menu

Tuesday 7 February 2012

ကျွန်တော်ကြားခဲ့ရသည့် ငြိမ်းချမ်းရေး ဖားစည်သံ(အောင်မျိုး)




w7199 ဒီဇင်ဘာလ၏ ညချမ်းချမ်းမှာ ကွေးကာအိပ်မောကျနေသည့် ကျွန်တော်သည် အခန်းအပြင်ဘက်မှ ဆူညံဆူညံနှင့် စကားပြောသံများကြောင့် လန့်နိုးခဲ့ရသည်။ နာရီကိုကြည့်လိုက်တော့ မနက်လင်းအားကြီး ၂း၀၀ နာရီကျော်ကျော်သာ ရှိသေးသည့်အချိန် မှာ ဒီလိုဆူဆူညံညံ ဘာကြောင့်ဖြစ်ရသလဲ ဆိုသည့်အတွေးကြောင့် ဟိုတယ် အခန်းတံခါးဝကို အသာလှပ်ကြည့်လိုက်ရာ . . . လား . . . လား။ ပြောက်ကျားဝတ်စုံတွေနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အဖွဲ့တွေကို တွေ့လိုက်ရ၍ ထိတ်ကနဲဖြစ် သွားသည်။ မြိုင်ကြီးငူဘက်ကို အလုပ်တာဝန်အရ ရောက်စဉ်ကတွေ့ခဲ့ ဖူးသည့် DKBA ၀တ်စုံနှင့်မျိုးမို့ DKBA အဖွဲ့တွေဖြစ်မည်ဟု ခန့်မှန်းတွေးရင်း တံခါးကိုအသာပြန်ပိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကရင်ပြည်နယ်၏ မြို့တော်ဘားအံရှိ ဟိုတယ်တစ်ခုသို့ အခုလိုရောက်လာကြခြင်းမှာ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်လိမ့်မည်ဟုမှတ်ယူပြီး အိပ်ရာပြန်ဝင်ခဲ့ပေမယ့် အိပ်လို့မပျော်တော့။
အခန်းနံရံသာခြားသော အပြင်ဘက်မှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေပေမယ့် သူတို့တွေသည်လည်း ငြိမ်းချမ်းရေး ခရီးသည်များသာ ဖြစ်ပါစေဟု ဆုတောင်းရင်း မျက်စိနှစ်လုံးကို အသာအယာ ပိတ်လိုက်သည်။ ထိုအခါမှပင် နှလုံးသားမှာ စွဲထင်နေသော ကရင်ပြည်နယ်၏ မြင်ကွင်းများ က ရုပ်ရှင်အနှေးပြသလို တစ်ခုပြီး တစ်ခုအတွေးပုံရိပ်များအဖြစ် ထင်ဟပ်လာလေတော့သည်။

‘ရွံစရာမုန်းစရာစစ်ရန် မီးတားဆီးဖို့ပြင် အိုးကြီးအိုးငယ် သယ်ဆောင်ကာ ယူငင်၊ လက်ခုပ်နဲ့ဖြစ်စေ ကိုယ်တိုင်ပါဝင် ဖျန်းပက်ကြကိုယ်စီ ညီညီပင် ငြိမ်းချမ်းရေး အေးမြသော ရေစင်’ ရေးတတ်လိုက်သည့် ဆရာမြို့မငြိမ်းပင်။ ဆရာရေးခဲ့သည့် လွန်ခဲ့သောနှစ် ၆၀ နီးပါးက သီချင်းက အခုထိ နှလုံးသားကို ရိုက်ခတ်စေနိုင်တုန်း ဖြစ်သည်။
ကရင်ပြည်နယ်၏ ကော့ကရိတ်မြို့သည် နယ်စပ်မြို့ မြ၀တီနှင့်ဆက်သွယ်ထားသည့် ကားလမ်းမပေါ်မှ တည်ရှိ၍ အရောင်းအ၀ယ် စည်ကားသော မြို့ဖြစ်ပြီး စိမ်းညိုသော သစ်ပင်များ ရောယှက်နေသည့် ဆိတ်ငြိမ်သည့် အသွင်ဆောင်သော မြို့တစ်မြို့ဖြစ်သည်။ ဒါပေမဲ့ ဒေါနတောင်တန်းနှင့် လက်နက်ကြီး တစ်ကမ်းမှာရှိသည့်အတွက် မကြာခဏဆိုသလို လက်နက်ကြီးများ ကျည်များ ကျရောက်ပေါက်ကွဲလေ့ ရှိသည့်အတွက် အေးချမ်းလုံခြုံသည်ဟု ပြောရန်ခက်ခဲသည်။ ထို့ကြောင့်လည်း ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများအတွက် ဒေသ ဖွံ့ဖြိုးရေးမှာ အတော်အတန် နောက်ကျနေခဲ့ခြင်းလည်း ဖြစ်သည်။ ဒေသတွင်းရှိ ခနိမ်းဖော်၊ ၀ဲကင်အန်၊ ကော့ ပလံ၊ နောင်ဟိန်စသော ကျေးရွာများ မှ ဆရာတော်များက ဘာသာရေးတာ ၀န်တစ်ဖက်နှင့် မိမိဒေသအတွင်း လုံခြုံရေးအပါအ၀င် ဒေသဖွံ့ဖြိုးရေးကိုပါ တစ်တပ်တစ်အား အဖြစ်သာမက မရပ်မနား ပါဝင်ကြိုးစားတော်မူ ခဲ့ကြသည်မှာ ဆယ်စုနှစ်နှစ်ခုပင်နီး ခဲ့ပြီဖြစ်သည်။ ထိုဆရာတော်များ အနက် ကော့ပလံဆရာတော်သည် သက်တော်အငယ်ဆုံးဖြစ်ပြီး ကိုယ်တော် ၏ ကြိုးစားမှုဖြင့် ကရင်ပြည်နယ် ဒေသအသီးသီးမှ ကျောင်းသားကျောင်း  သူ ၂၂၂ ဦးကို ပညာဒါနဖြန့်ဝေ ပေးလျက်ရှိသည်။
ကျောင်းသားကျောင်းသူ ၂၀၀ ကျော်အတွက် ပညာဒါနဟု ရှေ့ထား ပြောရသည်ဖြစ်ပေမယ့် တကယ်တမ်း  မှာတော့ ပညာသာမက နေ့စဉ်စားသောက်နေထိုင်ခြင်း၊ ကျောင်းသုံးစာ အုပ်စာရေးကိရိယာများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဆရာ ဆရာမများ ခန့်အပ်ခြင်းစသည့် တာဝန်များကိုပါ ကြိုးစားထမ်းဆောင်နေ ရခြင်းဖြစ်ပါသည်။ ဆရာတော်၏ ကျောင်းဝင်းအတွင်းရှိ ဆွမ်းစားဆောင်သည် ဆွမ်းဘုန်းချိန်မှအပ ကျန်သည့်အချိန်မှာ ကျောင်းစာသင်ခန်း ဖြစ်ရသလို ဓမ္မာရုံ၊ သိမ်၊ ဇရပ်စ သည်တို့သည်လည်း စာသင်သားတို့ အတွက် စာသင်ခန်းများအဖြစ် အသုံးပြုကြရပါသည်။ ဆရာတော် ကိုယ်တိုင် နံနက် ၄း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိအောင် ပညာသင်ကြားပေးခြင်းကို ကြပ်မတ်ပေးသည့် အတွက် ထူးချွန်ကျောင်းသားများ နှစ်စဉ် ထွက်ပေါ်နိုင်ခဲ့သည်မှာလည်း များစွာ ချီးကျူးစရာဖြစ်ပါသည်။ မူလတန်းမှ အထက်တန်းအထိ ကျောင်းသားများအား အတန်းအလိုက် စနစ်တကျ သင်ကြားပေးသည့် ဆရာ၊ ဆရာမများပင် ၂၀ ကျော် ခန့်ထားရသည်ဖြစ်ရာ ကော့ပလံ ဘုန်းတော်ကြီးကျောင်းမှာ စာသင်သံများနှင့် အမြဲစည်ကားနေသလို ရတတ်ရာ အဆောက်အဦများတွင် ပညာသင်နေသည့် အတွက် နေထိုင်ရေး အခက်အခဲရှိသည်ကလည်း အမှန်ပင်။
ထို့ကြောင့် ဒေသခံနယ်ခြား စောင့်တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောမြတ်ခိုင်က ဆရာတော်နှင့်တိုင်ပင် ဆွေးနွေးကာ အဖြေရှာသည်။ ရသည့် အဖြေကား ကော့ကရိတ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသူရိန်ဇော်အား ကော့ပလံကျေးရွာသို့ ဖိတ်ကြားကာ ကျောင်းသားများ ပညာသင်ကြားရေး အခြေအနေကို ကိုယ်တိုင် မြင်တွေ့စေခြင်းဖြင့် လိုအပ်သည်များကို ဆက်လက်ပံ့ပိုး ထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။ သို့နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြကာ လမ်းညွှန်မှုရယူခဲ့သည်။
သို့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်နိုင်ရန် လမ်းညွှန် ခွင့်ပြုခဲ့ခြင်းကြောင့် ကရင်ပြည်နယ် တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက် လိုသည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် NRC ခေါ် နော်ဝေနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့သည် ကော့ပလံကျေး ရွာ၌ ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းပေးရန် ဖြစ်လာခဲ့တော့ သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် NRC အဖွဲ့သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့်မနှစ်ကအောက်  တိုဘာမှာလုပ်ငန်းစတင်ခဲ့လေသည်။ ကရင်ပြည်နယ်၏ ပညာရေးကိုအရှိန် နှင့် မြှင့်တင်ရန် ကြိုးစားနေသည့် ၀န်ကြီးချုပ်၏ အစီအစဉ်အရ ကော့ပလံ ကျောင်းသာမက ဘားအံမြို့နယ်ရှိ တောင်သူကုန်းကျေးရွာ၌ပါ မူလတန်းကျောင်း တစ်ကျောင်း ဆောက်လုပ်ပေးနိုင်ခဲ့သည်။
‘‘ကျွန်တော်တို့တာဝန်ကျတာ နန်ဆန်လစ်ရွာထိပ်မှာရှိတဲ့ BGF ကင်းစခန်းကို KNU က ၀င်ချတာနဲ့ လန့်ဖျပ်ပြီး ပြေးရသေးတယ်။ ဘယ်ပြေးလို့ပြေးရမှန်း မသိအောင် ကြောက်ခဲ့ရတာ အခုထိမမေ့ဘူး။ ဒါပေမဲ့ KNU ရော DKBA ကရော ခင်ဗျားတို့အဖွဲ့က ကျွန်တော်တို့ဒေသအတွက် ကျောင်းလာဆောက်ပေးတာမို့ ဘာ မှ အန္တရာယ်မဖြစ်စေရပါဘူး” လို့ပြောတယ်။ တကယ်လည်း ကျောင်းဆောက်ပြီးတဲ့အထိ ဘာမှဒုက္ခမရှာခဲ့ကြဘူး” ဟု နန့်ဆန်လစ်ရွာ မူလတန်းကျောင်း ဆောက်ရာတွင် တာဝန်ယူကြီးကြပ်ခဲ့ရသည့် အင်ဂျင်နီယာ ဦးခင်မောင်ဇော်က ပြန်ပြောပြခြင်းပါ။
တကယ်တမ်းမှာလည်း ငြိမ်းချမ်းခြင်းလောက် အေးမြတာဘာမှ ရှိမှာမဟုတ်ဆိုတာ အားလုံးသိကြပြီး ဖြစ်သည်။ တကယ်တမ်း တစ်ဦးနှင့် တစ်ဦး အမုန်းတရားတွေဖယ်ခွာကာ ရင်းနှီးပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြသည့် နောက်တွင် စောစောက ဆုပ်ကိုင်ခဲ့ကြသည့် လက်တွေ နွေးထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းရှိခဲ့ကြပြီ မဟုတ်ပါလား။ အရင်ကရှိခဲ့သည့်ကန့်သတ်တင်းကျပ် မှုတွေ လျော့ပါးသွားသည့် အတွက် စီးပွားရေး၊ လူမှုရေးစတာတွေ အများကြီးပို၍ အဆင်ပြေလာခဲ့သည်။
အတွေးများနှင့် အိပ်တစ်လှည့် နိုးတစ်လှည့် ဖြစ်ခဲ့ရသည့်ည တာကုန်ပြီး မနက်လင်းချိန်မှာတော့ အခန်း အပြင်ဘက်မှာ ရှိနေသည့် DKBA အ ဖွဲ့သားတွေကို နှုတ်ဆက်ရင်း စကားစမြည် ပြောဖြစ်သည်တွင် ‘‘အေး အခုလို အေးဆေးဖြစ်သွားတာ ကောင်းတာပေါ့။ ငါလည်း အိမ်မပြန်ရတာကြာပြီ။ အခု ဟိုတယ်မှာနေရတာ ငါ့ဘ၀ မှာ ပထမဆုံးပဲ။ ကောင်းတယ်။ ၀မ်းသာတယ်”ဟု ၎င်းအဖွဲ့မှ အသက်ခပ်ရွယ်ရွယ် တစ်ယောက်က ပြောကြားခြင်းပင်။ သူတို့တွေ၏ ခေါင်းဆောင်များသည် ကရင်ပြည်နယ်အစိုးရ၏ လက်ကမ်းမှုကို သံသယကင်းစွာ လက်ခံပြီး အခုလို ဘားအံမြို့ပေါ်သို့ နောက်ဆုံးအဆင့်ဆွေးနွေး အပြီးသတ်ရန်လာ ရောက်ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။
DKBA အဖွဲ့နှင့် နိုင်ငံတော် အစိုးရကြား အခုလိုငြိမ်းချမ်းရေး ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းကြသူများအနက် အငြိမ်းစားဗိုလ်မှူးကြီး စောခင်စိုးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ အများ က ‘အဘ’ ဟု ချစ်ခင်လေးစားစွာ ခေါ်ကြသည့် ဦးစောခင်စိုးနှင့်တွေ့ဆုံခဲ့ရာ တွင် ‘‘သူတို့ဆီရောက်တော့ စစ်သားတွေနဲ့ သူတို့တွေ သေနတ်ဘေးချပြီး ဒုံးယိမ်းကနေကြတာ မြင်လိုက်တော့ (အဘချက်ချင်း စကားမဆက်နိုင်၊ သူ့ ရင်ထဲမှာ ရှိနေဆဲဖြစ်သည့် ပီတိက စကားဆက် မပြောနိုင်အောင် ရုန်းထွက် လာပုံရသည်။) ဒါမျိုးမြင်ရတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး” ကြားရသူ ကျွန်တော်လည်း ကြက်သီးဖြန်းဖြန်းပင် ထမိအောင် ငြိမ်းချမ်းရေးဆိုသည့်အသိက လွှမ်းခြုံသွားတော့သည်။
‘ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ် တမာပင်၊ သရက်ပင် ဘာပင်စွဲစွဲချိုမြဲအရသာ မစွန့်သည့်သာ ပင် ကမ္ဘာ့လူသားများ မျက်နှာထား ချိုရွှင်၊ ပျော်စေသည် ထာဝစဉ်စစ်ရန် မီးကွင်းရှောင်မလောင်ခင် ကြိုတင်’ ကားပေါ်ရောက်တော့ ကွယ်လွန်သူ ဂီတစာဆိုမြို့မငြိမ်း၏ ‘ကမ္ဘာ့ငြိမ်း ချမ်းရေး’သီချင်းကို အရင်ဆုံးရွေးဖွင့် လိုက်သည်။ တေးသံရှင် မီမီဝင်းဖေ၏ ကြည်လင်ပီသသော အသံက ဒီတစ်ကြိမ် ဒီသီချင်းနားထောင်ရတာ ပိုကောင်းနေသလိုတောင်ခံစားမိသည်။
‘ရွံစရာ မုန်းစရာစစ်ရန်မီးတား  ဆီးဖို့ပြင် အိုးကြီးအိုးငယ် သယ်ဆောင်ကာယူငင်၊ လက်ခုပ်နဲ့ဖြစ်စေ ကိုယ်တိုင်ပါဝင် ဖျန်းပက်ကြကိုယ်စီ ညီညီပင် ငြိမ်းချမ်းရေးအေးမြသော ရေစင်’ ရေးတတ်လိုက်သည့် ဆရာမြို့မငြိမ်းပင်။ ဆရာရေးခဲ့သည့် လွန်ခဲ့သော နှစ် ၆၀ နီးပါးက သီချင်းက အခုထိ နှလုံးသားကို ရိုက်ခတ်စေနိုင်တုန်း ဖြစ်သည်။ ၁၉၅၃ ခုနှစ်က ပီကင်း၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အားရေးပေးခဲ့သည့် ဆရာမြို့မငြိမ်း၏ ‘ကမ္ဘာ့ငြိမ်းချမ်းရေး’ သီချင်းသည် ကရင်ပြည်နယ် ၏ ထူးခြားလှသော အချိန်မှာ ကရင်ပြည်နယ်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေသော ကျွန်တော်တို့ကို ကြက်သီးဖြန်းဖြန်း ထစေခဲ့တော့သည်။
‘ကမ္ဘာလူသားတွေ တွေးပူကြိုတင်၊ ရန်သူမိတ်ဆွေမရွေး သူငါပင်ရန်စစ်မီးကို မလောင်စေချင်၊ အနု ယဉ် အမွန်အမြတ်တွေ သုဉ်းဆိတ်မှာမြင်၊ ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင်’ သီချင်းအဆုံးပိုဒ် နားထောင်ချိန်မှာ ရင်ထဲတွင် တကယ်ကိုနင့်ပြီး ကျန်ခဲ့စေသည့် ထိုသီချင်းက အခုလိုအခါသမယနှင့် နားထောင်မ၀ ဖြစ်ခဲ့တော့သည်။ ကော့ကရိတ်အစွန်အဖျားမှာ ရောက်နေသည့် ကျွန်တော်တို့တွေ ဘာမှပူပင် စရာမရှိ လုပ်နိုင်ကိုင်နိုင်ပြီဆိုသည့် အသိထက် ဘာများပို၍ စိတ်ချမ်းသာစရာကောင်းတာ ဘာမှမရှိတော့။
ခရီးသွားရင်း ရေးလက်စ စာမပြတ်သည့် ဤဆောင်းပါး နိဂုံး မရောက်ခင်မှာ နိုင်ငံတော်အစိုးရနှင့် knu တို့ နှစ်ပေါင်း ၆၃ နှစ်ကြာ ပဋိပက္ခ အဆုံးသတ်ဖို့ ပဏာမဆွေးနွေးတာ အောင်မြင်ခဲ့လေပြီဆိုသည့် သတင်းက ကျွန်တော့်ရင်ကို လာမှန်သည်။ ကရင်ပြည်နယ် အစိုးရနှင့် KNU တို့အကြား လုံးဝအပစ်အခတ် ရပ်စဲဖို့ လက်မှတ်ထိုးခဲ့ကြသည့် သတင်းက မျက်ရည်ဝိုင်းစေသည်။ ထိုသို့လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့သည့် အဓိကပုဂ္ဂိုလ်ဖြစ်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ဘယ်အချက် က ငြိမ်းချမ်းရေးအတွက် အပြီးသတ်  ဖြစ်စေခဲ့တာပါလဲဟုမေးရာ’’ဖထီးတို့လာတုန်းက လက်မှတ်ထိုးဖို့ မဟုတ်သေးဘူး။ ဒါပေမဲ့ ဘားအံရောက်တော့ ကြုံလိုက်ရတဲ့ကြိုဆိုမှု၊ အကြာကြီး ကွဲကွာနေသူတွေနဲ့ ပြန်ဆုံဆည်းမှုက သူတို့တွေကို မယုံနိုင်အောင် ခံစား ပြောင်းလဲသွားစေခဲ့တာ။ ပြီးတော့ ဒီဘက် ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရင်းနှီးပွင့်လင်းမှုကို ယုံကြည်မှုအပြည့်ရှိ လို့ အခုလိုငြိမ်းချမ်းရေး လက်မှတ်ထိုးဖြစ်သွားတာ။ သူတို့ကိုမြင်ရတဲ့ ကျွန်တော်တို့တောင် မျက်ရည်ဝဲတယ်” ဟု ရင်ထဲမှခံစားရသည်ကို ပွင့်လင်းစွာဖြေရာ ကြားလိုက်ရသူတို့ပါ ငြိမ်းချမ်းရေးဆိုသည့် အရှိန်အဟုန်  ကဒုံးယိမ်းအကမှာ ကြားရသည့် ဖားစည်သံပမာ မြည်ဟိန်းလေတော့သည်။
(ငြိမ်းချမ်းရေးဆောင်ကျိုးပေးခဲ့သည့် ပုဂ္ဂိုလ်များအား လေးစားဦး ညွတ်လျက်။)
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis