menu

Wednesday 23 January 2013

လာမည့်ဘက်ဂျက်နှစ်တွင် ၀န်ထမ်းများကို လစာတိုးမပေးသေး

ရန်ကုန်၊ ဇန်န၀ါရီ - ၂၃

လာမည့် ဘတ်ဂျက်နှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် အစီမစဉ်မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာငွေစာရင်းတွင် ၀န်ထမ်းများအတွက် လစာတိုးပေးရန် အစီစဉ်ရှိ၊ မရှိ မေးမြန်းမှုကို ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

"၀န်ထမ်းတွေကို လစာတိုးပေးဖို့ အခုထက်ထိ ဘတ်ဂျက်ထဲမှာ မပါသေးပါဘူး။ နောက်လုပ်မယ့် အစီအစဉ်ကိုတော့ ကျွန်တော်လည်း မသိသေးဘူး။ လောလောဆယ်တော့ မပါသေးဘူး" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။



သို့သော် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း (ဘက်ဂျက်)မှာ ယခုလွှတ်တော်တွင် တင်ပြဆွေးနွေးအတည်ပြုခြင်း မလုပ်ရသေးပေ။ "မနှစ်က ဘတ်ဂျက်ရေးတော့ ဒီနှစ်မှာ လစာတိုးပေးမယ်လို့ ကတိပေးထားတာရှိပါတယ်။ အဲဒီကတိက အဲဒီတုန်းက ဘဏ္ဍာအခွန်ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးလှထွန်းကပဲပြောသလား၊ သမ္မတကပဲပြောသလားဆိုတာ ကျွန်တော်သေချာပြန်ကြည့်မယ်။ ကြည့်ပြီးရင် အစိုးရ၏ ကတိက၀တ်နှင့် အာမခံချက်များ စိစစ်ရေးကော်မတီကို တင်ပြမယ်။ ကတိပေးထားပြီးရင် လုပ်ပေးရမယ်လေ" ဟု ဦးရဲထွန်းက ပြောသည်။

အစိုးရ၀န်ထမ်းများအနေဖြင့် လက်ရှိကာလတွင် လစာလွန်စွာနည်းပါးခြင်း၊ ရုံးအသုံးစရိတ်နှင့် အခြားစရိတ်များ မလောက်ငှခြင်း၊ အရည်အချင်းအလိုက် ရာထူးတိုးတက်မှုမရှိဘဲ လာဘ်ငွေပေးနိုင်သူများသာ နေရာကောင်းရခြင်း၊ ရာထူးတိုးခြင်းများဖြစ်ပေါ်နေသဖြင့် ရိုးသားသော ၀န်ထမ်းအများစုမှာ စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်း ဦးရဲထွန်းက မေးခွန်းမေးမြန်းမှုတွင် ထည့်သွင်းပြောကြားသည်။

ဝန်ထမ်းများအား လစာစရိတ်တိုးပေးခြင်းသည် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် နှစ်မျိုးရှိသည့်အနက် ၀န်ထမ်းများအား လစာပေးခြင်းသည် သာမန်အသုံးစရိတ်မှသာ သုံးစွဲရသဖြင့် တင်ပြလာသော ဘတ်ဂျတ်စာရင်းတွင် ၀န်ထမ်းလစာတိုးပေးရန်ဟု သီးသန့်ထည့်သွင်းရန်မလိုကြောင်း၊ လစာများ တိုးမြှင့်ပေးမည်ဆိုပါကလည်း မလိုအပ်သော အသုံးစရိတ်များကို လျှော့ချသွားရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ဆိုသည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis