menu

Saturday 19 January 2013

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရပ်နားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သော်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။

"ခုနကတောင် လက်နက်ကြီးသံတွေ ကြားရသေးတယ်။ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်နေတုန်းပဲ"ဟု KIO မှ ဗိုလ်ကြီး ဂျိုးဇက်က Eleven Media Group သို့ ပြောပါသည်။

ထို့အပြင် လဂျားယန်မဟုတ်သော အခြားဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။


"သမ္မတရုံးရဲ့ ထုတ်ပြန်ချက် အရ ထိုးစစ်မလုပ်ဘူး ဆိုတာက လဂျားယန် ဒေသမှာပဲလေ။ ကျန်တဲ့ နေရာမှာကတော့ ဆက်လုပ်ဦးမယ်ဆိုတဲ့ သဘောပေါ့။ အခု ဖြစ်နေတဲ့ နေရာက တပ်မဟာ(၃)နယ်မြေ ထဲမှာ၊ တပ်မဟာ(၂)နယ်မြေထဲမှာ၊ တပ်မဟာ(၄)ဧရိယာထဲမှာ ဖြစ်နေတယ်။ ဒီထုတ်ပြန်ချက်ဟာ တပ်မတော် အနေနဲ့ ထိုးစစ် မလုပ်တော့ဘူးလို့ ဒီတစ်နေရာထဲ ပြောတဲ့ သဘောပါ။ ဖြစ်ချင်လည်း ဖြစ်ဦးမယ်။ ထိုးစစ်လုပ် ချင်လည်းလုပ်ဦးမယ်ဆိုတဲ့ သဘောပါ”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ဖားကန့်ရှိ ဆိုင်းရာ၊ ကံဆီးတွင် အခြေစိုက်ထားသော KIA တပ်ရင်း (၆) ကို အစိုးရ တပ်များမှ ထိုးစစ် ပြုလုပ်နေကြောင်း ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။

"တပ်ရင်း(၆)ကို ထိုးစစ် လုပ်နေတယ်။ တပ်ရင်း(၆)က ဆိုင်းရာ၊ ကန်စီး ဆိုတဲ့ ဖားကန့် ဒေသကပါ။ အဲဒီမှာတော့ ဒီနေ့လည်း ဖြစ်နေတုန်းပဲ တပ်မဟာ(၃)ရဲ့ ဂျန်မိုင်ကောင်း မှာလည်း ပစ်တယ်။ နေရာတော့ အတိအကျ မသိသေးဘူး။ တပ်မဟာ(၃)ဆိုတာက လွယ်ဂျယ် မြို့နယ်နဲ့ မိုးမောက် မြို့နယ်ထဲ ပါပါတယ်။ လွယ်ဂျယ်မြို့နယ်နှင့်မိုးမောက်မြို့နယ်ထဲ မှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဆွမ်ပရာဘွမ် မြို့နယ်ထဲမှာလည်း ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်း။ ဒီနေ့မနက်အထိ ဖြစ်နေတာကတော့ ခိုင်ယာမှာလည်း ဖြစ်နေတယ်”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောပါသည်။

KIA တွင် တပ်မဟာ ခြောက်ခုရှိပြီး ပန်ဝါဒေသဘက်တွင် တပ်မဟာ(၁) ၊ ဖားကန့်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်း အစရှိသည့် ဒေသများတွင် တပ်မဟာ(၂) ၊ မိုင်ဂျာယန်နှင့် ဂျန်မိုင်ကောင်းတွင် တပ်မဟာ (၃)၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာမိုးညဲ၊ လွယ်ဂျယ်၊ ကွတ် ခိုင် အစရှိတဲ့ ဒေသများတွင် တပ်မဟာ(၄) ၊ လိုင်ဇာဒေသမှာ တပ်မဟာ(၅) နှင့် မကြာသေးမီက ယာယီဖွဲ့စည်းခဲ့သော တပ်မဟာ(၆)မှာ ပန်ဝါ၊ လိုင်ဇာ၊ လဂျားယန်နှင့် ဖားကန် ဒေသများတွင် ရှိနေပါသည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis