menu

Wednesday 23 January 2013

“ကျည်ဆန်တွေရဲ့အထက် မြင့်မြင့် မပျံနိုင်သေးတဲ့ ငြိမ်းချမ်းရေးငှက်”

Photo: “ကျည်ဆန်တွေရဲ့အထက် မြင့်မြင့် မပျံနိုင်သေးတဲ့ ငြိမ်းချမ်းရေးငှက်”

ဝုန်းခနဲ ကြားလိုက်ရသည့် အသံကြောင့် ဘုရားဆုတောင်း နေရာမှ မရမ်ခေါဘောမ် တစ် ယောက် ဗုံးခိုကျင်းထဲ အပြေးအလွှား ပြေးဆင်းလိုက်မိသည်။
နောက်တွင်မှ ကားအိတ်ဇောပိတ်ပြီး ပေါက်မြည်သံမှန်းသိရ၍ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ ဖြစ်စဉ်ကြောင့် ထိတ်လန့်နေသော ရင်အစုံကို ရေတစ်ခွက် ကျိုက်ချ ဖြေအေးရင်း ထိုဒုက္ခတရားများမှ အမြန်ငြိမ်းချမ်းရန် ဘုရားသခင်ထံ သူဆုမွန်ခြွေမိသည်။ ဤ တထိတ်ထိတ် ဒုက္ခတရားများမှ ကင်းကွာ၍ အေးချမ်းစွာလုပ်ကိုင် စားသောက် ရင်း ငြိမ်းချမ်းစွာ နေထိုင်ခွင့်အမြန် ရချင်ပြီဖြစ်၏။

”ကိုယ်တိုင်ခံစားရတဲ့အတွက် ကိုယ်တိုင်ပဲသိပါတယ်။ ကားအိပ်ဇော၊ ဆိုင်ကယ်အိပ်ဇောပေါက်ရင်ကိုပဲ အလိုလိုစိတ်ကလန့်နေမိပြီ”ဟု အမြောက်ဆန်ကျရောက် ပေါက် ကွဲမှု ဒဏ်ခံစားခဲ့ရမှုကြောင့် ကောင်းမွန်စွာ လှုပ်ရှား၍မရသော ဘယ်ဘက်လက်အား ဖျတ်ခနဲတစ်ချက် ငေးရီကြည့်ရင်း မရမ်ခေါဘောမ်က ပြောသည်။
မရမ်ခေါဘောမ်သည် မိမိက လေးငယ် ကျောင်းဆင်းချိန်ကျောင်း ကြိုသွားရာမှလမ်းပေါ် ကျရောက်ပေါက်ကွဲသည့် အမြောက်ဆန်ကြောင့် ဗုံးဒဏ်သင့်ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံ၌ သုံးလကျော်တက်ရောက် ဆေးကုသမှုခံယူခဲ့ရသူ ဖြစ်သည်။ ဗုံးဒဏ်ကြောင့် သူ၏ ဘယ်ဘက်လက်တစ်ဖက်သည် ကောင်းစွာလှုပ်ရှားမှု မပြုနိုင်တော့ ခြင်း ဖြစ်၏။ ထို့ အတူ ဗုံးဆန်ဒဏ်ရာများရရှိခဲ့၍ ခွဲစိတ်ကုသစဉ်ခန္ဓာကိုယ်အနှံ့မှ ဗုံးဆန်စ ၁၇ ခု တွေ့ရှိ ဖယ်ရှားခဲ့ရပြီး ဓာတ်မှန်ထပ်မံ ရိုက်ကူးကြည့်ရှုမှု အဖြေအရ ခန္ဓာ ကိုယ်တွင်း ဗုံးဆန် ၃ ခု ကျန်ရှိနေသေးကြောင်း သိထား သူဖြစ်သည်။
”ကျွန်တော့်လက်က ဘာမှကိုင်လို့ မရတော့ဘူး။ ပြောမယ်ဆို စက်အင်ဂျင်တစ်ခု ချွတ်ယွင်းသွားသလို ကျွန်တော့်ကိုယ်မှာ ဓာတ်တစ်ခု ချို့ယွင်းသွားတာ။ အဲဒါပဲ ကျွန် တော် အားငယ်တာပေါ့”ဟု မရမ် ခေါဘောမ်က ကောင်းစွာလှုပ်ရှား၍ မရသည့် လက်တစ်ဖက်နှင့်ပတ်သက်ပြီး စကားဆိုသည်။

မှော်ဝမ်း ဘုရားကျောင်းနှင့် စာသင်ကျောင်းကြား မော်တာအ မြောက်ဆန် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်သည် ၂ဝ၁၂ ခုနှစ် စက်တင် ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ထိုနေ့က ထိုဖြစ်စဉ်နှင့်တစ်ဆက်တည်း တပ်မတော်သားအချင်းအချင်း ပစ်ခတ်မှုကြောင့် ဖားကန့် မှော်ဝမ်း ရပ်ကွက်အုပ်စု(၁) ဆွတ်ဝိုင်ယန်နေ ကိုးတန်း ကျောင်း သူ မဂျာဆိုင်းအိန် သေနတ်ကျည်ဆန်ထိမှန် ၍ သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်အားလုံးသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်ကြား ဖြစ် ပွားလျက်ရှိသည့် လက်နက်ကိုင် တိုက်ပွဲများ၏ နောက်ဆက်တွဲရလဒ် များဖြစ်သည်။ ယင်းသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ပြန်လည်ရေ တွက်ကြည့်လျှင် သုံးလကျော် လေးလနီးပါး ရှိခဲ့ပြီဖြစ်၏။
ယင်းကာလနောက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးရမှုများ၊ အိုးပစ်အိမ်ပစ်ဖြင့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင် ကြရသော စစ်ဘေးဒုက္ခသည်များ သည် တစ်စတစ်စ တိုးပွားလာခဲ့ သည်။
ထိုကာလမတိုင်မီ ကချင်ပြည် နယ်၌ ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းက ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းများ ပြည် နယ်အနှံ့နီးပါး ဖွင့်လှစ်ကူကယ် ထားခဲ့ရရာမှ ယခုအခါတွင် ဒုက္ခသည် စခန်းပေါင်း ၁ဝဝ ခန့်နှင့် ဒုက္ခသည် တစ်သိန်းကျော်၊ အပြစ်မဲ့ပြည်သူ သေဆုံးမှု ရာဂဏန်းနီးပါးမျှ ရှိနေ ခဲ့ပြီဖြစ်၏။
သူတို့သည် ရိုးရာမနောပွဲတော် ကို ကျင်းပခွင့်မရခဲ့သည်မှာ ကြာ ခဲ့ပြီဖြစ်သည်။ သူတို့သည် သူတို့ အထွတ်အမြတ်ထားရာ ယေရှုခရစ် တော်၏ မွေးနေ့ပွဲတော်ကို ဆင်နွှဲ ခွင့်မရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူတို့သည်သူတို့ယာမြေကို ကောင်း စွာ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင် ခြင်းမရှိသည်မှာ ကြာခဲ့ပြီဖြစ်သည်။ လွတ်လပ်ငြိမ်းချမ်းမှုသည် သူတို့ အတွက်ကြံကြီးစည်ရာ အသုံး အ နှုန်း ဖြစ်သည်။ အေးချမ်းသာယာစွာ နေထိုင်နိုင်မှုသည် သူတို့အတွက် သူစိမ်းဆန်သောဖြစ်ရပ်ဖြစ်သည်။

”အဓိကကတော့ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြော ချင်တယ်။ ဒီနိုင်ငံသား ဒီပြည် ထောင်စုသား တစ်ယောက်အနေနဲ့ အဲဒီကချင်ဒေသမှာ ဖြစ်နေတယ်ဆို တာ စကားလုံးအရ ခေါင်းစဉ်အရ ပြောတာပါ။ ကချင်ဒေသမှာစစ်ဘေး ဒုက္ခသည်ဆိုတာ ကချင်လူမျိုးချည်း မဟုတ်ပါဘူး။ အဲဒီဒေသတစ်ဝိုက်မှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ပါပါတယ်။ ဒါ ပြည်ထောင်စုကိစ္စပါပဲ။ အားလုံးဝိုင်းစဉ်းစားရမှာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က ကချင်ပြည်နယ် ဖားကန့်သို့သွား ရောက်ခဲ့သည့် သူ၏အတွေ့အကြုံ ပေါ်အခြေခံ၍ တိုက်ပွဲများအပေါ် သုံးသပ်ပြောကြားသည်။
၁၉၄၈ ခုနှစ် မတ်လနောက်ပိုင်း က စတင်ခဲ့သည့် မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် အရှိန်သည် ၁၉၉၄ ခုနှစ်၌ ခေတ္တရပ်တန့်သွားခဲ့သော် လည်း ၁၉၉၅ နောက်ပိုင်း၊ ၂ဝဝ၃ ခုနှစ်နောက်ပိုင်း ကြိုးကြားတိုက်ပွဲ များဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြင့် နှစ်ပေါင်း ၆ဝ ကျော် ၊ ကမ္ဘာတွင် အကြာမြင့်ဆုံးဖြစ်ပွားသော ပြည် တွင်းစစ်တစ်ခုအဖြစ် ယနေ့အချိန် တွင်ရှိနေခဲ့ပြီဖြစ်၏။
ယခင် စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး ရယူထားနိုင် ခဲ့သည့် လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့အစည်း ၁၇ ဖွဲ့ကျော် အနက် ယခု အရပ်သားအစိုးရလက် ထက် ၁၁ ဖွဲ့ ကျန်ရှိသည်။ ယင်း အနက် ၁ဝ ဖွဲ့သည် လက်ရှိ အရပ် သားအစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့ ပြီး ကချင်လွတ်မြောက်ရေးတပ်မ တော်တစ်ခုတည်းသာ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ပျက်ပြား ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိခြင်း ဖြစ်သည်။

ကချင် လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)သည် ၁၉၉၃ ခုနှစ်က ၄င်းတို့ဘက်မှ တစ်ဖက်သတ်ဖြင့် အပစ်အခတ်ရပ်စဲမှုကို စတင်ခဲ့ပြီး ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသဘောတူစာချုပ်သည် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းတွင် လုံးလုံးစုတ်ပြဲသွားခဲ့သည်။ ယင်းသို့ စုတ်ပြဲသွားခြင်း၏ အဓိကပြဿနာသည် နိုင်ငံရေးအရ ဆွေးနွေးနိုင်မှုမရရှိသေးသည့် အခြေအနေပင်ဖြစ်သည်။ ၁၇ နှစ်လုံးလုံး သဘောတူညီထားခဲ့သည့် အပစ် အခတ် ရပ်စဲရေးသဘောတူညီမှုသည် ထို့သို့သော အကြောင်းကြောင့်ပင် ရှိလျက် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။
”ဘာလို့တိုက်ပွဲတွေ မရပ်သလဲလို့ လူတိုင်းကမေးတယ်။ တိုက်ပွဲတွေရပ်ပြီးတော့ ဘာလုပ်ရမလဲဆိုတဲ့အဖြေကို ရှာဖွေလို့မတွေ့ခင်မှာ တိုက်ပွဲတွေရပ်ဖို့ခက်ပါတယ်။ အပစ်အခတ် ရပ်ဆိုင်းပြီးရင် ဘာလုပ်ကြမလဲ။ ဒါကျွန်တော်တို့ ရှာဖွေနေတဲ့အဖြေပါ”ဟု ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြည်တွင်း မီဒီယာ တစ်ခုနှင့်အင်တာဗျူးတွင် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ဖြေကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခြင်း၊ ပြည်နယ်အဆင့်ဆွေးနွေး ခြင်း ၊ ပြည်ထောင်စုအဆင့်ဆွေးနွေး ခြင်း လုပ်ငန်းစဉ် ၃ ရပ်ဖြင့်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ၏မိန့်ခွန်းအချို့နှင့် ပြည်တွင်း ပြည်ပ သတင်းစာဆရာအချို့နှင့် တွေ့ဆုံမှု များတွင် ထည့်သွင်းပြောကြားခဲ့ သည်။ ပူပူနွေးနွေးအဖြစ် ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ သည့် ၄င်း၏ နှစ်သစ်ကူး သဝဏ်လွှာအား ဇန်နဝါရီလ ၉ ရက်က ပြည်ထောင်စုလွှတ်တော်၌ ဖတ်ကြားခဲ့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အပစ်အခတ်ရပ်စဲရေး မည်မျှပင် အောင်မြင်စေကာမူ တိုင်းရင်းသားအချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု အစိုးရအနေဖြင့် ယုံကြည်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့်နိုင်ငံရေး ဆွေးနွေးပွဲပုံစံကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုလည်း ချန်လှပ်မထားဘဲ နိုင်ငံ ရေးဆွေးနွေးပွဲများတွင် ပါဝင်လာ နိုင်ရန် တံခါးဖွင့်ထားကြောင်း၊ လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဆင့်ဆင့်မှ ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြောင်းဖြင့် ၄င်းက ထည့် သွင်းအသိပေး ပြောကြားထားခဲ့ သည်။
(ယင်းကဲ့သို့သော စကားရပ်နည်းတူ စကားရပ်အချို့ကိုလည်း ရှေးမဆွ သော မိန့်ခွန်းအသီးသီးနီးပါး၌ ထည့် သွင်း ပြောကြားထားခဲ့သည်။)

ထိုကဲ့သို့ဆိုလျှင် (လွန်ခဲ့သော တစ်နှစ်နီးပါးခန့်တွင်မှ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့သည် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။) ၁၉၉၃ ခုနှစ်က တစ်ဖက်သတ်သဘောထား ဖြင့်အပစ်အခတ်ရပ်စဲမှု လုပ်နိုင်ခဲ့ သော ကချင်လွတ်မြောက်ရေးတပ် မတော်နှင့် အစိုးရအဖွဲ့ အစည်းသည် အဘယ်ကြောင့်ယခုအချိန်ထိ ဆွေး နွေးမှု မစတင်နိုင်သေးသနည်း။
”စစ်ပွဲဆိုတာ အကြောင်းတရားပဲ။ အဲဒီအကြောင်းတရားကို ဖြစ်တဲ့ကိုယ်ကျိုးတရားတွေကို သိပ်ရှေ့တန်းတင်လွန်းလို့ မရဘူး”ဟု ကိုမင်းကိုနိုင်က သူ၏အမြင်ကိုပြော သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများသည် လက်ရှိအချိန်တွင် ယင်းပြည်နယ်တစ်ခုအ တွင်း၌သာမက နိုင်ငံတစ်ဝန်း ပျံ့နှံ့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ငြိမ်းချမ်း ရေးသည် ကချင်ပြည်နယ်သူ ပြည် နယ်သားတွေသာမက နိုင်ငံအနှံ့ လိုလားသော တောင်းဆိုချက် တစ် ရပ် ဖြစ်လာခဲ့ပြီဖြစ်၏။ စစ်ပွဲ၏အကျိုးရလဒ်သည် ဒေသခံပြည်သူ များအတွက် အတိဒုက္ခသာဖြစ်၏။
ထိုအတိဒုက္ခသည် စစ်ပွဲများအဆုံး သတ်၍ ငြိမ်းချမ်းရေး ပေါ်ထွက်လာ မှသာ ကွယ်ပျောက်မည်ဖြစ်သည်။

”စစ်ပွဲတွေရပ်မှပဲ ပြည်သူလူ ထုက ကိုယ့်ရွာ၊ ကိုယ့်မြေ၊ ကိုယ် ယာကို ပြန်ပြီးတော့လုပ်စားနိုင်မှာ ပါ”ဟု မရမ်ခေါဘောမ်က ပြော သည်။
လက်တစ်ဖက် ကောင်းစွာလှုပ်ရှားမှု မပြုနိုင်သော်လည်း သူ့ မိသားစုအတွက် သူ့တွင် ခွန်အားတွေ အပြည့်ရှိ၏။ သူ့ခွန်အားကို သူအသုံးချချင်သည်။ ယင်းကြောင့် စစ်ပွဲ များ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေး မြန်မြန်ပေါ်ထွက်စေချင်လှပြီ ဖြစ် ၏။ သို့ရာတွင် ငြိမ်းချမ်းရေးသည် နိုင်ငံရေး ဆွေးနွေးမှု ခေါင်းစဉ် အောက်တွင် မှေးမှိန်လျက်ရှိခြင်းဖြစ် သည်။ ထိုမှေးမှိန်နေမှုသည် မရမ် ခေါဘောမ်ကဲ့သို့ ကချင်ပြည်သူ လူထုအတွက် ဒုက္ခတရားများကို ဆက်လက် ထမ်းပိုးစေခိုင်းထားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ရှေ့ တန်း စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော၊ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော နှစ်ဖက်သောတပ်မတော်သားများနှင့် ၄င်းတို့၏ မိသားစုဝင်များအတွက် အနာတရဖြစ်သည်။ မဖြေ ရှင်း နိုင်သေးသော ပြဿနာကြားတွင် သူတို့အားလုံး မြေစာပင်အဖြစ် အမြစ်တွယ်ရှင်သန်ခဲ့ရခြင်း ဖြစ် သည်။
တိုက်ပွဲများသည် အစိုးရတပ်မ တော်၏ထိုးစစ်ကြောင့်၊ ကချင်လွတ်မြောက်ရေး တပ်မတော်၏ပစ်ခတ်မှုများကြောင့်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများ၊ လူမှုကွန်ရက် စာမျက်နှာများ၌ သတင်းဖြန့်ချိမှု များရှိခဲ့ သော်လည်း မည်သူ့ကြောင့်၊ မည် သည့်အကြောင်းကြောင့်ပင်ဖြစ်ဖြစ် အဆုံးအရှုံးသည် ပြည်သူလူထု သာဖြစ်ခဲ့သည်။
စစ်ပွဲများကြောင့် ဒုက္ခရောက် ကြရသော၊ သေဆုံးကြရသော ပြည်သူများအတွက် ပြန်လည်တုံ့ပြန် နိုင်ခွင့်ရှိသော၊ အကာအကွယ်ဖြစ်သော ဥပဒေသည် ငြိမ်းချမ်းရေးပင် ဖြစ်၏။ လူတိုင်းတောင်းဆိုမှုသည် လည်း ငြိမ်းချမ်းရေးပင်ဖြစ်၏။
”ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေ ရပ်တန့်ဖို့ ရှိသမျှခွန်အားနဲ့ တားဆီးဖို့လိုအပ်ပါတယ်။ ပြည်သူတွေမပါရင်တော့ ဘယ်ငြိမ်းချမ်းရေးမှ တည်မြဲမှာမဟုတ်ပါဘူး”ဟု ကို မင်းကိုနိုင်က ငြိမ်းချမ်းရေးအတွက် မှတ်ချက်စကားဆိုသည်။

ကချင်ပြည်နယ်တွင်းရှိ ဒေ သခံလူထု၏ လက်ရှိအချိန် ဖြစ် ပေါ်နေသော စိတ်သဘောထား သည် စစ်ပွဲများရပ်တန့်၍ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေးပင်ဖြစ် သည်။
”ပြည်သူလူထုရဲ့ ဆုံးရှုံးမှုကို နိုင်ငံတော်က သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပေးရင် အောင်မြင်မှာပါ”ဟု မငြိမ်းချမ်းမှုအကျိုးကြောင့် ကိုးတန်းကျောင်းသူ သမီးငယ်မဂျာ ဆိုင်းအိန်ကို ဆုံးရှုံးခဲ့ရသူ ဖခင် ဦးဘရန်ရှောင်က တွေးတွေးဆဆ ပြောသည်။
အမေရိကန်စာရေးဆရာ ဂျွန်စတိန်းဘက်က စစ်ပွဲများနှင့်ပတ် သက်၍ စကားတစ်ခွန်းဆိုခဲ့ဖူးသည်။ စစ်ပွဲအားလုံးတိုင်းသည် လူကို တိရစ္ဆာန်အဖြစ် လျော့ကျစေသည့် သင်္ကေတဖြစ်သည်”ဟူ၍ ဖြစ်၏။
ထိုစကားသည် စစ်ပွဲကိုဖန်တီး သူများကို အဓိကရည်ရွယ်ခြင်း ဖြစ်ပုံရသည်။ ထို့အတူစစ်ပွဲကြောင့် အတိဒုက္ခရောက်ကြရသူ ပြည်သူ များ၏ခံစားမှုများနှင့် ဆုံးရှုံးမှုများ အပေါ် တွေးဆပြောခြင်းလည်းဖြစ်ပုံ ရသည်။ မည်သို့ပင်ဆိုဆို စစ်ပွဲ သည် မကောင်းတရားသာဖြစ် သည်။ တရားသောစစ်ပွဲပင်လျှင် ခံစားရသူပြည်သူများအတွက် ဒုက္ခ တရားပင်ဖြစ်သည်။ အားလုံး လိုလားသော စစ်ပွဲများ၊ ပစ်ခတ်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ပေါ်ပေါက်ရန်သည် စကားလုံးများဖြင့် ဖောင်းပွနေခြင်းအား ပြည်ဖုံးကားချရ တော့မည်မှာ အသေအချာပင် ဖြစ်ပေတော့မည်။

ဥာဏ်လင်းအောင်

    အိမ်နှင့်ရွာကို သတိရ၍ ငိုကြွေးနေသည့် ကချင်စစ်ဘေးဒုက္ခသည်တစ်ဦး

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis