menu

Wednesday 23 January 2013

ရဲနှင့်ပြည်သူ ကူညီပါရစေနှင့် တရားဥပဒေစိုးမိုးရေး

Photo: ရဲနှင့်ပြည်သူ ကူညီပါရစေနှင့် တရားဥပဒေစိုးမိုးရေး

ရေးသားသူ- ဥက္ကာကိုကို၊ သန်းဌေး

“လုပ်ကိုင်ခွင့်အာဏာများကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုပါ”

အထက်ပါအချက်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်းက ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ဆယ်ပါးထဲမှ တစ်ချက်ပင်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် စောင့်စည်းရမည့် ကျင့်ဝတ်(၁၇)ပါးထဲတွင်လည်း တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် တရားမျှတ၍ အဂတိတရားကင်းပါဟူသည့် အချက်ပါဝင်သည်။

ယနေ့ကာလတွင် ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားမှု အပြည့်အ၀မရှိခြင်းက တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်မှုကို သွက်လက်မြန်ဆန်စေမည်မဟုတ်ပါ။ တချို့နေရာများတွင် အဂတိလိုက်စားခြင်း ကိစ္စရပ်တို့ကြောင့် ပြည်သူလူထုက ရဲတပ်ဖွဲ့ဆိုလျှင် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းနှင့် တွဲဖက်မြင်မှတ်နေကြဆဲဖြစ်သည်။

ထိုသို့သော အမြင်တို့က ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်၍ ဒုစရိုက်လုပ်ငန်းများနှိမ်နင်းရာတွင် အဟန့်အတားဖြစ်စေခဲ့သည်။

“ယုံကြည်မှုက တစ်ဖက်နဲ့တစ်ဖက်မရှိတော့ရင် ပြည်သူကလည်း ရဲကိုအကြောင်းမကြား၊ ရဲကလည်း တရားခံအစစ်ကို မတွေ့တဲ့အခါ စွပ်စွဲခံရတာတွေ များလာမယ်။ ဒီလိုနဲ့ပဲ ရဲနဲ့ပြည်သူကြားထဲမှာ အပြန်အလှန် သံသယကြီးထွားမှုတွေ ရှိလာတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်က သုံးသပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ရင်းမှ ရဲမှူးမြင့်သိန်းက “ပြည်သူတွေ ပါဝင်လာတဲ့အခါမှ နယ်မြေအေးချမ်းဖို့ ဖြစ်လာမှာပေါ့။ ပြည်သူတွေဖက်ကလည်း ရဲလုပ်ငန်းတွေကို နားလည်ပြီး မှုခင်းဖြစ်တဲ့အခါ ၀ိုင်းဝန်းဖော်ထုတ်ပေးတာ၊ သတင်းပေးတာတွေရှိလာပြီဆိုရင် တို့လုပ်ငန်းတွေ အဆင်ပြေလာမှာပေါ့”ဟု ပြောကြားသည်။

ပြည်သူများအနေဖြင့် အမှုအခင်းတစ်ခုဖြစ်ပွားလျှင် ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း မျက်မြင်ဖြစ်ပါက တရားရုံးတွင် သက်သေလိုက်ရသည့်အတွက် အလုပ်အကိုင်ပျက်ကာ စိတ်ညစ်ရသည့်ဒုက္ခကို မခံစားလိုသဖြင့် ဘာသိဘာသာနေလိုက်ကြသည်များလည်း ရှိနေသည်။

ထိုမျှသာမက သတင်းပေးသူကိုပါ စစ်ဆေးသည့်သဘောမျိုးလည်း ရှိတတ်သောကြောင့် ပြည်သူအယောက် ၁၀၀ တွင် ၂၀ ဦးခန့်ကသာ ရဲနှင့်ဆက်သွယ်သတင်းပေးခြင်းမျိုး ပြုလုပ်ကြတော့သည်။

“သတင်းပေးတဲ့ပြည်သူကို တရားခံလိုမစစ်ဘဲ၊ စိတ်ညစ်အောင်မလုပ်ဘဲ သူဘာကြောင့် ဒီသတင်းပေးတယ်ဆိုတာ လေ့လာပြီး ကိုယ့်ဘာသာအမှုကို လိုက်ရမယ်။ ပြည်သူကို တရားရုံးကိုမခေါ်ဘဲ အလုပ်မပျက်စေဘဲ ဆက်ဆံရမယ်။ ဒါဆိုရဲနဲ့ပြည်သူ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိလာကြမယ်”ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးရဲစခန်းမှ ဒုရဲအုပ်ဝင်းမောင်ဦးကပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ဖျက်ရာတွင် ပြည်သူများအနေဖြင့်လည်း ရဲဝန်ထမ်းအား အကျင့်ဖျက်ခြင်းမျိုး မပြုလုပ်ရန်လိုအပ်ပြီး ရဲဝန်ထမ်းများကလည်း ငွေကြေးပေးမှအရေးယူပေးသည့်သဘောမျိုး မပြုလုပ်ရန် ရှောင်ရှားကြရမည်ဖြစ်သည်။

“နှစ်ဖက်စလုံးရိုးသားဖို့လိုတယ်။ လာဘ်ပေးတဲ့လူရှိနေသေးလို့ လာဘ်စားတဲ့လူရှိနေတယ်။ ပြည်သူတွေဘက်ကလည်း ဥပဒေအကြောင်းကို လေ့လာထားဖို့လိုတယ်။ ဒါမှလည်း ဥပဒေအရ ငါကျုးလွန်မိနေလို့ ဖမ်းပိုင်ခွင့်ရှိတာလား၊ ရဲကသက်သက်မဲ့ ငွေလာညှစ်တာလားပေါ့”ဟု မုံရွာမြို့မှ အလွတ်တန်းဓာတ်ပုံဆရာ ကိုအောင်နေမျိုးကပြောသည်။

“ဘယ်လောက်ပဲမှန်မှန် ၀န်ထမ်းကိုပိုက်ဆံပေးပြီး ဖျက်ဆီးတယ်။ သူ့ကိစ္စပြီးအောင် လုပ်တယ်။ သူက ဆိုင်ကယ်ဆီဖိုးလောက် ပေးတာအကြောင်း မရှိဘူး။ လာဘ်ထိုးတာတော့ မလုပ်သင့်ဘူး။ အဲဒါကိုဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူရမယ်”ဟု စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များအား လုံလောက်သောလစာနှင့် ကောင်းမွန်သောခံစားခွင့်များ ပေးမထားခြင်းကလည်း ခြစားမှုဖြစ်ရပ်ဆီသို့ တွန်းပို့နေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ လုပ်ပိုင်ခွင့်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်နှင့် ၎င်း၏မိသားစုအတွက် တရားဝင်ခံစားခွင့်များ ပေးအပ်ထားမှသာ ခြစားခြင်းကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်မည်ဖြစ်သည်။

“ဂုဏ်သိက္ခာရှိဖို့ဆိုတာ နိုင်ငံတော်ကလည်း ပံ့ပိုးပေးနိုင်ရမယ်။ ရာထူးပေးတာကအစပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဗိုလ်ကြီးတစ်ဦးက “ရဲတွေကို အပြည့်အ၀ ထောက်ပံ့ပေးရမယ်။ စာရွက်စာတမ်း၊ ရုံးပိုင်းဆိုင်ရာ လုပ်ပေးရမယ်။ အမှုတစ်ခုဖြစ်လို့သွားမယ်ဆိုရင် ဆိုင်ကယ်ဆီဖိုးကအစ နိုင်ငံတော်ကကုန်ကျခံပေးရမယ်”ဟု အကြံပြုသည်။

“ရဲကလစာနဲ့မလောက်ဘူး။ ငွေရတဲ့နေရာဆိုရင် လောက်တယ်။ မရရင်လောက်ဖို့အတွက် စဉ်းစားတဲ့အခါ ရိုးသားမှုမရှိတော့ဘူး။ ကျွန်တော့်လစာ ကိုးသောင်းပဲရတော့ မလောက်ဘူး”ဟု နယ်မှဒုရဲအုပ်တစ်ဦးကဆိုလာသည်။

ပြစ်မှုကျုးလွန်သူကို သတင်းပေးတိုင်ကြားရန်မှာ ပြည်သူဘက်မှတာဝန်ဖြစ်ပြီး ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်ရန်မှာ ရဲတပ်ဖွဲ့ဘက်မှ တာဝန်ပင်ဖြစ်သည်။ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပြီး အများပြည်သူသိရှိထားသည့် ၁၉၉ ဟူသည့်နံပါတ်ကို ရဲဘက်မှလက်ခံဖြေဆိုရန် လိုအပ်သလို ပြည်သူအချို့ကလည်း ဖုန်းဆက်နောက်ပြောင်ခြင်း မပြုလုပ်ကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ရဲလုပ်ငန်းကို ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခဲ့သည့် ၁၈၈၅ ခုနှစ်မှစ၍ အစတည်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ်သိရှိခဲ့ကြပြီး ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟု ရဲတပ်ဖွဲ့သမိုင်းကြောင်းအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့သို့ ၀င်ရောက်စဉ်ကတည်းက ငါတို့သည် တရားဥပဒေနှင့်အညီ တိတိကျကျမှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပါမည် အစရှိသည့် သစ္စာလေးချက်ကို ရွတ်ဆိုအဓိဋ္ဌာန်ပြုခဲ့ကြပြီးဖြစ်သည်။ ပြည်သူ့အကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသော တပ်ဖွဲ့ဖြစ်သည့် အစဉ်အလာကိုလည်း အစဉ်ထိန်းသိမ်းကြရမည် ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ စောင့်စည်းရမည့် ကျင့်ဝတ်များတွင် ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့်လည်း ချစ်ပါဟု ပါဝင်ပြီး ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းပြစွာပြောဆိုဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုကိုရယူခြင်း၊ ပြည်သူအတွက် တရားဥပဒေနှင့်အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူ၏သားပျို၊ သမီးပျိုနှင့် သားမယားတို့ကို စည်းစောင့်ခြင်း စသည်တို့ကိုလည်း ကျင့်ဝတ်အရ လက်ကိုင်ထားကြရမည်ဖြစ်သည်။

တာဝန်ကို ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း၊ ပြည်သူကိုညှဉ်းပန်းနှိပ်စက်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီမလုပ်ခြင်း၊ သက်သေခံရာတွင် မမှန်မကန် ထွက်ဆိုခြင်း၊ တရားခံကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အထက်မှပေးလိုက်သည့် အမိန့်နှင့်ညွှန်ကြားချက်များ အောက်ခြေအထိ မရောက်ခြင်း စသည်တို့မှာလည်း ရဲတပ်ဖွဲ့ဝင်များ ရှောင်ရမည့်အချက်များဖြစ်သည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင်များသည် အကျင့်ပျက်ခြစားမှုမကျုးလွန်မိစေရန် ထိန်းသိမ်းရမည်ဖြစ်သလို တရားခံများကိုလည်း ညှဉ်းပန်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ကုလသမဂ္ဂက အတည်ပြုထုတ်ပြန်ထားသည့် တားဆီးနှိမ်နင်းရေးအရာရှိများ လိုက်နာရမည့် ကျင့်ဝတ်တွင်လည်း -

အပိုဒ်(၅)- မည်သည့် တားဆီးနှိမ်နင်းရေးအရာရှိမဆို ညှဉ်းပန်းနှိပ်စက်ခြင်း(သို့မဟုတ်) အခြားရက်စက်မှုများ (သို့မဟုတ်) လူသားမဆန်မှုများ(သို့မဟုတ်) နှိမ့်ချဆက်ဆံမှု(သို့မဟုတ်)ဒဏ်ခတ်ခြင်းမပြုရ။

အပိုဒ်(၇)- တားဆီးနှိမ်နင်းရေးအရာရှိများသည် အကျင့်ပျက်ခြစားမှုတစ်စုံတစ်ရာကိုမျှ မကျုးလွန်ရ။ ထိုအပြုအမူအားလုံးကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်ရမည်ဟု ဖော်ပြပါရှိသည်။

အထက်ပါအချက်အလက်များနှင့် စောင့်စည်းရမည့် ကျင့်ဝတ်များကို ရဲတပ်ဖွဲ့ဝင်တိုင်းက အတိအကျ လိုက်နာကျင့်သုံးကြပါမှ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်ပြီး ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြည်သူက လိုလိုလားလား ပါဝင်ကူညီလာကြမည်ဖြစ်သည်။

“တရားဥပဒေစိုးမိုးမှုမှာ ရဲကမပါမဖြစ်ဆိုပေမယ့် အားကိုးမှု အပြည့်အ၀မရဘူး ဖြစ်နေတယ်။ တစ်ခုခုဖြစ်လာရင် ၁၉၉ ကို ဆက်ဆိုပေမယ့် အပြည့်အ၀ယုံကြည်မှု မရသေးပါဘူး”ဟု အစိုးရ၀န်ထမ်းအရာရှိတစ်ဦးက သုံးသပ်ပါသည်။

ထိုသို့ ရဲနှင့်ပြည်သူအကြားတွင် အပြန်အလှန်ယုံကြည်မှု ကင်းကွာနေသည့်ကိစ္စကို ဖြေရှင်းနိုင်ပြီး ပြည်သူက ယုံကြည်အားထားခံရသည့် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းလာမည်ဆိုလျှင် ရဲနှင့်ပြည်သူအကြား ပဋိပက္ခနှင့် အငြင်းပွားစရာများ ဖြစ်လာလိမ့်မည်မဟုတ်ပါ။

ရဲနှင့်ပြည်သူ ယုံကြည်မှုရှိရှိဖြင့် ညီညွတ်မှသာလျှင် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သည့် တရားဥပဒေစိုးမိုးမှုတစ်ရပ် ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။ ရဲဝန်ထမ်းများသည် ဒီမိုကရေစီခေတ်တွင် စိတ်သစ်၊ လူသစ်နှင့် အမူအကျင့်သစ်များ ပြောင်းလဲဆောင်ရွက်ရန် အချိန်တန်နေပြီဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ရင်းမှ ရဲမှူးမြင့်သိန်းက အောက်ပါအတိုင်းပြောပါသည်။

“ရဲနဲ့ပြည်သူ အပြန်အလှန်ယုံကြည်ကြမှ ကူညီပါရစေဆိုတာ လုပ်လို့ရမှာပေါ့”။ ။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

7Day News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis