menu

Tuesday 14 January 2014

စီးပွား/ကူးသန်း ဝန်ကြီး ယာဉ်တန်းမှ ယာဉ်တစ်စီး ချောက်ထဲထိုးကျ၊ အစိုးရအရာထမ်း တစ်ဦး သေဆုံး


ထားဝယ်၊ ဇန်နဝါရီ ၁၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စုဝန်ကြီး လိုက်ပါလာသည့် ယာဉ်တန်းမှ မော်တော်ယာဉ် တစ်စီး ရင်ခွဲတောင်ကုန်း အဆင်းတွင် ချောက်အတွင်း ထိုးကျခဲ့သဖြင့် အစိုးရအရာထမ်း တစ်ဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်တန်းတွင် လိုက်ပါ လာသူများထံမှ သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ဂိတ် ထီးခီးမှ ထားဝယ်သို့ အပြန် ညနေ ၃ နာရီခန့်တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်း အသက်သေဆုံးကာ တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ယာဉ်မောင်းတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံး၏ မှုခင်း မှတ်တမ်းအရ သိရသည်။

ဦးမျိုးငြိမ်းသည် ဌာနတွင်း လုပ်ငန်းများ၊ ဥပဒေရေးဆွဲရေးနှင့် လွှတ်တော် မေးခွန်းများ ဖြေကြားခြင်း စသည့် အခန်းကဏ္ဍများတွင် အဓိက ပါဝင်နေသူ တစ်ဦး ဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားသည်။


“အခုလို့ မထင်မှတ်ဘဲ သေဆုံးသွားရတာ ဌာနအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ဆုံးရှုံးမှု တစ်ခုပါ” ဟု အထက်ပါ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ဆိုသည်။

ရှေ့ကား ဖြတ်သန်းသွားချိန်တွင် ဖုန်ထသဖြင့် နောက်မှ လိုက်ပါလာသည့် ယာဉ်မှာ လမ်းပျောက်သွားပြီး လမ်းနံဘေး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း ရင်ခွဲတောင်အနီးတွင် ယာဉ်လမ်းဘေး ချောက်ထဲ ထိုးကျသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ယင်းဖြစ်ရပ်များကြောင့် ခရီးသည်ပို့ဆောင်ရေး ကားလိုင်းတစ်ခုမှ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ဖူးကြောင်း၊ ယခု သေဆုံးမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း ထားဝယ်-ထီးခီး ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီလိုဖြစ်တာမျိုးက ယာဉ်မောင်း အပေါ်မှာ အများကြီး မူတည်ပါတယ်။ သတိထား မောင်းနှင်ဖို့ လိုပါတယ်” ဟု ထားဝယ်- ထီးခီးယာဉ်လိုင်း တစ်ခုမှ တာဝန်ခံ တစ်ဦးက မှတ်ချက်ပြုသည်။
၎င်းအပြင် ကား၏ ကြံ့ခိုင်မှု၊ လမ်းပိုင်း ပြုပြင်မှု နည်းပါးလာခြင်းတို့ အပေါ်တွင်လည်း မူတည်ကြောင်း ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ထီးခီးနယ်စပ်သို့ သွားရောက်ခဲ့ကြပြီး ထီးခီးနယ်စပ်မှ အပြန် အလယ်စတိုတွင် ထိုင်းနိုင်ငံမှ ကုန်သည်များ၊ ထားဝယ်မှ ကုန်သည်များနှင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ထားဝယ်မှ လိုက်ပါသူ အချို့ထံမှ သိရသည်။

လက်ရှိတွင် မေတ္တာနယ်မြေ ရဲစခန်းက ယာဉ်ကို ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်းကို ယာဉ်(ပ) ၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အရေးယူရန် စီစဉ်လျက်ရှိကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis