menu

Saturday 19 January 2013

မြန်မာ့ငါး အရည်အသွေး ရေရှည် ထိန်းသိမ်းနိုင်ရေး ပို့ကုန်လုပ်ငန်းရှင် အချို့၏ ငါးအလေးချိန် ပိုမိုရရှိအောင် ရေထိုးနေမှုများ ရပ်တန့်ရန် လိုအပ်ကြောင်း ငါးလုပ်ငန်းရှင်များ ပြောကြား

မြန်မာ့ငါး အရည်အသွေး ရေရှည် ထိန်းသိမ်းနိုင်ရေး ပို့ကုန်လုပ်ငန်းရှင် အချို့၏ ငါးအလေးချိန် ပိုမိုရရှိအောင် ရေထိုးနေမှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များနှင့် ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင် ဒေါက်တာမြင့်စိန်က “ငါးရဲ့ကျောကို ခွဲပြီး ရေထိုးရင် အလေးချိန် ပိုရတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင် အချို့က ဒါကို လုပ်ဆောင်နေပါတယ်။ အရင်တုန်းက ငါးရဲ့ဗိုက်ကိုခွဲ ရေခဲထည့်ပြီး ငါးရဲ့အရည် အသွေးကို ထိန်းတာ ဖြစ်ပါတယ်။ အဲဒီလို ထည့်ရင်လည်း ငါးရဲ့အသားထဲကို ရေစိမ့်ဝင်တာ မျိုးမဖြစ်ဘူး။ ဒီလိုမျိုးလုပ်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ငါးတွေရဲ့ အရည်အသွေး ကျဆင်းပြီး ဈေးကွက် ပျက်သွားလိမ့်မယ်။ ငါးဦးစီးရယ် ငါးလုပ်ငန်း အဖွဲ့ချုပ်ရယ် ပို့ကုန်ုလုပ်ငန်းရှင် တွေရယ် ဆွေးနွေး အဖြေရှာပါလို့ ပြောချင်ပါတယ်။ ဘယ်သူရောင်းရောင်း မြန်မာနိုင်ငံက လာတာပဲ ဆိုတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ငါးထုတ်ကုန် တစ်ခုလုံးနဲ့ ဆိုင်တာပါ” ဟု ပြောကြားခဲ့ပါသည်။

ရေထွက်ပစ္စည်း ပြည်ပတင်ပို့သည့် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အဏ္ဏ၀ါဒေ၀ီ ရေလုပ်ငန်းမှ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က “ငါးရဲ့ အရည်အသွေးကို ထိန်းဖို့ ရေခဲသား ပါးပါး တင်တာမျိုး လုပ်ဆောင်ရပါတယ်။ ပြည်ပကို ပို့တဲ့ ကုန်သေတ္တာဆိုရင် အနုတ် ၁၈ နဲ ထိန်းပြီး သွားရပါတယ်။ ဒီကွန်တိန်နာတွေ လမ်းမှာ သွားတဲ့အချိန်မှာ တခါတလေ အပူချိန် လျော့နိုင်ပါတယ်။ အဲဒီလို အချိန်မှာ ငါးတွေမှာ ရေခဲသား မတင်ထားရင် ငါးတွေရဲ့ အရည်အသွေး ကျနိုင်ပါတယ်။ ငါးရဲ့ အရည်အသွေးထိန်းတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း ဒါကို လက်ခံပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ငါးတွေကို ရေထိုးတာမျိုး မလုပ်သင့်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

“အဲဒီလို ငါးကိုရေထိုးတဲ့ ရေဟာ ရောဂါပိုးပါတဲ့ ရေမျိုးဖြစ်ရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အတွက် ဒီလိုမျိုး မသုံးသင့်ပါဘူး လက်ရှိအချိန်မှာ သြစတေးလျမှာ အခြားနိုင်ငံက ငါးတွေထက် မြန်မာနိုင်ငံက ငါးဟာ အကောင်းဆုံးပါပဲ ဆိုတဲ့ နာမည်ရနေပါတယ်။ ဒီလိုမျိုး ဖြစ်အောင် ရေရှည်ထိန်းထား နိုင်ဖို့အတွက် မလုပ်သင့်တဲ့ လုပ်နည်း လုပ်ဟန်တွေ မလုပ်ဖို့ လိုအပ်ပါတယ်” ဟု ဒေါ်တိုးနန္ဒာတင်က ဆက်လက် ပြောကြားခဲ့ပါသည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis