menu

Friday 10 January 2014

ပြည်တွင်း၌ ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်အတွင်း လူ ၉၇၀၀ ကျော် သေဆုံး

Photo: ပြည်တွင်း၌ ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်အတွင်း လူ ၉၇၀၀ ကျော် သေဆုံး

မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်တာ ကာလအတွင်း လူဦးရေ ၉၇၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ ၉ ရက်တွင် စုံစမ်းသိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် လူသေဆုံးမှု ဖြစ်စဉ်များမှာ နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက် ရှိကြောင်းလည်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦး၊ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၅ဦး၊ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၃၉၀၇ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၄၃၅ ဦး၊ သေဆုံးသူ ၃၆၁၂ ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ၇ ဒသမ ၆၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၉ ဒသမ ၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၉ ဒသမ ၉၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် သေဆုံးသွားတဲ့ သူတွေက အသက် ၁၀ နှစ်ကနေ ၄၀ ၀န်းကျင် ရှိတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်တွေ လျော့ကျခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရမှုတွေ လျော့ကျစေဖို့အတွက် ယာဉ်မဆင်မခြင် မောင်းနှင်သူတွေနဲ့ စည်းကမ်းဖောက် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ယာဉ်ထိန်းတရားရုံးက ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ပြီးတော့ ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးနင်းတဲ့ သူတွေကို အရေးမယူတော့ဘဲနဲ့ ဆိုင်ကယ်ဦးထုပ်တွေကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့အထိ အခမဲ့ ပေးသွားမယ်။ အခုနှစ် အတွင်းမှာလည်း ပညာပေးမှုပိုပြီး လုပ်ဆောင်သွားမယ်” ဟု ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

(၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိသူ တစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့တင်ရန် ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis