menu

Tuesday 14 January 2014

ဒေါ်အောင်ဆန်းစုကြည် ထုတ်ဝေခွင့်ကျထားသည့် သတင်းစာ အပါအဝင် ခုနစ်စောင် ပြန်အပ်၊ ၂၂စောင် ထုတ်ဝေခွင့် ရုပ်သိမ်း

Photo: ဒေါ်အောင်ဆန်းစုကြည် ထုတ်ဝေခွင့်ကျထားသည့်  သတင်းစာ အပါအဝင် ခုနစ်စောင် ပြန်အပ်၊  ၂၂စောင် ထုတ်ဝေခွင့် ရုပ်သိမ်း

နေပြည်တော်၊ ဇန်နဝါရီ ၁၃

ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေခွင့် ပြုထားပြီး ဖြစ်သော်လည်း ထုတ်ဝေခြင်း မရှိသည့် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ ငါးစောင်နှင့် ဂျာနယ် ၁၇ စောင် ထုတ်ဝေခွင့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ထုတ်ဝေခွင့် ကျထားသည့် သတင်းစာ အပါအဝင် နေ့စဉ်ထုတ် သတင်းစာ ခုနစ်စောင်ကမူ ထုတ်ဝေခွင့် ပြန်အပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။

နေပြည်တော်ကောင်စီ နယ်မြေ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သော နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ ငါးစောင်တွင် မြန်မာပို့စ်၊ နဂါးနီ၊ ဓနတို့ ပါဝင်ပြီး ဂျာနယ် ၁၇ စောင်ကိုမူ ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေခွင့် ချထားပေးသော သတင်းစာများနှင့် ဂျာနယ်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ  ထုတ်ဝေခြင်း မရှိပါက ထုတ်ဝေခွင့် ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်းနှင့် ပြန်လည် အပ်နှံခြင်းမရှိပါက ထုတ်ဝေခွင့် ရုပ်သိမ်းမည် ဖြစ်ကြောင်း စက်တင်ဘာလ ၃၁ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။ 
“တချို့က ထုတ်ဝေဖို့ မဖြစ်နိုင်လို့ ပြန်အပ်တာပါလို့ ပြောပြီး တရားဝင် လာအပ်ကြတယ်ပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ထုတ်ဝေခွင့် လျှောက်ထားသော ဒီလှိုင်း နေ့စဉ်သတင်းစာ အပါအဝင် သတင်းစာ ခုနှစ်စောင်မှာ ပြန်ကြားရေး ဝန်ကြီး ဌာနသို့ ပြန်လည် အပ်နှံခဲ့ကြောင်း ဦးအောင်ကျော်ဦးက ပြောကြားသည်။

ယင်းသို့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြန်လည်အပ်နှံခြင်းမှာ ဘဏ္ဍာငွေ အခက်အခဲကြောင့် ဖြစ်ကြောင်း ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာမုံရွာ အောင်ရှင် ကဆိုသည်။

ထုတ်ဝေခွင့် ရုပ်သိမ်းခံရသော သတင်းစာ၊ ဂျာနယ်များနှင့် ထုတ်ဝေခွင့် ပြန်လည်အပ်နှံသော သတင်းစာ ဂျာနယ်များကို ပြန်ကြားရေး ဝန်ကြီးဌာနထံ မူလ ထုတ်ဝေခွင့် ပိုင်ရှင် အမည်ဖြင့် ပြန်လည် လျှောက်ထားနိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

ထုတ်ဝေခွင့် လျှောက်ထားပြီး ထုတ်ဝေခြင်း မရှိသေးသည့် မဂ္ဂဇင်းများကိုမူ ထုတ်ဝေခွင့် ရုပ်သိမ်းခြင်း မရှိသေးဘဲ ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ရွှေ့ဆိုင်း ပေးထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis