menu

Thursday 16 January 2014

ပေါင်းလောင်းဆည် စီမံကိန်းကြောင့် လူ ၈၀၀၀ ကျော် အလုပ်အကိုင်နှင့် သောက်သုံးရေ အခက်အခဲဖြစ်နေ


Written by မင်းမင်း

နေပြည်တော်၊ မဇ္ဈိမ ။ ။ ပင်လောင်းမြို့နယ်အတွင်းရှိ ပင်လောင်းမြစ်အထက်ပိုင်းတွင် တည်ဆောက်နေသော အထက် ပေါင်းလောင်းဆည် (ရေအားလျှပ်စစ်စီမံကိန်း) ကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် ကျေးရွာ ၂၃ ရွာမှ ဒေသခံများမှာ အလုပ်အကိုင်မရှိသည့်အပြင် သောက်သုံးရေ လွယ်ကူစွာမရသည့် အခက်အခဲနှင့်ပါ ကြုံတွေ့နေကြရသည်။

အထက်ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ကျေးရွာ ၂၃ ရွာမှ ဒေသခံရှစ်ထောင်ကျော်မှာ မူလကျေးရွာများနှင့် သုံးမိုင်မှ ငါးမိုင်ခန့်ဝေးသည့် တောင်ကုန်းများပေါ်သို့ ၂ဝ၁၃ ခုနှစ် ဇွန်လအတွင်းက ပြောင်းရွှေ့ခဲ့ကြရပြီးနောက် ယခုကဲ့သို့ အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

“လုပ်စရာ အစားထိုးမရှိတဲ့အခါကျတော့ ဘာမှလုပ်ကိုင်စားလို့မရဘူး။ အခုလင်မယားနှစ်ယောက် လျော်ကြေးလေးနဲ့ပဲ ထိုင်စားနေတာပေါ့။ ဒီမှာမပျော်ဘူးလေ။ ရွာဟောင်းပဲပြန်ချင်နေတယ်” ဥသျှစ်ကုန်းရွာသား ဖြစ်သည့် အသက်ငါးဆယ်ကျော်အရွယ် ဦးတင်ထွန်းက ဇန်နဝါရီ ၁၅ရက်တွင် ပြောသည်။

ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများအတွက် မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်ငွေ ဆယ်သိန်းငါးသောင်း၊ နေအိမ်လျော်ကြေး အဖြစ် ဝါးအိမ်များကို ၁၅သိန်း၊ သစ်သားအိမ်များကို ၂၅သိန်းအထက်နှင့် တိုက်အိမ်များကို သိန်းလေးရာအထိ အစိုးရက ပေးလျော်ခဲ့သော်လည်း အလုပ်အကိုင်မရှိတော့သည့်အတွက် အခက်အခဲကြုံတွေ့နေကြရခြင်းဖြစ်သည်။



ထို့ပြင် ယခင်နေထိုင်ခဲ့သော ရွာများမှာ စမ်းချောင်းများရှိပြီး မြေပြန့်ဖြစ်သောကြောင့် စက်ရေတွင်းများတူးရန်အဆင်ပြေသဖြင့် အခက်အခဲမရှိသော်လည်း ယခုရွာသစ်အားလုံးမှာ တောင်ကုန်းဒေသများဖြစ်သောကြောင့် ရေအခက်အခဲရှိနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် ချောင်းများ၊ လျှိုများမှ ရေများကို ရွာစဉ်လှည့်လည်ကာ အထက်ပေါင်းလောင်းဆည် စီမံကိန်းမှ ရေအားလျှပ်စစ် အကောင်အထည်ဖေါ်ရေးဦးစီးဌာနက ကားများဖြင့် လိုက်လံဖြည့်ပေးနေရ သည်။ သို့သော် အိမ်ထောင်စု ဆယ်စုလျှင် အုတ်ကန် သို့မဟုတ် ကော်ပုံးတစ်ခုသာထားရှိပေးသဖြင့် အခက်အခဲကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။

“ရေကားနဲ့တော့ ပို့ပေးတယ်။ သူတို့က သန့်တဲ့ရေတွေကို မကြည့်တော့ဘူး။ လူထုက ရေလိုတယ်ဆိုတော့ သူတို့က ရေရောက်ရင် ပြီးတာပဲ” ဟု လိန်းလီရွာသူ ဒေါ်အမာစိန်က ရေအခက်အခဲရှိပုံကို ရှင်းပြသည်။

ရေအခက်အခဲကိစ္စနှင့် ပတ်သက်၍ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းရှိ ရေအားလျှပ်စစ် အကောင်အထည်ဖေါ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “အခု နိုင်ငံတော်က အကုန်အကျခံပြီး လုပ်ထားရပြီလေ။ တစ်အချက် က ချွေတာရေးပေါ့ဗျာ။ သုံးသင့်တာသုံးပါ။ ကိုယ့်အိမ်ပေါက်စိတော့ ရေက ရောက်လာမှာမဟုတ်ပါဘူး” ဟု မဇ္ဈိမကိုပြောသည်။

အထက်ပေါင်းလောင်းဆည်စီမံကိန်းမှာ နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်အရ တည်ဆောက်သည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး စီမံကိန်းအပြီး ဆည်ကိုပိတ်လိုက်ပါက ဒေသခံများ၏ ရွာများနှင့် လယ်ယာမြေများ ရေနစ်မြုပ်မည် ဖြစ်သည့်အတွက် ဒေသခံ များအား လျော်ကြေးပေး၍ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆင်းရဲတဲ့လူတွေအတွက် ပြောင်းရ၊ ရွှေ့ရနဲ့ ဝရုန်းသုန်းကားတော်တော်နိုင်တယ်” ဟု ကျောင်းရွာမှ အသက် ၈၁နှစ်အရွယ် ဦးအုန်းမောင်က ပြောသည်။

ထိုကဲ့သို့ပြောင်းရွှေ့ခဲ့ရသည့်အတွက် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စေတီများနှင့် ကျေးရွာလမ်းများကို အစိုးရက ပြန်လည်အစားထိုးပေးခဲ့ပြီး ဒေသခံများအတွက်လည်း စိုက်ပျိုးမြေဧကပေါင်း ရှစ်ထောင်ကျော်ဖေါ်ထုတ်ပေးရန် ရှမ်းပြည်နယ် အစိုးရကို တင်ပြထားသည်ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။ ဒေသခံများအား လျော်ကြေးငွေစုစုပေါင်း ၁၁.၃ ဘီလီယံပေးအပ်ပြီး ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ယင်းအပြင် စီမံကိန်းစတင်လည်ပတ်သည်နှင့် ပြောင်းရွှေ့ရွာများအား ၁၁ ကေဘီ ဓာတ်အားလိုင်း ဖြန့်ဖြူးပေးပြီး ထရန်စဖော်မာ များပါ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ဒေသခံများက မီတာခကို ကျသင့်သလောက် ပေးချေရမည်ဟု ၎င်း၏ ရှင်းလင်းချက်အရ သိရသည်။

ယင်းစီမံကိန်းကို ၂ဝဝ၄ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ၈ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ယခုနှစ်လယ်ပိုင်းအတွင်း စတင်လည်ပတ်တော့မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis