menu

Tuesday 14 January 2014

ပြာသိုလ၏ မြန်မာမှုဝိသေသများ

Photo: ပြာသိုလ၏ မြန်မာမှုဝိသေသများ

(ဆောင်းပါးရှင် - လှမြင့် (ရန်ကုန်တက္ကသိုလ်))

မြန်မာမှုအမြင်အရ တစ်နှစ်တာကာလ၏ တစ်ဆယ့်နှစ်လ အချိန်ကာလကို လေးလစီပိုင်းခြားသတ်မှတ်၍ ဥတုသုံးလီဟူ၍လည်းကောင်း၊ နှစ်လစီပိုင်းခြားသတ်မှတ်၍ ဥတုခြောက်ပါးဟူ၍လည်းကောင်း ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။ ဥတုသုံးလီဟူသည် တပေါင်းလပြည့်ကျော် ၁ ရက်မှသည် ၀ါဆိုလပြည့်နေ့အထိ ဂိမှာန (နွေဥတု)၊ ၀ါဆိုလပြည့်ကျော် ၁ ရက်မှသည် တန်ဆောင်မုန်းလပြည့်နေ့အထိ ၀ဿန (မိုးဥတု)၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှသည် တပေါင်းလပြည့်နေ့အထိ ဟေမန္တ (ဆောင်းဥတု) ဖြစ်သည်။

နေ၊ လနှင့် နက္ခတ်တာရာတို့၏ လှည့်လည်သွားလာမှု အနေအထားအရ နှစ်လစီပိုင်းခြား၍ ဥတုခြောက်ပါးဟူ၍လည်း သတ်မှတ်ခဲ့သည်။ ယင်းဥတုခြောက်ပါးကို ရတုခြောက်ပါးဟူ၍လည်း ခေါ်ဆိုမှုပြုကြသည်။ ဥတုခြောက်ပါး (ရတုခြောက်ပါး) ဟူသည် ပြာသိုလဆန်း ၁၅ ရက်မှ တပေါင်းလဆန်း ၁၅ ရက်ထိကို သိသိရရတု၊ တပေါင်းလဆန်း ၁၅ ရက်မှ ကဆုန်လဆန်း ၁၅ ရက်ထိ ၀ဿာန (နိန္ဒြ)ရတု၊ ကဆုန်လဆန်း ၁၅ ရက်မှ ၀ါဆိုလဆန်း ၁၅ ရက်ထိ ဂိမှာန(ဂိန္ဒ) ရတု၊ ၀ါဆိုလဆန်း ၁၅ ရက်မှ တော်သလင်းလဆန်း ၁၅ ရက်ထိ ၀ဿာနရတု၊ တော်သလင်းလဆန်း ၁၅ ရက်မှ တန်ဆောင်မုန်းလဆန်း ၁၅ ရက်ထိ သာရဒရတု၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်မှ ပြာသိုလဆန်း ၁၅ ရက်ထိ ဟေမန္တရတုဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်။

မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ပြာသိုလသည် ၁၀ လမြောက်လဖြစ်သည်။ ဥတုသုံးလီတွင် ဆောင်းဥတုဖြစ်ပြီး ရတုခြောက်ပါးအရ ဟေမန္တရတု (၀ါ) သိသိရရတုဟု သတ်မှတ်ခဲ့သည်။ ပုဂံခေတ်လယ်ပိုင်း သက္ကရာဇ် ၅၂၇ ခုနှစ်၊ နရသူမင်း (အိမ်တော်ရှင်မင်း) လက်ထက်ရေးထိုးခဲ့သော အထောလတ်ကျောက်စာတွင် ပြာသိုလ၏။

မြဂသီ၊ သံဝစ္ဆေ၊ ပြာသိုလ၊ ဖုသျှနက္ခတ်၊ မိနလဂ်ဟု ရေးထိုးခဲ့မှုအရ ဖုသျှနက္ခတ်နှင့် မိနလဂ်စန်းယှဉ်သော ပြာသိုလဟူ၍ ခေါ်ဆိုနေကြောင်း သိရှိနိုင်သည်။ ပြာသိုလ၏ အဓိပ္ပာယ်ကို ပညာရှင်များက “ပြာ=ပျားဖယောင်း၊ သို=အဆီ” ဟူ၍ဖွင့်ဆိုကာ ပျားဖယောင်းများ စုဆောင်းသောလဟူ၍ ဆိုစမှတ်ပြုခဲ့ကြသည်။ ရှေးမြန်မာပညာရှင်များ၏ အဆိုအမိန့်အရ မြန်မာ့တစ်ဆယ့်နှစ်လတွင် မိုးတစ်ဆယ့်နှစ်မျိုး ရွာသွန်းတတ်လေ့ရှိပြီး ပြာသိုလတွင် ရွာတတ်သောမိုးကို “ပြာသိုလတွင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်းရောယှက်၊ နှမ်းတောင်ပျက်” ဟူ၍ ဖွဲ့ဆိုကာ နှမ်းစိုက်တောင်သူများကို သတိပြုစေနိုင်၍ ဖွဲ့ဆိုလမ်းညွှန်ခဲ့သည်။

ပြာသိုလ၏ ထူးခြားသော မြန်မာမှုဝိသေသများကို ကုန်းဘောင်ခေတ်ဦးစာဆို ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့လူးတား (ပြာသိုလဘွဲ့)၌ ပြာသိုလကို မကရရာသီ၊ စရရာသီဟူ၍ ခေါ်ဆိုသည်။ တစ်ရက်လျှင် မြန်မာနာရီ ၆၀ ရှိသည့်အနက် နေ့ ၂၄ နာရီနှင့် ည ၃၆ နာရီရှိသောကြောင့် မြန်မာ့တစ်ဆယ့်နှစ်လ၌ ပြာသလိုလသည် ညတာအရှည်ဆုံးလဖြစ်သည်။ ဖုသျှနက္ခတ်၊ ပုစွန်တာရာတို့သည် ထွန်းပကြောင်းတို့ကို

“မကာရဟု၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွာ၊ နေ့မှာနှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဥ့်သို့ကျသော်ဆနှင့်တြိန်း၊ ကိန်းဆုံးသင်္ချာ” ဟူ၍လည်းကောင်း။

“ပြာသိုလတွင် ဖုသျှရောင်လျှံ၊ ငှက်ချေးခံနှင့် ၀န်းရံယှက်ဝန်း၊ စန်းဂြိုဟ်နန်းသို့၊ မြန်းကြတာသွန်၊ ပုစွန်တာရာ၊ ယှဉ်ကာထွန်းဝင်း” ဟူ၍လည်းကောင်း ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့သည်။

ရှေးမြန်မာမင်းများ ခေတ်အဆက်ဆက်တွင် ကျင်းပခဲ့သော မြန်မာ့မင်းခမ်းတော် ဆယ့်နှစ်ရာသီပွဲအဖြစ် ပြာသိုလတွင် မြင်းခင်းသဘင်ပွဲကို မင်းနှင့်ပြည်သူတို့ ပါဝင်ဆင်နွှဲခဲ့သည်။ ရှေးမြန်မာမင်းများ အဆက်ဆက် ပြာသိုလ၏ မြင်းခင်းသဘင်ပွဲဆိုင်ရာ မင်းခမ်းမင်းနားပွဲတော် အစီအရင်ကို ကုန်းဘောင်ခေတ်ဦးပိုင်း၏ စာဆိုတော် အင်ရုံရွာစား သီရိဥဇနာ၏ “လောကဗျူဟာအင်ရုံ စာတမ်းကြီး” တွင် မှတ်တမ်းတင်ခဲ့သည်။ ရှေးမြန်မာမင်းများလက်ထက် ပြာသိုလတွင် ကျင်းပခဲ့သော မြင်းခင်းသဘင်ပွဲတော်၏ ခေတ်ကြေးမုံမြင်ကွင်းကို ညောင်ရမ်းခေတ်စာဆို ဆီသည်ရွာစား ဦးအောင်ကြီး၏ ဆယ့်နှစ်ရာသီ ဘွဲ့လူးတား ပြာသိုလဘွဲ့၌

“လပြာသိုကား၊ မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ယောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုန်ရေးမှတ်လျက်၊ စွယ်ယှက်ချိတ်ငင်၊ မွမ်းဖြင့်တိုက်လွှတ်၊ ပတ်ပတ်ဝန်းကျင်၊ ခြေလျှင်ခြေချင်း၊ မြင်းလျှင်မြင်းလျောက်၊ ထိုးမြောက်လှံလေး၊ ခုန်ထွေးသံရှင်၊ စိုင်းနှင်ကြွားကြွား၊ ဓားသွားနုတ်ငင်၊ သဘင်မြင်းခင်း၊ စစ်အင်ကျင်းသည်၊ စီးနင်းကြော့လန်း၊ လန်းတည့်လေ” ဟူ၍ ဖော်ထုတ်သီကုံး ဖွဲ့ဆိုခဲ့သည်။

ပြာသိုလ၏ မြင်းခင်းသဘင်ပွဲတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား၊ စစ်ရေးအင်အား တောင့်တင်းစေရေးအတွက် မြင်းတပ်၊ ဆင်တပ်၊ ခြေလျင်တပ်၊ စစ်သည်သူရဲကောင်းများကို ရွေးချယ်ဂုဏ်ပြုသော ပွဲတော်လည်းဖြစ်သည်။ ပြာသိုလ၏ မြင်းခင်းသဘင်ပွဲတော်ကို မြန်မာ့သမိုင်းကြောင်း၏ ပင်းယခေတ် ငါးစီးရှင်ကျော်စွာမင်း လက်ထက်ကပင် စတင်ကျင်းပလျက် ရှိနေကြောင်းကို ငါးစီးရှင်ကျော်စွာမင်းကိုယ်တိုင် ရေးသားဖွဲ့ဆိုလျက် ပါဝင်ဆင်နွှဲသည့်အကြောင်း ဖွဲ့ဆိုထားသည့် “မြင်စိုင်းရွှေပြည်” ကာချင်းကဗျာတွင်

“နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက်ပယ်” ဟူ၍ ဖွဲ့ဆိုခဲ့သည်။

ထို့ကြောင့် ပြာသိုလ၏ မြင်းခင်းသဘင်ပွဲ ကျင်းပချိန်တွင် ပြာသိုလ၏ ရာသီပန်းဖြစ်သော “ခွာညိုပန်း” သည်လည်း ဂုဏ်ယူဖူးပွင့်နေကြောင်း သိရှိနိုင်ပေသည်။

ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် ပြာသိုလသည် မြန်မာ့စစ်သည် သူရဲကောင်းများဖြစ်သော မြင်းသည်တော်၊ ဆင်တပ်သား၊ ခြေလျင်စစ်သည်တော်များတဲ့ မြင်းရေး၊ ဆင်ရေး၊ ဓားရေး၊ လှံရေး စသော စစ်စွမ်းရည်ထက်မြက်သော ပြပွဲပြိုင်ပွဲများ ကျင်းပလျက်၊ မြန်မာ့သူရဲကောင်းများ မွေးထုတ်ပေါက်ဖွားစေခဲ့သော ဂုဏ်ယူဖွယ်လအဖြစ် သမိုင်းထင်ရှားခဲ့သည်။ မျက်မှောက်ခေတ်တွင်လည်း ပြာသိုလသည် မြန်မာနိုင်ငံ၏ တရားမျှတ လွတ်လပ်ခြင်းနှင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံဘ၀သို့ ရောက်ရှိခဲ့သော လထူးလမြတ်အဖြစ် သတ်မှတ်၍ ပြာသိုလ(ဇန်န၀ါရီလ)တွင် လွတ်လပ်တဲ့အောင်ပွဲကို နှစ်စဉ်ဂုဏ်ယူဝင့်ထည်စွာ ကျင်းပလျက်ရှိပေသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်(မြန်မာနှစ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂၀ ၌ လွတ်လပ်သော နိုင်ငံအဖြစ် ရောက်ရှိချိန်တွင် မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတကြီးဖြစ်သော စ၀်ရွှေသိုက်က ဤသို့ကတိသစ္စာပြုခဲ့သည်။

“မြန်မာနှစ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် (၁၉၄၈) ခုနှစ် ဇန်န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံတော်သည် လွတ်လပ်ရေးရရှိသောကြောင့် ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးငှာ ပြည်ထောင်စုမြန်မာနိုင်ငံအား ကျွန်ုပ်၏အသက်နှင့်ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်။

ထို့ကြောင့် မြန်မာ့တစ်ဆယ့်နှစ်လရာသီ၏ ပြာသိုလသည် ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့်လူမျိုး၏ မြန်မာ့ဝိသေသဂုဏ်ဒြပ်ကို ဖော်ဆောင်သော လတစ်လဖြစ်ခဲ့သည်။ မျက်မှောက်ခေတ် ကာလတွင်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်သော လွတ်လပ်ရေးနေ့ ၀ိသေသဂုဏ်ဒြပ်ကို ဖော်ဆောင်နေသော လတစ်လအဖြစ် သမိုင်းမော်ကွန်းထိုး ဥဒါန်းတွင်လျက် ရှိနေပေသည်။

((၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-စိုးမင်းထိုက်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis