ကလေးများစုဝေးရာ ကျောင်းတွေကို ထင်ဟပ်လာပါတယ်။ ဒါဟာ မြန်မာတွေရဲ့ အိမ်သာအပေါ် အလေးအနက်မထား တတ်တဲ့စရိုက်ကို ဖော်ပြနေတာပါပဲ။

စင်စစ် ကျောင်းအိမ်သာဟာ စာသင်ခန်းလိုပဲ အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ကျောင်းအိမ်သာကို တစ်နေ့တစ်ကြိမ်တော့ သုံးစွဲနေရတာပါ။ မသန့်ရှင်းတဲ့ အညစ်အကြေးတွေ စွန့်ပစ်ရတဲ့နေရာဖြစ်တာမို့ သာမန်အခန်းများထက် သန့်ရှင်းရပါမယ်။ ရေလုံလုံလောက်လောက်သုံးစွဲနိုင်ရပါမယ်။ ကျန်းမာရေးနဲ့ပြည့်စုံရပါမယ်။ မသန့်ရှင်းတဲ့ကိစ္စ ဆောင်ရွက်တဲ့နေရာမို့ မသန့်ရှင်းအောင်ထားလိုက်မယ်။
ထားတတ်ကြတယ်ဆိုတဲ့ အလေ့အထဟာ အလွန်မှားယွင်းပါတယ်။ အမြန်ဆုံး ပြုပြင်ကြရမယ့် အယူအဆပိုင်းဆိုင်ရာ အရေးတကြီးကိစ္စဖြစ်ပါတယ်။

Sanitation is important than independence လို့  Mahatma Gandhi,1925 ကဆိုပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာ လွတ်လပ်ခြင်းထက် ပိုအရေးကြီးတယ်လို့ဆိုခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ နိပေါနိုင်ငံမှ ဆရာမ မာယာဒေ၀ီ (Teacher Maya Devi) က အရွယ်ရောက်စ (adolescent) မိန်းကလေးတွေအတွက် ကျောင်းအိမ်သာဟာ အလွန်အရေးကြီးကြောင်း ထောက်ပြခဲ့ပါတယ်။

ထိုမိန်းကလေးတွေဟာ တစ်လမှာ လေးရက်မှ ခုနစ်ရက်ခန့်ထိ မလွှဲမရှောင်သာ ဓမ္မတာလာခြင်း (Menstruation) အမှုကို ရင်ဆိုင် ဖြေရှင်းရပါတယ်။ အရွယ်မရောက်သေးတဲ့ အရွယ်မှာ အတွေ့အကြုံမကြွယ်သေးမီ ဒီကိစ္စကို ဖြေရှင်းရေးအတွက် ကျောင်းအိမ်သာဟာ အလွန်အရေးကြီးပါတယ်။ သူတို့အတွက် ကျောင်းအိမ်သာဟာ သန့်ရှင်းရေးသာမက လုံခြုံစိတ်ချရေးအတွက်ပါ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေဟာ ဒီကိစ္စကို ရှက်စရာ၊ ကြောက်စရာ၊ ဖြေရှင်းရခက်ခဲတဲ့အရာလို့ ထင်မှတ်တတ်ကြပါတယ်။ ပညာမတတ်တဲ့ မိခင်အချို့က သမီးကို ကြိုတင်ရှင်းပြမထားလို့ ပထမဆုံး အတွေ့အကြုံမှာ ကြောက်ရွံ့ငိုယိုရတဲ့အဖြစ်တွေ ကြုံခဲ့ဖူးပါတယ်။

ကျောင်းအိမ်သာဟာ သန့်ရှင်းရေးသာမက တစ်ဦးချင်းစီရဲ့ လွတ်လပ်မှု၊ လုံခြုံမှုရှိရမယ့် နေရာဖြစ်မယ်ဆိုတာပိုလို့ အဓိပ္ပာယ်ကျယ်ဝန်းလာပါတယ်။ ဒါ့ထက် ယဉ်ကျေးလာတဲ့ လူမှုပတ်ဝန်းကျင်မှာ အိမ်သာဟာ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းကိုပြညွှန်းတဲ့ သင်္ကေတ ဖြစ်လာပါတယ်။

ကမ္ဘာပေါ်ရှိလူ ၁ ဒသမ ၉ ဘီလျံဟာ စနစ်တကျ အိမ်သာသုံးစွဲမှုမရှိကြပါဘူး။ ဒါကြောင့် လူသားတိုင်း အိမ်သာသုံးစွဲရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂက နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာ (သုံးစွဲရေး)နေ့ (World Toilet Day) အဖြစ် သတ်မှတ်ပေးထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက ကမကထလုပ်လာတာကြောင့် ကျန်းမာရေးအတွက် အိမ်သာသုံးတတ်အောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ယူနက်စကို၊ ယူနီဆက်ဖ်တို့နဲ့ ပူးပေါင်းပြီး ပညာပေးခြင်း၊ အိမ်သာဆောက်လုပ်ပေးခြင်း စတာတွေကို တီဗွီမှာ မကြာခဏတွေ့နေရပါတယ်။
လက်တွေ့အကောင်အထည်ဖော်မှုကတော့ ထင်သလောက် ခရီးမပေါက်သေးဘူးလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့အထိ အိမ်သာကို စနစ်တကျ မသုံးစွဲကြသေးတာ ကျေးလက်ဒေသ အတော်များများမှာ တွေ့နေရဆဲပါ။

လှူဒါန်းသင့်တဲ့ နေရာတစ်ခု

ဒါနဟာ ပါရမီ ၁၀ ပါးအနက် တစ်ပါးပါ။ ဘုရားလောင်း ဝေဿန္တရာမင်းကြီးဟာ တိုင်းပြည်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ ဆင်ဖြူတော်ကို လှူရုံသာမက ဂဏှာနဲ့ဇာလီတို့ မောင်နှမကိုလည်း ဇူဇကာကိုလှူခဲ့သလို ဇနီးသည် မဒ္ဒီဒေ၀ီကိုလည်း လူယောင်ဖန်ဆင်း ထားတဲ့သိကြားမင်းကို လှူခဲ့တာပါ။ မြန်မာလူမျိုးတွေဟာ အလှူနဲ့ပတ်သက်ပြီး လက်တွန့်ရိုးမရှိပါဘူး။ ပုဗ္ဗ၊ မုဉ္ဇ၊ ပရစေတနာ ဆိုတဲ့ မလှူမီသဒ္ဓါတဲ့စိတ်ထား၊ လှူနေစဉ် သဒ္ဓါတဲ့စိတ်ထား၊ လှူဒါန်းပြီး ပီတိနဲ့ ယှဉ်တဲ့ သဒ္ဓါတဲ့စိတ်ထားနဲ့ လှူတတ်ကြတာပါ။
စာသင်ကျောင်းတွေမှာလည်း တတ်နိုင်တဲ့ မိဘတွေ ၀ိုင်းဝန်းလှူဒါန်းကြပါတယ်။ ကျောင်းခြံဝန်းအလှူ၊ မုခ်ဦးအ၀င်ဝအလှူ၊ ကျောင်းပရိဘောဂအလှူ၊ မျက်နှာကြက်အလှူ၊ ကျောင်းဆောင်အလှူ၊ စာရေးကိရိယာအလှူ၊ အစာအာဟာရအလှူ၊ သောက်ရေအိုးစင်အလှူ၊ စာကြည့်တိုက်အလှူစသဖြင့် ထောင့်စုံက လှူကြတန်းကြ ဒါနပြုကြပါတယ်။

ဒါပေမဲ့ ကျောင်းအိမ်သာကို သတ်သတ်မှတ်မှတ် လှူတဲ့အလှူရှင်ရယ်လို့ မကြားမိပါ ဘူး။ ဒါကြောင့် ကျောင်းအိမ်သာကို လှူဒါန်းတဲ့ အလှူရှင်တွေပေါ်ပေါက်ဖို့ ကလေးတွေ အကျိုးမျှော်ကိုးလို့ နှိုးဆော်လိုက်ပါရစေ။

ဝန်ထမ်းတို့ရဲ့အကျင့်

ကျောင်းကျန်းမာရေးဌာနတွေကလည်း ကျောင်းတွင်းကျန်းမာရေးကို စစ်ဆေးဖို့လာတဲ့အခါ သောက်ရေအိုးလေးစစ်ရုံ၊ စင်္ကြံလေး မုန့်ဈေးတန်းလေးစစ် ဆေးရုံနဲ့ ပြီးဆုံးတတ်ကြပါတယ်။ ကျောင်းအိမ်သာကို ထိထိရောက်ရောက် ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်း မရှိကြပါဘူး။ ကျောင်းကျန်းမာရေးလုပ်ငန်း (၉) ချက်ထဲမှာ ကျောင်းအိမ်သာအတွက် သီးသီးသန့်သန့် ဖော်ပြပေးထားတာ မတွေ့ရပါဘူး။ ထို့အတူ ကျန်းမာရေးဌာနတွေမှာလည်း ကျောင်းအိမ်သာအတွက် သီးသန့်ဘတ်ဂျက်ရှိဟန်မတူပါဘူး။

ပံ့ပိုးမှုကောင်းတဲ့ ကျောင်းတစ်ကျောင်းနဲ့ ကျောင်းအိမ်သာဟာ ဘိုထိုင်ခေါ်တဲ့ ဆောင့်ကြောင့်မထိုင်ရတဲ့ အိမ်သာ၊ လက်ဆေးကြောဖို့နေရာ ရေဆွဲခလုတ်နဲ့ ကြွေပြားကပ်၊ ရေဖောဖောသီသီ သုံးစွဲနိုင်တဲ့အိမ်သာ ဖြစ်ပါတယ်။

အဲဒီကျောင်းက ကျောင်းသားဟာ အိမ်ပြန်ရောက်တော့ သူ့မိဘကို ထူးထူးဆန်းဆန်းတွေ ပူဆာပါတယ်။ ဘိုထိုင်ပြောင်းပေးဖို့၊ လက်ဆေးဘေစင်တပ်ပေးဖို့၊ အနံ့ပျောက် ပရုပ်ထည့်ပေးဖို့ဖြစ်ပါတယ်။

ဒါဟာ ကျောင်းတစ်ကျောင်းမှ အိမ်ပေါင်းများစွာ၊ လူပေါင်းများစွာကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အိမ်ပေါက်စေ့လိုက်နှိုးဆော်၊ ပညာပေးနေမယ့်အစား ကျောင်းမှတစ်ဆင့် ပညာဖြန့်ဖြူးပေးနိုင်ခြင်းပါပဲ။

ကျောင်းအိမ်သာတွေ သန့်ရှင်းပါစေ

ဒါကြောင့် ကျောင်းအိမ်သာတွေဟာ သန့်ရှင်းရမယ်။ ရေဖောဖောသီသီသုံးနိုင်ရမယ်။ သန့်ရှင်းရေးလုပ်သား တိတိကျကျထားရှိပြီး ပုံမှန်သန့်ရှင်းရေးဆောင်ရွက်ပေးရမယ်။

ခေတ်မီရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ၊ လေဆိပ်တွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေ ၂၄ နာရီပတ်လုံး အချိန်ပြည့်ဆောင်ရွက်နေတာ တွေ့ရပါတယ်။

အစ္စရေးနိုင်ငံလို နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်သာနဲ့ အရေးပေါ်တယ်လီဖုန်းနံပါတ်တွေကို အဝေးပြေးလမ်းမပေါ်မှာ အဆက်မပြတ် တွေ့ရပါတယ်။ အိမ်သာဟာ အချိန်မရွေးသုံးစွဲရမယ့် အရေးကိစ္စအဖြစ် နားလည်ထားကြပါတယ်။ မြန်မာပြည်မှာလို ပေါက်တောဆိုတဲ့ အဝေးပြေးလမ်းမ ချုံနံဘေးမှာ စွန့်ပစ်စရာမလိုပါဘူး။

အိမ်သာကို ခေတ်မီနိုင်ငံတိုင်းက အညစ်အကြေးစွန့်ပစ်တဲ့နေရာတစ်ခုထက် အေးချမ်းလုံခြုံတဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝမှုကို ပြသတဲ့နေရာအဆင့်အထိ မြင့်မားလာနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ကျောင်းအိမ်သာများကို အဆင့်အတန်းမြင့်အောင် ဆောင်ရွက်ကြရင်း နိုင်ငံ သားတိုင်း အိမ်သာကို မှန်မှန်ကန်ကန်သုံးစွဲတတ်ကြအောင် ၀ိုင်းဝန်းဆောင်ရွက်ကူညီကြဖို့ တိုက်တွန်းရေးသားအပ်ပါတယ်။

(ရန်ကုန်မြို့ ၌ ဇန်န၀ါရီ ၃ရက်က ပြုလုပ်သော ပညာရေးစုံညီပွဲတော်တွင် ကျောင်းကျန်းမာရေးပြကွက်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis