menu

Saturday 19 January 2013

မြန်မာနိုင်ငံက ပြဿနာတွေကို အမေရိကန် ပူးပေါင်းဖြေရှင်းမယ်လို့ ပြောကြား

ဇန်နဝါရီလ ၁၈ ရက် သောကြာနေ့ ညနေက ဝါရှင်တန် ဒီစီမြို့တော် မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးမှာ ၆၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံမှာ လက်တွေ့ဖြေရှင်းရမယ့် စိန်ခေါ်မှု အခက်အခဲတွေရှိနေတာကတော့ အထင်အရှားရှိနေတဲ့အတွက် မိမိတို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အလေးအနက် ထောက်ခံအားပေးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အပြင် တိုင်းရင်းသားဒေသတွေက ဆူပူမငြိမ်မသက်မှုတွေ အပါအဝင် စိန်ခေါ်မှုတွေကို မိမိတို့ လက်တွဲဖြေရှင်းမယ်လို့ RFA ကိုပြောဆိုခဲ့ပါတယ်။


၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်း မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံအကြားဆက်ဆံရေးလျှော့ချပြီး ယာယီသံရုံးတာဝန်ခံတွေပဲ ထားရှိခဲ့ရာကနေ သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ခဲ့ရာမှာ ပထမဆုံး မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ သံအမတ်ကြီး ဦးသန်းဆွေက ဒီနေ့ဟာ အင်မတန် မင်္ဂလာရှိတဲ့ နေ့ပါပဲလို့ RFA ကိုပြောပါတယ်။

"ကျွန်တော်ဘဝမှာ အဖြစ်စေချင်ဆုံး ဆန္ဒကတော့ မြန်မာကို နိုင်ငံတကာက လေးစားစေချင်တာပဲ၊ ကျွန်တော်တို့ လေးစားအောင်နေမှလုပ်မှရမယ် နိုင်ငံသားအားလုံးကလည်း အပြောင်းအလဲတွေ အများကြီးဖြစ်လာပြီဆိုတော့ ဝမ်းသာတယ်"

ဝါရှင်တန်မြန်မာသံရုံးက လွတ်လပ်ရေးနေ့ ဧည့်ခံပွဲကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး W. Patrick Murphy နဲ့ နိုင်ငံတကာ သံအမတ်ကြီးတွေအပြင် မြန်မာနိုင်ငံသား ၁ဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။

  RFA Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis