menu

Friday 10 January 2014

ယာဉ်တိမ်းမှောက်မှု များပြားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းအား ပြန်လည်ပြုပြင်ရန် သင့်၊ မသင့် ဂျပန်နိုင်ငံက လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်

Photo: ယာဉ်တိမ်းမှောက်မှု များပြားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းအား ပြန်လည်ပြုပြင်ရန် သင့်၊ မသင့် ဂျပန်နိုင်ငံက လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်

ဂျပန်နိုင်ငံက ရန်ကုန်-မန္တလေး အမြန်လမ်းကို ပြန်လည်ပြုပြင်ရန် သင့်မသင့် လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းသို့ စစ်ဆေးတွေ့ရှိသည့် ရလဒ်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများ အနေဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်ပြီး USAID၊ JICA နှင့် KOICA တို့သို့ အကူအညီ တောင်းခံခဲ့ကြောင်း၊ USAID အဖွဲ့မှာ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့် အကြောင်းပြန်ကြားချက်မှ မရသေးကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို ကိုယ့်ဟာကိုယ် လုပ်တာပေါ့။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အပိုင်းကိုတော့ အကူအညီ တောင်းရတာပေါ့။ အဲဒီလို အကူအညီ တောင်းတာမှာ USAID ရယ် JICA နဲ့ KOICA တို့ပေါ့။ USAID ကတော့ ကွင်းဆင်းလေ့လာမှုတွေ လာလုပ်ပြီး ပြန်သွားတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

"ဂျပန်ကတော့ ကျွန်တော်တို့နဲ့ Governtment to Government၊ Department to Department တွဲထားတော့ JICA က ကုမ္ပဏီတစ်ခုကို ကျွန်တော်တို့ဆီ လွှတ်လိုက်တယ်။ နိုဝင်ဘာကပေါ့။ ဂျပန်အင်ဂျင်နီယာ နှစ်ယောက် ကျွန်တော်တို့ဆီ ရောက်လာတယ်။ Nippon Road ကုမ္ပဏီပေါ့။ သူတို့က Instrument တွေ ပါလာတယ်။ အဲဒီ Instrument တွေတပ်ဆင်ထားတဲ့ကားနဲ့ ရန်ကုန်ကနေ မန္တလေးကို မောင်းကြည့်တယ်။ အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းရှိတော့ သူတို့ကားမှာပါတဲ့ Camera တွေ Vibration တွေနဲ့ပေါ့ဗျာ။ အသွားအပြန် မောင်းကြည့်ပြီး Record တွေယူပြီး ပြန်သွားတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများအရ လမ်းတစ်လျှောက်လုံး ပြင်စရာ မလိုကြောင်း၊ အမြန်လမ်း၏ ၇၅ ရာခိုင်နှုန်းမှာ ကောင်းမွန်သော်လည်း ၁၉ ရာခိုင်နှုန်းမှာ ကောင်းသည်ဟုပြော၍ မရနိုင်ကြောင်းနှင့် ကျန်ခြောက်ရာခိုင်နှုန်းမှာ ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်း၏ ၆ရာခိုင်နှုန်းခန့်အား နေရာနှစ်ခုခွဲ၍ လိုအပ်သည့် တိုင်းတာမှုများကို ဂျပန်နိုင်ငံက ဆက်လက်ပြုလုပ် ခဲ့ကြောင်း သိရသည်။             

"အဲဒီခြောက်ရာခိုင်နှုန်း ထင်တဲ့နေရာကို နေရာနှစ်နေရာကို ရွေးထုတ်ပြီးတော့ မြေအောက်ကို တူးကြည့်ချင်ပါတယ်လို့ ပြောလာတယ်။ ဒီဇင်ဘာ ၈ ရက်ကလာပြီး ၁၂ ရက် ပြန်သွားတယ်။ ၂၂ ရက်မှာ ဖူကန်ကုမ္ပဏီက ရောက်လာတယ်။ မြေတူးတဲ့ စက်တွေလည်း ပါလာတယ်။ ကွန်ကရစ်ကို ဖောက်ဖောက်ပြီးတော့ အောက်ကမြေကြီးကို ငါးမီတာတူးလိုက်တယ် စသဖြင့်ပေါ့ လိုအပ်တာတွေ ပြုလုပ်သွားပါတယ်" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ အနေဖြင့် လာမည့်ဖေဖော်ဝါရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်ပြီး အသေးစိတ် အစီအစဉ်များကို အမြန်လမ်း တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်နေရာကို တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis