menu

Thursday 16 January 2014

လမ်းမတော် အလယ်တန်းကျောင်းအတွင်း စိတ်ဝေဒနာရှင် ဝင်ရောက်ရန်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၅

လမ်းမတော်မြို့နယ် အမှတ် (၁၀) ရပ်ကွက်၊ လမ်းသစ်လမ်းရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က အသက် ၂၃ နှစ်အရွယ် စိတ်ဝေဒနာရှင် လူငယ်တစ်ဦး ဝင်ရောက်ကာ ကျောင်းသား ကျောင်းသူများကို ရန်ရှာမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့နယ်အမှတ် (၁၁) ရပ်ကွက် လမ်းသစ် ရိပ်သာလမ်းတွင် နေထိုင်သူ ကိုမြတ်သူမှာ ကျောင်းဝင်း အုတ်နံရံကို ကျော်ဝင်ကာ ကျောင်းတွင်းရှိ မေခဆောင် အဋ္ဌမတန်း စာသင်ခန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီး စတီးချိုင့်များ တင်ထားရာ ခုံတန်းပေါ်မှ စတီးချိုင့်ကိုယူကာ ကျောင်းသားတစ်ဦးကို ပစ်ပေါက်ကာ ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် ၁၀ မိနစ်ခန့်အကြာတွင် နှစ်ပေခန့်ရှိသော သစ်သားတုတ် နှစ်ချောင်း ကိုင်ဆောင်ကာ ကျောင်းဝင်းတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ပြီး အဋ္ဌမတန်းမှ ကျောင်းသူကျောင်းသားများကို ရန်ရှာပြုမူ နေသောကြောင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျောင်းဝင်းတံခါးက အမြဲသော့ခတ်ထားတာ။ အဲဒီအချိန်က မြို့နယ်ပညာရေးရုံးက ပြန်လာလို့ ကျောင်းစောင့်က တံခါးဖွင့်ပေးတုန်း ကျွန်မဘေးကနေ တိုးပြီးအပြင်ကို ထွက်ပြေးသွားတာ။ ရုတ်တရက်ဆိုတော့ ဘယ်က ကလေးလဲလို့ ထင်ခဲ့မိတာ။ ကျောင်းထဲရောက်လို့ ဆရာမတွေကပြောမှ ဖြစ်ရပ်ကိုသိတုန်း နောက်တစ်ခေါက် သစ်သားတုတ်ကိုင်ပြီး ဝင်လာလို့ စာသင်ခန်း တံခါးတွေကိုပိတ်ပြီး ရဲကို ဖုန်းဆက်ခေါ်ရတာ” ဟု ၎င်းကရှင်းပြသည်။



ဇန်နဝါရီလ ၁၃ ရက်နေ့က စိတ်ကျန်းမာရေး ချို့တဲ့နေသူ အမျိုးသားမှာ ၎င်း၏အိမ်တွင် အဆိုပါ စာသင်ကျောင်း၌ အဋ္ဌမတန်း တက်ရောက်နေသော ညီမဝမ်းကွဲကို ကျောင်းသို့ လိုက်ပို့ပေးလိုကြောင်း ပူဆာခဲ့ရာမှ စိတ်ဖောက်ပြန်ရာ မိသားစုဝင်များကို ၎င်း၏သွားဖြင့် လိုက်ကိုက်ပြီး နေအိမ်တွင်း ပြေးလွှားနေသောကြောင့် အုပ်ထိန်းသူများက ထိန်းသိမ်းပေးရန် ရဲစခန်းထံ အပ်နှံခဲ့ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ထိန်းလို့မရလို့ ရဲစခန်း လာအပ်ထားတာ ၂၄ နာရီပဲ ရဲမှာထိန်းသိမ်းခွင့်ရှိတယ်။ သူ့ကို ပြန်လွှတ်လိုက်တဲ့ အချိန်တုန်းက လူကောင်းအတိုင်းပဲ” ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသည်။

အဆိုပါ အမျိုးသားမှာ ညီမဝမ်းကွဲကို ကျောင်းသို့ လိုက်ပို့လိုကြောင်း စိတ်မဖောက်ပြန်ခင် အချိန်က ပြောဆိုခဲ့သည်ကို စိတ်စွဲခဲ့ခြင်းကြောင့် ကျောင်းသို့ ဝင်လာခြင်း ဖြစ်နိုင်ပြီး ကျောင်းတွင်း ဝင်ရောက်ကာ ၎င်း၏ဝမ်းကွဲညီမ စာသင်ကြားသော အဋ္ဌမတန်း စာသင်ခန်းတစ်ခန်းတည်းကိုသာ ရန်ရှာခဲ့ခြင်း ဖြစ်ကြောင်း အဋ္ဌမတန်းပြ ဆရာမတစ်ဦးက ရှင်းပြသည်။

“စတီးချိုင့်နဲ့ ပစ်ပေါက်လို့ ထိမိသွားတဲ့ ကျောင်းသားလေးရဲ့ ဘယ်ဘက်နားရွက်မှာ နှစ်ချက် ချုပ်လိုက်ရတယ်။ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့သူက ငယ်ငယ်တုန်းက ဒီကျောင်းမှာပဲ တက်ခဲ့တာဆိုတော့ ကျောင်းက သူနဲ့မစိမ်းဘူးလေ။ ဒါကြောင့် အုတ်တံတိုင်းကနေ ကျော်ဝင်လာတာ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးရုံးကို တင်ပြသွားမှာပါ” ဟု အဆိုပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ပြောကြားသည်။

ကျောင်းသူကျောင်းသားများကို ရန်ပြုခဲ့သော အဆိုပါ အမျိုးသားကို လမ်းမတော်မြို့မ ရဲစခန်းက (ပ) ၁၀/၁၄၊ ပုဒ်မ ၄၄၇/၃၃၇ ဖြင့် အမှုဖွင့်ပြီး ၎င်းကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့အပ်ကာ ဆေးကုသမှု ခံယူလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis