menu

Saturday 5 January 2013

"ပုဂ္ဂလိက နေ့စဉ်သတင်းစာများထုတ်ဝေခွင့်ပြုမည့် အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နားလည်မှုလွဲနေသည့်အချက်များကို ပြန်ကြားရေး ဒု-၀န်ကြီး ရှင်းလင်းပြောကြား"

Photo: "ပုဂ္ဂလိက နေ့စဉ်သတင်းစာများထုတ်ဝေခွင့်ပြုမည့် အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နားလည်မှုလွဲနေသည့်အချက်များကို  ပြန်ကြားရေး ဒု-၀န်ကြီး ရှင်းလင်းပြောကြား"

ပုဂ္ဂလိက နေ့စဉ်သတင်းစာများထုတ်ဝေခွင့်ပြုမည့် အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နားလည်မှုလွဲနေသည့်အချက်များကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် ရှင်းလင်းရေးသားထားခြင်းကိုပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

"ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက နေ့စဉ်သတင်းစာများထုတ်ဝေမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၈ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဓိကအချက်ကတော့ 
နေ့စဉ်သတင်းစာထုတ်ဝေခွင့်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်လျှောက်ထားနိုင်ပြီး ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေခွင့်ရှိမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီသတင်း ကို 
စာနယ်ဇင်းသမားများက ကြိုဆိုကြပေမယ့် အချို့သူများအနေနဲ့ ထုတ်ဝေခွင့်ပြုမယ့်အခြေအနေ၊ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့သဘော၊ နားလည်မှုလွဲနေတဲ့သဘော 
ပြောဆိုနေတာတွေကိုလည်း သတိပြုမိပါတယ်။ ဒါ့ကြောင့် နားလည်မှုလွဲနေတဲ့အချက်များကို ရှင်းပြချင်ပါတယ်။

ပထမဆုံးအချက်ကတော့ ၀န်ကြီးဌာနက သတ်မှတ်ပေးတဲ့ ရက်များဟာ အစောဆုံးစတင်လျှောက်နိုင်တဲ့ ရက်စွဲ နဲ့ အစောဆုံးစတင်ထုတ်နိုင်တဲ့ ရက်များသာဖြစ်ပါတယ်။ ဒ့ါကြောင့် 
လျှောက်လွှာပိတ်တယ်ဆိုတာမရှိသလို ၂၀၁၃ ဧပြီလ ၁ ရက်နေ့မှာ အားလုံးတစ်ပြိုင်တည်းထုတ်ဝေရမယ်လို့လည်း မဆိုလိုပါဘူး။ မိမိလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေ အနေပေါ်မှာပဲ မူတည်ပါတယ်။

ဒုတိယအချက်ကတော့ ထုတ်ဝေခွင့်တွေကို ရွေးချယ်ပြီးပေးမှာလားဆိုတဲ့စိုးရိမ်မှုဖြစ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ အခုနောက်ပိုင်း ဂျာနယ်ထုတ်ဝေခွင့်တွေပေးတဲ့အခါ 
သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေအားလုံးကို ထုတ်ဝေခွင့်ပေးနေ သလိုပဲ သတင်းစာထုတ်ဝေခွင့်မှာလည်း သတ်မှတ်ထားတဲ့အချက်များနဲ့ကိုက်ညီသူအားလုံးဟာ ထုတ်ဝေခွင့်ရရှိမှာ ဖြစ်ပါ တယ်။ 

ဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကိုက ယူနက်စကိုအဖွဲ့က သတ်မှတ်ထားတဲ့ မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်းများထဲက တစ်ခု ဖြစ်တဲ့ Plurality and diversity of media ဖြစ်အောင်၊ ပြည်သူများအနေနဲ့ 
မတူညီတဲ့ သတင်းဌာနများကနေ သတင်း အချက်အလက်များကို ရရှိနိုင်အောင် ဖြစ်ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၁၀ ဒီဇင်ဘာလအတွင်း က ၀န်ကြီးဌာန အနေနဲ့ ပုံနှိပ်မီဒီယာဥပဒေတစ်ခု မူကြမ်းရေးဆွဲနိုင်ဖို့ စတင်လေ့လာဆောင်ရွက်နေချိန်မှာ မီဒီယာတစ်ခုက ချဉ်းကပ် ပြီး 
မီဒီယာဥပဒေမထွက်သေးပေမယ့်လည်း သူတို့နဲ့ နောက်တစ်ခုလောက်ကို နေ့စဉ်သတင်းစာထုတ်ခွင့်ပေးစေလို ကြောင်း၊ စာပေစိစစ်ရေးမူများနဲ့အညီရေးမှာဖြစ်ပြီး 
အစိုးရစိတ်မပူရအောင်တာဝန်ခံပါကြောင်း၊ နောင်ပြဋ္ဌာန်းမယ့် ပုံနှိပ် မီဒီယာ ဥပဒေမှာလည်း နေ့စဉ်သတင်းစာထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး မတည် ငွေရင်းသတ်မှတ်ခြင်း၊ အနည်းဆုံးပုံနှိပ်ထုတ်ဝေ 
ရမယ့် စောင်ရေသတ်မှတ်ခြင်းစတဲ့ ကန့်သတ်ချက်များထည့်သင့်ကြောင်း၊ ဒါမှ သတင်းစာများဖောင်းပွခြင်းကနေကာကွယ် နိုင်မှာဖြစ်ကြောင်း အကြံပြုခဲ့တာရှိပါတယ်။

ဒါပေမယ့် အဲဒီအကြံပြုချက်တွေဟာ မီဒီယာလက်ဝါးကြီးအုပ်မှုအခြေအနေကို တွန်းပို့ရာရောက်တဲ့အတွက် ၀န်ကြီးဌာနအနေနဲ့လက်မခံခဲ့ပါဘူး။ ဒါ့ကြောင့် နေ့စဉ်သတင်းစာထုတ်ဝေခွင့်ဟာ ၀န်ကြီး 
ဌာနရဲ့ ကြေညာချက်ပါ သတ်မှတ် ချက်များနဲ့ ကိုက်ညီသူတိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ ခွဲခြားဆက်ဆံ ဖို့ မရှိဘူးဆိုတာ နှစ်သက်ရာတိုင်းရင်းသားဘာသာ/ 
နိုင်ငံခြားဘာသာနဲ့ထုတ်ဝေခွင့်ပေးထားခြင်းကိုကြည့်ရင်မြင်နိုင် ပါတယ်။

တတိယအချက်ကတော့ ပုံနှိပ်စက်အပိုင်ရှိမှ ထုတ်ဝေခွင့်ရမှာလားဆိုတဲ့အချက်ဖြစ်ပါတယ်။ ပုံနှိပ်စက်အပိုင်ရှိသူ၊ လာမည့်ခြောက်လအတွင်းမှာ စက်ရောက်ရှိမယ့်သူတွေ အပြင် 
အခြားပုံနှိပ်တိုက်များကိုလည်း အသုံးပြုပြီးထုတ်ဝေနိုင်ပါ တယ်။ ဒါ့ကြောင့်လည်း လျှောက်လွှာမှာ ပုံနှိပ်စက်ရှိပြီးသားဖြစ်ရင် ပုံနှိပ်သူသက်သေခံမှတ်ပုံတင်မိတ္တူ ပဲ ပူးတွဲတင်ဖို့ ပါရှိ တာဖြစ်ပါတယ်။ 

ကိုယ်ပိုင်စက်ဖြစ်ရမယ်လို့မပါဝင်ပါဘူး။ ဒါကလည်း ၁၉၆၂ ခုနှစ်မတိုင်မီ သတင်းစာထုတ်ဝေမှုအခြေ အနေများကိုလေ့လာတဲ့အခါ အချို့သတင်းစာတိုက်များဟာ အခြားပုံနှိပ်တိုက်များမှာ 
အပ်နှံပြီးထုတ်ဝေတာကို လေ့လာ တွေ့ရှိရတဲ့အတွက် ငွေများများရှိတဲ့သူ တွေပဲ သတင်းစာထုတ်နိုင်တယ်ဆိုတာမျိုးမဖြစ်အောင် အခြားပုံနှိပ်တိုက်များကိုလည်း အသုံးပြု လျှောက် 
ထားနိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာနယ်ဇင်း ကျင့်ဝတ်၊ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း၊ သတင်းစာတိုက်၏ အခြေခံလုပ်ဆောင်မှု 
စာအုပ်အတိုင်း ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေက လိုက်လုပ်ရမှာလားဆိုတဲ့အချက်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီစာအုပ်ဟာ ဒီကနေ့ 
အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့ New Light of Myanmar သတင်းစာသုံးစောင်အနေနဲ့ 
အဲဒီကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်သွားမယ် ဆိုပြီး အသိပေးတာဖြစ်ပါတယ်။ ဒါမှလည်း နောင် အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ် ရောက်ရှိသွားချိန်မှာ စာဖတ် 
ပရိသတ်များအနေနဲ့ အဲဒီသတင်းစာများရဲ့လုပ်ဆောင်ချက်များကို ဘယ်လိုစံနှုန်းတွေနဲ့ အကဲဖြတ်ရမယ်ဆိုတာ သိရှိမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက သတင်းစာများအနေနဲ့တော့ မိမိတို့ တိုက်အလိုက် 
စံနှုန်းတွေ၊ ကျင့်ဝတ်တွေ သီးခြားရေးဆွဲပြီး လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှုသတင်းစာနဲ့ ပုဂ္ဂလိကသတင်းစာများမှာ 
လုပ်ငန်းသဘောသဘာဝကွဲပြားတာတွေရှိနေတဲ့အတွက် ထပ်တူမဖြစ်နိုင်ပါဘူး။

မီဒီယာများပေါ်က လေ့လာမိသလောက် မရှင်းလင်းဘူးလို့ ထင်မိတဲ့အချက်များကို ရှင်းပြတာပါ။ ထပ်မံစုံစမ်း လိုတဲ့အချက်များရှိရင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနဲ့ 
စာအုပ်ထုတ်ဝေရေးလုပ်ငန်းထံကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်"

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis