တစ်ဖက်နိုင်ငံ၏ လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ထားခဲ့ရသော မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပြီး ပုံမှန်အရောင်းအ၀ယ် ဖြစ်လာသည်ဟု နန်းဖာလုံဈေးသူဈေးသားများ၏ ပြောကြားချက်အရ သိရှိရပါသည်။
"ဟိုတလောက အိန္ဒိယနိုင်ငံ မိုးရေးမြို့ထဲမှာ ဗုံးပေါက်ခဲ့လို့
ဈေးနှစ်ရက်လောက် ပိတ်ခဲ့ရတယ်။ အခုတော့ ဈေးက ပြန်ဖွင့်ပါပြီ။ ဈေးဝယ်လာတဲ့
ကားတွေလည်း လာပါပြီ။ အရောင်းအ၀ယ်ကတော့ သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီနေ့
ငွေလဲနှုန်းက အိန္ဒိယငွေ တစ်ရူပီးကို မြန်မာငွေ (၁၅ ကျပ် ပြား ၄၀) ပါ" ဟု
နန်းဖာလုံဈေးမှ ဦးဝင်းသန်းက ဇန်န၀ါရီလ ၂၂ ရက်နေ့က ပြောကြားပါသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ နန်းဖာလုံဈေးသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ
ပြည်နယ်ခုနှစ်ခုမှ ဈေးဝယ်များကို အဓိကထား ရောင်းချသော ဈေးတစ်ခုဖြစ်သည်။
သို့သော်လည်း နှစ်နိုင်ငံနယ်စပ် နန်းဖာလုံဈေး ပတ်ဝန်းကျင်တွင်
ဗုံးပေါက်ကွဲမှု ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရှိရပါသည်။
"အရောင်းအ၀ယ်က ဒီနှစ် သိပ်မကောင်းဘူး။ အဓိက အခက်အခဲက လုံခြုံရေးပါ။ ဒီဈေးဝန်းကျင်မှာ
မတည်ငြိမ်မှုတွေ ခဏခဏဖြစ်တော့ ဈေးအရောင်းအ၀ယ် ကျလာတယ်။
ဒီနယ်စပ်ဝန်းကျင်မှာ လုံခြုံရေးကောင်းမယ်ဆိုရင်
ဈေးရောင်းဈေးဝယ်ကောင်းလာသလို နယ်စပ်ကုန်သွယ်မှုလည်း တိုးတက်လာမှာပါ။
ဒီနယ်စပ်က မြန်မာနိုင်ငံမှာရှိတဲ့ တခြားနယ်စပ်တွေထက် ဖွံ့ဖြိုးမှု
အနည်းဆုံးနယ်စပ်တစ်ခုပါ။ ဒါပေမယ့် မှောင်ခိုလမ်းကြောင်း ကောင်းတော့လည်း
တမူးမြို့ထဲမှာက တိုက်တွေ တစ်လုံးပြီးတစ်လုံး တိုးနေတာပေါ့။ တမူးမြို့
တိုးတက်တာ မှောင်ခိုလမ်းကြောင်း ကောင်းလို့ပါပဲ" ဟု ဈေးသည်တစ်ဦးကလည်း
ပြောကြားခဲ့ပါသည်။
နယ်စပ်လုံခြုံရေး ကိစ္စများ ဆွေးနွေးရန်အတွက်
အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး A.K. Antony သည် မြန်မာနိုင်ငံသို့
ဇန်န၀ါရီလ ၂၁ ရက် နေ့တွင် နှစ်ရက်ကြာခရီးအဖြစ် လာရောက်ခဲ့ကြောင်း
အိန္ဒိယနိုင်ငံ အွန်လိုင်းသတင်းများအရ သိရှိရသည်။ လက်နက်ကိုင်
သောင်းကျန်းသူများသည် နှစ်နိုင်ငံနယ်စပ်တွင် လှည့်လည်နေထိုင်လေ့ရှိသည်ဟု
သိရပြီး ကုန်သည်ကြီးများထံမှ ဆက်ကြေးကောက်ခံလေ့ ရှိသည်ဟုလည်း သိရသည်။
"မိုးရေးမြို့ထဲမှာက ကုန်သည်ကြီးတယ်ဆိုရင် ဆက်ကြေးပေးရတယ်။
ဆက်ကြေးမပေးနိုင်ရင် အလုပ်လုပ်ဖို့ မလွယ်ဘူး။ ကုန်သည်ကြီးတွေက ဒါ့ကြောင့်
ဒီနယ်စပ်ကို မလာကြဘူး။ တကယ်လုပ်နိုင်တဲ့ ကုန်သည်ကြီးတွေ လာနိုင်တယ်ဆိုရင်
ကုန်သွယ်ရေး တိုးတက်မှာပဲ။ ခုတော့ လုံခြုံရေးမကောင်းတော့ ဘယ်ကုန်သည်မှ
မလာဘူး။ နန်းဖာလုံဈေးထဲမှာ ဈေးဝယ်နေတုန်းတောင် သူတို့က ပေါ်တင်တောင်းကြတာ။
သူတို့ကိုလည်း မလွန်ဆန်ရဲဘူး" ဟု မိုးရေးမြို့တွင် နေထိုင်သူတစ်ဦးက
ဆိုသည်။
Eleven Media Group
No comments:
Post a Comment