menu

Friday 10 January 2014

ကျောက်စိမ်း၊ ၀ိုင်နှင့် ဘီယာများအပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးရမိနေ

Photo: ကျောက်စိမ်း၊ ၀ိုင်နှင့် ဘီယာများအပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးရမိနေ

မူးယစ်ဆေးဝါး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ၀ိုင်နှင့် ဘီယာများ အပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်ဘီလျံကျော် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေး အကောက်ခွန်ရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ ဖမ်းဆီးရမိမှု ၂၈ ကြိမ်၊ သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှု ခုနစ်ကြိမ်၊ အထွေထွေပစ္စည်း ဖမ်းဆီးမှု ၇၉ ကြိမ်၊ မော်တော်ယာဉ် ၄၄ စီး စုစုပေါင်း ဖမ်းဆီးမှု ၁၆၀ ကြိမ်၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂၄၇၇ ဒသမ ၄၄ သန်း ခန့်အား ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အချို့မှာ ဇန်န၀ါရီ ၄ ရက်က မန္တလေး ၁၆ မိုင် ကျောက်ချောပူးပေါင်း စစ်ဆေးရေး စခန်းတွင် မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ဇန်န၀ါရီ ၅ ရက်တွင် ကျောက်ချော စစ်ဆေးရေးစခန်း၌ပင် တရားမ၀င် အကောက်မဲ့ သယ်ဆောင်လာသော ကားအပိုပစ္စည်းများ၊ တရားမ၀င် အကောက်ခွန်မဲ့ ဘီယာနှင့်ဝိုင်များ၊ ဇန်န၀ါရီ ၆ ရက်တွင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် တရားဝင် စာရွက်စာတန်း မပါရှိဘဲ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ရန်ကုန်လေဆိပ်/ရေဆိပ်များနှင့် နယ်စပ်ဂိတ် အသီးသီးတွင် အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ဧပြီမှ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ဆေးရှာဖွေခဲ့ရာ ရန်ကုန် လေဆိပ်/ရေဆိပ်များမှ ဖမ်းဆီးရရှိမှု ၂၄၁ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၂၁၇၄ ဒသမ ၅၁ သိန်းနှင့်  နယ်စပ်ဝင်ပေါက်များမှ ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိမှု ၅၂၄ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၉၇၆၆ ဒသမ ၂၉ သိန်း (ကျပ်သန်း ၃၀၀၀) ခန့်အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေများအရ အရေးယူခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊  စည်းမျဉ်းအမိန့်များနှင့် အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်း အမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမ၀င်တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့်   ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ၊ ခွင့်ပြုချက် မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ  စစ်ဆေးအရေးယူနေ သကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

(Mobile Team အဖွဲ့က ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို))

 EMG
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis