ထိုက်သူဇော်၊ ရန်ကုန်၊ ဇန်န၀ါရီ-၉
ကချင်ပြည်နယ်တောင်ပိုင်း၊
ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်းပါရွာတွင် ဇန်န၀ါရီ ၆ ရက်က
ကေအိုင်အေနှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး
နှစ်ရက်အကြာ၌အစိုးရတပ်များ ပြန်လည်ဆုတ်ခွာ သွားခြင်းသည်
ဗျူဟာအရသာဆုတ်ခွာခြင်းဖြစ်ပြီး တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန်
ယုံကြည်၍မရနိုင်ကြောင်း ကေအိုင်အို နည်းပညာအထောက်အကူပြုအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက စံတော်ချိန်သို့ ဇန်န၀ါရီ ၉ ရက်၌
ပြောကြားသည်။
ဇန်န၀ါရီ ၆ ရက်က ဖြစ်ပွားသော ကေအိုင်အေနှင့်
အစိုးရတပ်တိုက်ပွဲတွင် အစိုးရတပ်မှ ရိက္ခာကားတစ်စီး၊ ကျည်ဆန်ပေါင်း ၁၀၀၀
ကျော်၊ ဘဇူကာ တစ်လက်၊MA သေနတ်နှစ်လက်၊ဒုတပ် ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး
တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အစိုးရတပ်သည် မုန်းခေါင်စခန်းမှ
မုန်းဒိမ်းပါရွာသို့ တိုးချဲ့ လာစဉ်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး
ဖမ်းမိသော စစ်တပ်မှ ဒုတပ်ကြပ်နှင့် တပ်သားတို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း
သိရသည်။
" ဆုတ်ခွာတာလည်း ဆုတ်ခွာတာပဲ။ ဒါပေမဲ့ တထစ်ချယုံကြည်လို့
မရဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ အရဘာမှ ယုံကြည်လို့မရဘူး။ ဆုတ်ရင် လည်း
ဗျူဟာအရ ဆုတ်တာပဲဖြစ်မယ်။ တက်ရင်လည်း ဗျူဟာအရပဲ။ ဒါ ကေအိုင်အေရဲ့
ဘ၀အတွေ့အကြုံပဲ။ ဘာမှယုံကြည်လို့မရဘူး။ စစ်ပွဲတွေထပ် မဖြစ်ဘူးလို့
ပြောလို့မရဘူး " ဟု ဦးဒေါင်ခါးက ပြောဆိုသည်။
စစ်တပ်၏လှုပ်ရှားမှုများသည်
ဗျူဟာအပေါ် အခြေခံပြီးသာလုပ်နေ ခြင်းဖြစ်သောကြောင့် ယုံကြည်မှုထား
၍မရကြောင်း၊ စစ်တပ်လှုပ်ရှားမှုသည် မဟာဗျူဟာ၊ နည်းဗျူဟာအပေါ် အခြေခံခြင်းမှာ
သဘောသဘာဝ ဖြစ်နေကြောင်း၊ လှုပ်ရှားမှုများကိုကြည့်၍ စစ်ပွဲထပ်မံမဖြစ်ပွားရန်
တပ်အပ်ပြော နိုင်ခွင့်မရှိဘဲ လှုပ်ရှားမှုများကို ဗျူဟာနည်းဖြင့်သာ
စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
" မုန်းဒိန်းပါရွာက
အချက်အချာကျတဲ့ ပွိုင့်တစ်ခုဖြစ်နေတော့ သူတို့ စစ်တပ်က မရ၊ ရအောင်ယူမှာပဲ။
လွှမ်းမိုးမှုရအောင် လုပ်မှာပဲ။ လုပ်လည်း လုပ်ခဲ့တာပဲ။ စာချုပ်အရ စစ်ပွဲထပ်မံ
မဖြစ်ပွားရေး၊ စစ်ရှိန်လျှော့ချရေးတို့ ပါတယ်။ စစ်ရှိန်လျှော့တာတော့
လျှော့တာပေါ့။ ထပ်မံမဖြစ်ပွားရေးဆိုတဲ့ အချက်ကိုတော့
ချိုးဖျက်တဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ ဒါပေမဲ့ သူတို့ကတော့ ဘယ်တော့မှ
ထိုးစစ်ဆင်တယ်လို့မပြောဘူး " ဟု ကေအိုင်အို နည်းပညာ အထောက်အကူပြုအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောဆိုသည်။
စစ်တပ်၏အသုံးအနှုန်းသည်
နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေးတို့ကို
အကြောင်းပြပြီး ပြုလုပ်သောကြောင့် မည်သည့်ဥပဒေကိုမျှ
ကျူးလွန်မှုမဖြစ်တော့ကြောင်း၊ ထိုသို့ပြု လုပ်နေခြင်းမှာလည်း ကေအိုင်အို
နယ်မြေ၊ ရှမ်းပြည်တပ်ဖွဲ့များရှိသော နယ်မြေများနှင့် အခြားတော်လှန်ရေး
အဖွဲ့အစည်းများရှိသော နယ်မြေများသာ ပြုလုပ်နေခြင်းသည် အပြစ်ပြော၍ မရအောင်
ခေါင်းစဉ်တပ်လှုပ်ရှားခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဒီဇင်ဘာ ၂၈
ရက် ညပိုင်းတွင် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကျေးရွာတချို့ တွင်
တပ်စွဲထားသော အစိုးရတပ်များ တစ်ကြိမ် ရုပ်သိမ်းသွားခဲ့သော်လည်း
သုံးရက်အကြာတွင် အစိုးရတပ်များ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရ သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment