menu

Saturday 9 November 2013

လျှပ်စစ်ဓာတ်အားခနှုန်း ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

Photo: လျှပ်စစ်ဓာတ်အားခနှုန်း ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု၊ နှုန်းထားများကို ပြန်လည်သုံးသပ်၍ အနီးဆုံး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဟု လျှပ်စစ်ဒုတိယ၀န်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည် လျှော့ချရေးဆိုင်ရာ အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ ခံစားမှုနှင့် ပြည်သူ့အသံ များအတွက် ဆောင်ရွက်ရန်'' ဟု အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးအေးမောက်က ''လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ဈေးနှုန်းများကို နှစ်ဆခန့် ရုတ်တရက် ကြိုတင်အသိပေးမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ပြည်ထောင်စု လွှတ်တော်သို့ အသိပေးမှု၊ တင်ပြမှု မရှိဘဲ ရုတ်တရက် တိုးမြှင့်လိုက်သဖြင့် ပြည်သူများမှ ဝေဖန်ပြောကြားမှုများ ရှိလာကြောင်း၊ မီဒီယာများမှလည်း သုံးသပ်တင်ပြ နေကြောင်း၊ ထို့ကြောင့် ပြည်သူအများစု လိုလားသော ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ၀န်ကြီးဌာနများမှ ပြည်သူမကျေနပ်သော ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ပြည်သူအများစု အတွက် အခက်အခဲ ဖြစ်ပေါ်စေသော လျှပ်စစ်တစ်ယူနစ်အပေါ် ဈေးနှုန်း နှစ်ဆခန့် တိုးမြှင့်သည့် ပြဿနာနှင့် အိမ်သုံးယူနစ် တစ်ရာအစား ယူနစ် ၂၀၀ မှ ၃၀၀ အတွင်းသို့ တိုးမြှင့်ရန် လည်းကောင်း၊ ယူနစ် ၂၀၀ အထက်အား ဈေးနှုန်းတစ်ဆခွဲမှ နှစ်ဆတိုးမြှင့်ခြင်းအား သုံးသပ်၍ ပြန်လည်လျှော့ချရန် လည်းကောင်း၊ သုံးသပ်စဉ် ကာလအတွင်း တိုးမြှင့်ကောက်ခံမှုအား ရပ်ဆိုင်းပေးထားပါရန်နှင့် ဆောင်ရွက်မှု အခြေအနေအား ပြည်ထောင်စု အစိုးရမှ အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်ပြရန်'' ဟူ၍ အဆိုတင်သွင်းခဲ့သည်။

ထို့အပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတွင် အရှုံးပေါ်သဖြင့် ဈေးနှုန်းတိုးမြှင့်မည့်အစား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်စိစစ် လေ့လာသုံးသပ် သင့်ကြောင်း၊ လျော့နည်းနေသည့် လျှပ်စစ်ယူနစ် သန်းပေါင်း ၂၅၀၀ အား ဆယ်တင်နိုင်မည် ဆိုပါက တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် တွက်လျှင် ကျပ် ၈၆ ဒသမ ၅ ဘီလျံခန့် ပြန်လည်ဆယ်တင် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးကြည်သာ၊ ဦးဝင်းဦး၊ ဦးမင်းသူ၊ ဒေါက်တာဝင်းမြင့်၊ ဦးကျော်နိုင်ဌေး၊ ဦးခိုင်မောင်ရည်နှင့် ဦးမြင့်ဦးတို့က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုကို ကန့်ကွက် ဆွေးနွေးခဲ့သည်။

၎င်းတို့မှ ဆွေးနွေးရာတွင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းသည် ပြည်သူ့ဝန်ဆောင်မှု တစ်ရပ်ဖြစ်ပြီး စီးပွားရေး တစ်ခုတည်း အနေဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းတိုးမြှင့် လိုက်ခြင်းကြောင့် ၀င်ငွေနည်း ပြည်သူများ အခက်တွေ့ နိုင်သဖြင့် ပြန်လည်စဉ်းစားသင့်ကြောင်း၊ ပြည်သူဗဟိုပြု စနစ်ဖြင့် သွားနေသဖြင့် ပြည်သူအား နားလည်လက်ခံအောင် ရှင်းပြသင့်ကြောင်း၊ ဓာတ်အားခ တိုးမြှင့်ခြင်းသည် အခြေခံလူတန်းစား များသာမက အစိုးရ ၀န်ထမ်းများ၊ အငြိမ်းစား ၀န်ထမ်းများ၊ လူလတ်တန်းစားများပါ ထိခိုက်နစ်နာမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အဂတိ လိုက်စားမှုကိုလည်း စိစစ်သင့်ကြောင်း၊ လက်ရှိတွင် ပြည်သူများက ယင်းအတွက် ဆန္ဒဖော်ထုတ်သဖြင့် ပုဒ်မ ၁၈ ဖြင့် အရေးယူမှုများ ရှိနေရာ ၎င်းတို့အားလည်း ပြန်လည် လွှတ်ပေးရန် သင့်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် အရှုံးပေါ်နေသည်ဟု ဆိုသော်လည်း ရ/သုံး ဘတ်ဂျက် တင်ပြရာတွင် အရှုံးမတွေ့ရဘဲ ပိုငွေများကိုသာ တွေ့ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ကြသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ''လက်ရှိတိုးမြှင့်မည့် ဈေးနှုန်းအရ ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်သို့ ထည့်ဝင်ရမည့် ၂၀ ရာခိုင်နှုန်း မပါဘဲ အရှုံး ၅၃ ဒသမ ၈၇၆ ဘီလျံခန့် ဆက်လက် ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းတွက်ချက် ထားကြောင်း ၀န်ကြီးဌာန အနေဖြင့် လက်ရှိလူဦးရေ၏ ၃၀ ရာခိုင်နှုန်းအောက်သာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ထုတ်လုပ်ပေး နိုင်သေးကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိဈေးနှုန်းဖြင့် လုပ်နိုင်စွမ်း မရှိသည့်အခါ နိုင်ငံတော်မှသာ ပိုမိုစိုက်ထုတ် ၀ယ်ယူရမည့် အခြေအနေ ရှိကြောင်း ထို့အပြင် ဓာတ်အား ဖြန့်ဖြူးမှု အပိုင်းတွင် တိုးချဲ့ရမည့်ကိစ္စ အများအပြား ရှိကြောင်း၊ ထို့ကြောင့် ဈေးနှုန်းတိုးမြှင့် ရခြင်းဖြစ်ကြောင်း၊ သို့သော် တင်ပြခဲ့သည့် အဆိုအပေါ် မူတည်ကာ အစိုးရနှင့် ပြည်သူများအတွက် သင့်တော်သည့်၊ ကျေနပ်မည့် ဈေးနှုန်းဖြစ်စေရေး အတွက် ၀န်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ သုံးသပ်ပြီးနောက် အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြသွားမည်'' ဟု ပြောကြားသည်။

ထို့နောက် ဦးအေးမောက်၏ အရေးကြီး အဆိုကို အတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

''ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင် ခံရမည်'' ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈ (က)တွင် ဖော်ပြချက်အရ သိရသည်။

(နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် လျှပ်စစ်မီတာခ လျှော့ချရေးနှင့် ပတ်သက်သော အရေးကြီးအဆို တင်သွင်းနေစဉ်)

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis