menu

Tuesday 14 January 2014

မြန်မာနိုင်ငံ၏ လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိနေပြီဖြစ်ပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

Photo: မြန်မာနိုင်ငံ၏ လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိနေပြီဖြစ်ပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိတရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိနေပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ကြောင်း ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သုံးသပ် ပြောကြားခဲ့သည်။

ပြည်ထဲရေး ၀န်ကြီးဌာနသို့ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် မေးခွန်းကို မေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ဒီမေးခွန်းက ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက တင်သွင်းခဲ့တဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီအချိန်ကာလတုန်းက တရားဥပဒေ စိုးမိုးရေး အနေအထားက အဆုံးစွန်ဘက်ကို စတင်ရွေ့နေတဲ့ အနေအထားလို့ ပြောရမှာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ တရားဥပဒေစိုးမိုးရေး အနေအထားက အဆုံးစွန်ဘက်အနီး ရောက်နေပြီ ဖြစ်တဲ့အတွက် ယခုလို မေးမြန်းခွင့်ပြုခြင်းဟာ အချိန်မီလိမ့်မယ်လို့ ထင်ပါတယ်။ ယနေ့နိုင်ငံတော်မှာ ဒီကိစ္စကို မကိုင်တွယ်နိုင်တဲ့ အတွက်ကြောင့် လူမစည်ကားသင့်တဲ့ တရားရုံးများ၊ ရဲစခန်းများမှာ စည်ကားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုံးရှုံးသွားသော လယ်သမားများမှာလည်း ကာလတန်ဖိုးဖြင့် မြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည့် အချိန်တွင် ပွဲစားများနှင့် ၀န်ထမ်းအချို့ ပူးပေါင်းပြီး မြေဂရန်တွေ၊ ပါမစ်တွေကျနေခြင်း၊ တချို့အသင်း အဖွဲ့တွေကို အကာအကွယ်ယူပြီး ကျူးကျော်တဲများ ထောင်နဲ့ချီ ဆောက်နေကြခြင်း၊ ဒါတွေကို ပြည်သူလူထု အနေဖြင့် မနှစ်သက်ပါဘူး။ ပြည်သူများ အနေဖြင့် အေးချမ်းသာယာစွာ နေလိုသည့်အတွက် တရားဥပဒေ စိုးမိုးရေး အပြည့်အ၀ရဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အလားတူ ဆိုင်ကယ်မစီးရလို့ သတ်မှတ်ထားတဲ့ ဒေသများမှာ ဆိုင်ကယ်ဖမ်းလို့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဓားနဲ့ထိုးတဲ့ ဖြစ်စဉ်များ၊ ရွှေရောင်းတဲ့လူတွေက ရွှေဖောက်ထွင်းမှာစိုးလို့ မရောင်းရဲတော့တဲ့ ဖြစ်စဉ်များ စသည့် ဖြစ်စဉ်များမှာ တရားဥပဒေစိုးမိုးမှု လျော့နည်းလာခြင်းကို ဖော်ညွှန်းနေခြင်းများ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကို တကယ်သွားမယ်ဆိုရင် အစိုးရ တာဝန်ရှိသူတွေက ဒီမိုကရေစီရှိ ကျင့်စဉ်စံနှုန်းများကို သော်လည်းကောင်း၊ လူ့အခွင့်အရေးကို သော်လည်းကောင်း မထိခိုက်စေဘဲနဲ့ တည်ဆဲဥပဒေများနဲ့အညီ ကျစ်ကျစ်လျစ်လျစ်၊ ရဲရဲဝံ့ဝံ့နဲ့ ဖြေရှင်းသင့်သည်များကို ဖြေရှင်းပေးရန် အချိန်တန်ပြီ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် ဒီကာလ သုံးပါးထဲမှာ လည်နေပြီး အနာဂတ် မြန်မာနိုင်ငံတော်ကို မမျှော်မှန်းဘူးဆိုရင် တိုင်းပြည်အတွက် ရင်လေးဖွယ် ဖြစ်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံများဖြစ်သော ယနေ့ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ဒါတွေဟာ သင်ခန်းစာများ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်သို့ ရောက်ရှိသွားပါက တိုင်းပြည်အတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာနိုင်သည်ဟု ဦးတင်မောင်ဦးက ဖြည့်စွက်သုံးသပ်ခဲ့သည်။

“နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေတွေအတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ်ရင် တရားရုံးတွေမှာလည်း လူတွေမရှိနိုင်ပါဘူး။ ရဲစခန်းတွေမှာလည်း လူတွေမရှိနိုင်ဘူး။ ဒီနေ့တရားသူကြီးတွေလည်း မတရားလုပ်တုန်းပါပဲ။ ရှေ့နေတွေလည်း အဆင်ပြေသလို လုပ်ကိုင်စားသောက်  နေတာပါပဲ။ ဒီမိုကရေစီ အမှန်တကယ် ဖော်ဆောင်မယ်ဆိုရင် ဒီကိစ္စတွေက ပြုပြင်ရမှာတွေချည်းပဲ” ဟု ဦးတင်မောင်ဦးက သတင်းထောက်များအား ပြောကြားသည်။

ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ တစ်သောင်းကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေး ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားထားသည်။

(ဇန်န၀ါရီ  ၁၃  ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis