menu

Friday 10 January 2014

ရေပူရေအေးစက်တွင် ရေသောက်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး


ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၃) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၈ ရက်နေ့ ည ၁၁ နာရီခန့်က အသက် ၂၂ အရွယ် လေအေးပေးစက်ပြင် အလုပ်သမားတစ်ဦးက ရေပူရေ အေးစက်တွင် ရေသောက်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သေဆုံးသူသည် အသက် ၂၂ အရွယ် ကိုအောင်ကိုဦး ဆိုသူဖြစ်ပြီး ၎င်းသည် ရေပူရေအေးစက်၌ ရေသွားသောက်စဉ် ယင်းစက်တွင် လျှပ်စီးဝင်ရာမှ ဓာတ်လိုက်ခဲ့ကြောင်း၊ ၎င်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“မိသားစုဝင်တွေ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးမှာ ဖြစ်သွားတာပါ၊ ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ဟု အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က ရှင်းပြသည်။

လျှပ်စစ်ပစ္စည်းများ အသုံးပြုရာတွင် သတိထား ကိုင်တွယ် အသုံးပြုသင့်ပြီး၊ ရေပူရေအေးစက်ကြောင့် ဓာတ်လိုက် သေဆုံးမှုသည် ဖြစ်ခဲသော သေဆုံးမှုတစ်ခု ဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများကို အသုံးပြုသူများ အနေနှင့် လျှပ်စစ်အန္တရာယ်ကို ကြိုတင်သိရှိကာ ကိုင်တွယ် အသုံးပြုသင့်ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။



အဆိုပါ သေဆုံးမှုကို သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပီအာရ် ၈၃ ဖြင့် လက်ခံထားပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက် ၂၈ လမ်း (အောက်ဘလောက်) ခြောက်လွှာ တိုက်ခန်းတွင် အသက် ၄၂ အရွယ် အမျိုးသားကြီးတစ်ဦး ရေနွေးစက် ရေပန်းဖြင့် ရေချိုးရာ ရေချိုး ရေပန်းမှတစ်ဆင့် ဓာတ်လိုက် သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis