menu

Thursday 16 January 2014

ကလေးငယ်များကို ခြိမ်းခြောက်နေသည့် လေထုထဲကရန်သူ


တတိယတန်း ကျောင်းသူလဲ့လဲ့တစ်ယောက်တီဘီဆေးပြင်းဒဏ်ကြောင့် ကျောင်းတစ်နှစ်နား
 ဆေးကုလိုက်ရသည်။
မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံ များတွင် အများဆုံး တွေ့ရသော တီဘီနှင့် ဆေးယဉ်ပါး တီဘီရောဂါပိုး များ၏ ဓားစာခံ သားကောင်သစ် များသည် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များပင်ဖြစ်သည်။
လေထုအတွင်း ပေါက်ဖွားရှင်သန်သည့် ကူးစက်ရောဂါပိုး အမျိုးအစားဖြစ်သောကြောင့် လူတစ်ဦးနှင့် တစ်ဦး ကူးစက်နှုန်း မြန်ဆန်ပြီး ကလေးသူငယ်များနှင့် ခုခံအားကျဆင်း နေသူများတွင် အလွယ်တကူ ကူးစက်တတ်သည်။
“ဘာကြောင့် တီဘီဖြစ်တာ လို့တော့မသိဘူး။ သူ့အမေကတော့ တီဘီဖြစ်ဖူးတယ်” ဟု ရန်ကုန်မြို့နေ တီဘီရောဂါ ခံစားဖူးသူ အသက် ၁၄ နှစ်အရွယ် လဲ့လဲ့၏ အဘွားဖြစ်သူက ဆိုသည်။
လဲ့လဲ့သည် အသက် ရှစ်နှစ်အရွယ် ကတည်းက မကြာခဏ နေမကောင်း ဖြစ်တတ်ပြီး ကိုယ်အလေးချိန် ကျဆင်း နေသောကြောင့် နီးစပ် ဆေးခန်းတွင် သွားရောက် ပြသရာက တီဘီရောဂါပိုး ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ ကျန်းမာရေး အခြေအနေ ပိုဆိုးလာသောကြောင့် တတိယတန်းနှင့် ကျောင်းနားလိုက်ပြီး တီဘီဆေးသောက်သုံး ခဲ့သည်။ ယင်းနောက် လဲ့လဲ့ပညာရေးမှာ နှစ်အတန်ကြာ အဆက်ပြတ်တောက်သွား ခဲ့သည်။
တီဘီရောဂါသည် လူမှုစီးပွားဘဝနှင့် တိုက်ရိုက်ဆက်နွှယ်နေသော ရောဂါ တစ်မျိုးဖြစ် သည်နှင့်အညီ လူဦးရေ ထူထပ်သော နေရာများနှင့် ရွှေ့ပြောင်းဝန်ထမ်းများတွင် ပိုသတိပြုသင့်သော ရောဂါဖြစ် ကြောင်း၊ အများအားဖြင့် လူတစ်ဦးမှ တစ်ဦးသို့ အဆင့်ဆင့် ကူးစက်နှုန်းပိုများပြီး ခန္ဓာကိုယ်တွင်း တီဘီရောဂါပိုးကို ကိုယ်ခံ အားစနစ်ကို တိုက်မထုတ်နိုင်ဘဲ ရောဂါပိုး ပြန်ကြွရာမှ တီဘီရောဂါ ခံစားရ သူများလည်း ရှိကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ နိုင်လင်းထွန်းက ရှင်းပြသည်။

ကလေးငယ်များသည် မိသားစု အတွင်းက တီဘီရောဂါ ဖြစ်ဖူးသူများနှင့် နေထိုင်ရာ ပတ်ဝန်းကျင်က တီဘီ ဖြစ်ဖူးသူများကြောင့် အများဆုံး ကူးစက်တတ် ကြပြီး ကလေးငယ် အချင်းချင်း ကူးစက်နှုန်း အလွန်နည်းပါး သော်လည်း အသက် ၁၄ နှစ်အရွယ် ကလေးသူငယ်များမှ တစ်ဆင့် ၎င်းတို့ ထက် အသက်ငယ်သူများထံ ကူးစက်မှုများ လည်း ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၁၅ နှစ်အောက် ကလေးသူငယ် တီဘီရောဂါ ဖြစ်သူ လေးသောင်းနီးပါး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တွက်ချက်ထားသည်။
“တီဘီအများဆုံး ကူးစက်ခံရတာက အသက် လေးနှစ်အောက် ကလေးတွေပါပဲ” ဟု ကလေး အထူးကုဆရာဝန်လည်း ဖြစ်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သုခရိပ်မြုံဂေဟာ တာဝန်ခံ ဒေါက်တာစုထားက ပြောကြားသည်။ ကိုယ်ခံအား ကောင်းမွန်သော သာမန် ကလေးငယ် များထက် HIV ပိုးကူးစက်ခံ ထားရသော ကလေးသူငယ်များတွင် တီဘီ ရောဂါ ဖြစ်ပွားမှု ပိုလွယ်သည့်အပြင် ကုသရာတွင်လည်း ခက်ခဲကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
မြို့ပြ ပတ်ဝန်းကျင်တွင် လူဦးရေ ထူထပ်ပြီး ကျန်းမာရေးအသိ ရေချိန်မြင့်မား သောကြောင့် ကျန်းမာရေး ဝန်ထမ်းများက ကလေးသူငယ် တီဘီရောဂါကို ပြီးပြည့်စုံ သော စစ်ဆေးမှု ပြုလုပ်နိုင် သော်လည်း သွားလာရ ခက်ခဲသော ဝေးလံဒေသရှိ ကလေးသူငယ်များ တွင်မူ တီဘီရောဂါ စမ်းသပ် ရှာဖွေမှုပိုင်းတွင် အားနည်း နေသေးကြောင်း ကျန်းမာရေး ဝန်ထမ်းများကဆို သည်။
ယင်းကြောင့် ကလေးသူငယ်များ အကြား တီဘီရောဂါ ကာကွယ်ရေးအတွက် တစ်ပတ်ထက်ပိုသော နေထိုင်မကောင်း ဖြစ်ခြင်း၊ အစားအစာ စားသုံးမှု နည်းပါးခြင်း၊ ချောင်းဆိုးခြင်းနှင့် ခေါင်းချွေးပြန်ခြင်း လက္ခဏာများ ဖြစ်ပါက နီးစပ်ရာ ဆေးခန်း များတွင် သွားရောက် ကုသရန်လိုအပ်သည်။
အာရှဒေသတွင် မြန်မာနိုင်ငံသည် တီဘီရောဂါ ဖြစ်ပွားမှု အမြင့်ဆုံး နိုင်ငံဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေး အသိပညာ နည်းပါးမှုနှင့် ကျန်းမာရေးမူဝါဒပိုင်း အားနည်းချက်ကြောင့် ဆေးယဉ်ပါး တီဘီ ဖြစ်ပွားမှုနှုန်းလည်း မြင့်တက်လျက် ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ထောက်ပြ ဝေဖန်ကြသည်။
ယင်းသို့ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနှုန်း မြင့်တက် နေခြင်းသည်ပင် မြန်မာနိုင်ငံရှိ ကလေးသူငယ် သန်းပေါင်း များစွာအတွက် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ပြောကြားသည်။
“ဆေးစ သောက်နေတာ နှစ်တန်း၊ သုံးတန်းလောက် ကတည်းက အခုထိ သောက်နေရတုန်းပဲ။ ဘာဆေးလဲတော့ မသိဘူး” ဟု လဲ့လဲ့၏ အဘွားဖြစ်သူက ဆိုသည်။
ကလေး သူငယ်များတွင် တီဘီရောဂါပိုး စစ်ဆေး တွေ့ရှိပါက ဆေးကုသမှု ရှစ်လ နီးပါး ခံယူရမည် ဖြစ်ပြီး အကြောင်း အမျိုး မျိုးကြောင့် မပျောက်ကင်းသေးလျှင် ဆက်လက် ကုသပေးလျက်ရှိကြောင်း၊ တီဘီ ဆေးများသည် အသည်း ထိခိုက်မှုအများဆုံး ဖြစ်သောကြောင့် တီဘီရောဂါ ပျောက်ကင်း သော်လည်း အသည်းထိခိုက် သွားသော ကလေးသူငယ်များ ရှိကြောင်း ဒေါက်တာ နိုင်လင်းထွန်း ပြောကြားသည်။
ယင်းအပြင် တီဘီရောဂါ ဖြစ်ဖူးသော ကလေး သူငယ်များသည် သာမန် ကလေးငယ်များထက် ဖွံ့ဖြိုးမှု နောက်ကျကျန် ခဲ့သောကြောင့် ရောဂါ ပျောက်ကင်းပါက အစာအာဟာရ ဖြည့်တင်းပြီး ဖြည့်စွက် အစာများ ပိုကျွေး သင့်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များက တိုက်တွန်းသည်။
တီဘီ ဆေးသောက်ဖူးသော လဲ့လဲ့ ကိုယ်တိုင်ပင် ယခုအချိန်ထိ ဆေးဝါးအကူအညီများနှင့် ရှင်သန် နေရပြီး အခြား ကလေးသူငယ်များ ကဲ့သို့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ကောင်းကောင်းနှင့် လှုပ်ရှား သွားလာရန် ကြိုးစား ရဦးမည် ဖြစ်သည်။
လေထုထဲက ရောဂါပိုး တစ်မျိုးကြောင့် မြန်မာနိုင်ငံက တီဘီရောဂါ ခံစား နေရ သော ကလေးသူငယ် လေးသောင်း နီးပါး နှင့် ရှာဖွေ စမ်းသပ် မတွေ့ရသေးသော တီဘီ ဝေဒနာရှင် ကလေးငယ် များစွာအတွက် အနာဂတ်ခရီးမှာ ခြေရာပျောက်နေဆဲ ဖြစ်သည်။
“လေထဲကကူးတာ ဆိုတော့။ အသက် ရှုခိုင်းဖို့တောင် သတိထား ခိုင်းရမယ်” ဟု လေထုထဲက ရန်သူအကြောင်း ဒေါက်တာ နိုင်လင်းထွန်းက သတိပေးလိုက်သည်။

 Written by  လဲ့ရည်မြင့်

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis