menu

Saturday 19 January 2013

အနှိပ်ခန်း နှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူများကို အမှုဖွင့် စစ်ဆေး

The Voice Weekly ဟင်္သာတ၊ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ မြို့နယ် တမြာ ကျေးရွာ အုပ်စုရှိ အမျိုးသမီးငယ် များကို ဝင်ငွေကောင်းသော အလုပ်ရမည်ဟု ပြောဆိုပြီး မိုင်းရှူး မြို့တွင် အနှိပ်ခန်းနှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူ များကို ဓနုဖြူ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ထားကြောင်း ယင်း ရဲတပ်ဖွဲ့မှူး ရုံးထံ မှ စုံစမ်း သိရှိ ရသည်။

အဆိုပါ စေခိုင်း ခံရသူ အမျိုးသမီးများသည် ဓနုဖြူ မြို့နယ် တမြာ ကျေးရွာ အုပ်စုရှိ ကညင်ကောက် နှင့် သူဌေးကုန်း ကျေးရွာတို့မှ ဖြစ်ပြီး အသက် ၁၄ နှစ် မှ အသက် ၂၀ ကျော် အရွယ် အမျိုးသမီး ၁၂ ဦး ဖြစ်ကြောင်း၊ ကျောက်ရွေး လုပ်ငန်းတွင် လုပ်ကိုင် ရမည် ဟု ဆိုကာမိုင်းရှူး မြို့သို့ ခေါ်ဆောင်၍ ယင်းကဲ့သို့ ခိုင်းစေခြင်း ဖြစ်ကြောင်း အမျိုးသမီးငယ် တစ်ဦး၏ မိသားစုဝင် တစ်ဦးက ရှင်းပြသည်။ ယင်း အမျိုးသမီးများ ထဲ မှ ၁၁ ဦးကို အနှိပ်ခန်း လုပ်ငန်းနှင့် အသက်၂၀ အရွယ် အမျိုးသမီး တစ်ဦးကို နှစ်လခန့် လိင်လုပ်သား အဖြစ် စေခိုင်း ခဲ့ကြောင်း စေခိုင်း ခံရသူ၏ မိခင် ဒေါ်ချိုက ဆိုသည်။

အဆိုပါ လိင်လုပ်သား အဖြစ် စေခိုင်း ခံရသူ အမျိုးသမီးငယ်ကို ညီအမ ဝမ်းကွဲ တော်စပ်သူ က စက်တင်ဘာလ ၄ရက်နေ့ တွင် အခြား အမျိုးသမီးငယ် တစ်ဦး နှင့် အတူ ခေါ်ဆောင် သွားပြီး နှစ်လခန့် အကြာတွင် ယင်းကျေးရွာမှ အမျိုးသမီးငယ် ၁၁ ဦးကို ထပ်မံ ခေါ်သွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမျိုးသမီး များ၏ မိသားစုဝင် များထံ မှ စုံစမ်း သိရှိရသည်။

အနှိပ်ခန်း များ ၌ လုပ်ကိုင် ခဲ့ရသည့် အမျိုးသမီး ၁၁ ဦးသည် ယင်းအလုပ်ကို မလုပ်လို ခြင်းကြောင့် နှစ်ရက် အကြာတွင် ရွာသို့ ပြန်ရောက် လာခဲ့ကြောင်း အဆိုပါ အမျိုးသမီးများ ၏ မိသားစုဝင် များက ပြောကြားသည်။ လတ်တလောတွင် သံသယရှိသူ ဒေါ်သန်းသန်းမိုးနှင့် ဒေါ်အေးအေးမော် တို့ကို ဓနုဖြူ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံး ၌ (ပ) ၈၂/၂၀၁၂ ပုဒ်မ ၃၆၆ ဖြင့် အရေးယူ ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis