menu

Saturday 5 January 2013

တက္ကသိုလ်ဝင်တန်း ရမှတ်ကောင်းသူများ ဆေးတက္ကသိုလ်ကိုသာ ဦးစားပေးဆဲ

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရလဒ်အကောင်းဆုံး ရရှိကြသော ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေးရွေးချယ်မှုကို ဆေးတက္ကသိုလ်များက ရရှိနေသည်။ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်မှုသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်တွင် မူတည်နေခြင်းကြောင့် အမှတ်အများဆုံး ရရှိသူများကသာ ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိနေသည်။
ဆေးတက္ကသိုလ်တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ဝါသနာအ လျောက် ရွေးချယ်ကြသလို မိဘအုပ်ထိန်းသူများ၏ တိုက်တွန်းမှု၊ လူအများကြား ရေပန်းစားမှု၊ ဂုဏ်ရှိ သည်ဟူသော အမြင်သဘောထားများ၊ အခြေခံပညာပြီးဆုံးချိန်တွင် မိမိဝါသနာစိတ်ဝင်စားသော ဘာသာရပ်ကို မဆုံးဖြတ်နိုင်ခြင်း စသည့်ပတ်ဝန်းကျင်စေ့ဆော်မှုများကလည်း အဓိကအခန်းကဏ္ဍ တွင် ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်လေးခု ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁) သည် ကျောင်းသား၊ ကျောင်းသူ ၄၃ဝ ဦး၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) သည် ကျောင်းသား၊ ကျောင်းသူ ၃၆ဝ ဦး၊ မန္တလေးဆေးတက္ကသိုလ်သည် ကျောင်းသား၊ ကျောင်းသူ ၂၇၉ ဦးနှင့် မကွေး ဆေးတက္ကသိုလ်သည် ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးကို ယခုနှစ်ကျောင်းဝင်ခွင့်ပြုထားသည်။
ယခုနှစ်သည် ဆေးကျောင်းသား၊ ဆေးကျောင်းသူများ၏ အရည်အသွေးကို ထိန်းချုပ်ရန် လိုအပ်လာပြီ ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျောင်းဝင်ခွင့်ကို ယခင်နှစ်ထက် ထက်ဝက်လျှော့ချလိုက်သော နှစ်ဖြစ် သည်။ လက်ခံသင်ကြားနိုင်သော ပမာဏထက်ပို၍ ကျောင်းသား၊ ကျောင်းသူ လက်ခံထားခြင်း၊ ဆရာ၊ ကျောင်းသားအချိုးကွာဟချက် ကြီးမားနေခြင်းနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်ရှိခြင်းသည် ဆေးပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးကို နိမ့်ကျသွားစေခဲ့သည်။
"ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်လောက်ကစပြီး အရည်အသွေးပြန်ထိန်းချုပ်လိုက်ရတယ်။ ကျောင်းသားတွေရဲ့ အရည်အချင်းကို ပြန်သုံးသပ်တဲ့အခါမှာ အရည်အသွေးထိန်းဖို့ လိုတယ်လို့ သုံးသပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုအသက်မွေးဝမ်းကျောင်း တက္ကသိုလ်မှာ ကျောင်းသားတွေအများကြီးကို လေ့ကျင့်သင်ကြားပေးလို့မရဘူး။ ၂၄ဝဝ ခေါ်တုန်းက ကျောင်းတစ်ကျောင်းမှာ ၇ဝဝ၊ ၈ဝဝ ပတ်ဝန်း ကျင်နဲ့ သင်တော့ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမအချိုးက လုံးဝမမျှဘူး။ နောက်တစ်ခုက စာသင်ခန်း အရေအတွက်မမျှဘူး။ ဒါကြောင့် အရည်အသွေးထိန်းချုပ်မှုကနေ ဒီနှစ်ကျောင်းသား ၁၂ဝဝ ထိ လျှော့ချလိုက်တယ်" ဟု ဆေးသိပ္ပံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆေးတက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု ရုတ်တရက်လျော့ကျသွားမှုသည် တက္ကသိုလ်ဝင် စာမေးပွဲရမှတ် မြင့်မားရေးအတွက် အပြင်းအထန် လုံးပန်းခဲ့ကြပြီး ဆေးပညာသင်ယူခွင့်ရရှိရန် မျှော်လင့်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများကို စိတ်ညစ်ညူးစေခဲ့ သည်။
ကျောင်းသားလက်ခံမှု သိသိသာသာ လျှော့ချလိုက်ခြင်းကြောင့် ဆေးပညာသင်ယူလေ့လာကြမည့် ကျောင်းသားများ၏ အရည်အသွေးကို မြှင့်တင်နိုင်မည်လား၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အများပြည်သူများ၏ ယုံကြည်ကိုးစားမှု ပြန်လည်ရယူနိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေ သည်။
"အရင်ကနဲ့ မတူတော့ဘူး။ ဆရာဝန်ဆိုတာကို ရိုသေလေးစားပြီးနားလည်ခွင့်လွှတ်ကြတယ်။ အခု တော့ အတိုက်အခိုက်များလာတယ်။ အဲဒီအတွက်တော့ စိတ်ပျက်မိတယ်။ ဆေးကျောင်းတက်ဖို့ ရွေးတုန်းကတော့ ကိုယ်ရတဲ့ အမှတ်နဲ့ ဘာတက်စရာရှိလဲပေါ့။ အခြားလည်း ရွေးစရာမရှိတော့ အခြေ အနေအရ တက်ရင်းနဲ့တော့ စိတ်ဝင်စားလာပါတယ်" ဟု ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် နောက် ဆုံးနှစ် အပိုင်း (၁) ပြီးဆုံးထားသော မသဲစုကပြောသည်။
အခြားတက္ကသိုလ်များနည်းတူ ဆေးတက္ကသိုလ်များတွင်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်း သူများသည်လည်း ကျောင်းစာသင်ခန်းများသာမက ကျောင်းပြင်ပတွင်လည်း ဆေးပညာသင်ယူနေကြ ရသည်။ ဆေးကျောင်းသား၊ ကျောင်းသူတစ်ဦး၏တစ်လကျူရှင်စရိတ်သည် ကျပ်ခြောက်သောင်း၊ ခုနှစ်သောင်းမှ သိန်းဂဏန်းအထိ ကုန်ကျနေပြီး ခြောက်နှစ်ကြာမည့် ပညာသင်စရိတ်ဝန်ကို ထမ်းထား ကြရသည်။
အခြားတက္ကသိုလ်များနှင့် နှိုင်းယှဉ်လျှင် ပညာသင်ကာလ ကြာမြင့်သလို ပညာသင်စရိတ်ကြီးမြင့်သော ဆေးတက္ကသိုလ်တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပြီးချိန်တွင် လက်ထောက်ဆရာဝန်ရာထူးနေရာအတွက် စောင့်ဆိုင်းမှုများ ရှိနေခဲ့ပြီး လစာဝင်ငွေကလည်း စိန်ခေါ် မှုတစ်ခု ဖြစ်လာသည်။
"ညီမက ၂ နှစ်နီးပါးလောက်စောင့်လိုက်ရတယ်။ ညီမတို့ ရှေ့တစ်နှစ်က အစ်မတွေဆို သုံးနှစ်နီးပါး စောင့်လိုက်ရတယ်။ အဲဒီတုန်းက ငါးရာပဲခေါ်တယ်။ အခု ၁၅ဝဝ ခေါ်တော့ ရေးဖြေအောင်လို့ ဖောင်ကြီးသင်တန်း ရောက်နေတာပါ။ အပြင်မှာ လုပ်ရင်တော့ ပိုက်ဆံပိုရမှာပါ။ ဒါပေမယ့် ဂုဏ်ထူး တန်းတက်ချင်လို့ ဝန်ထမ်းလျှောက်လိုက်တာပါ။ ဆရာဝန်ဘွဲ့ရထားပြီးမှတော့ ဆေးကုချင်တယ်။ အခုခံစားနေရတာကတော့ ဆရာဝန်တွေက Role သိပ်မရှိတော့သလို ဖြစ်နေတယ်။ လူတွေစိတ်ထဲမှာ ဆရာဝန်တွေကို တန်ရာတန်ကျေးပေးပြီး ဆက်ဆံတယ်ဆိုတာမျိုး ဖြစ်နေတယ်။ လူ့အသက်ကို ကယ်တယ်ဆိုတာမျိုး မမြင်ကြတော့သလိုဘဲ" ဟု လက်ထောက်ဆရာဝန် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေသော မထားထားကပြောသည်။
လက်ထောက်ဆရာဝန် ရာထူးတာဝန်အတွက် လစာငွေနည်းပါးခြင်းနှင့် မြို့ပြနှင့် ဝေးလံသောဒေသ များသို့ သွားရောက်တာဝန် မထမ်းဆောင်လိုသူများပြားလာခြင်းက ယခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသမှ ကျောင်းသားများအတွက် သီးခြား ဆေးတက္ကသိုလ်ဝင်ခွင့် အစီအစဉ် ဖြစ်ပေါ်စေခဲ့သည်။
ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ရအားလုံးကို အစိုးရမှ တာဝန်ချထားပေးနိုင်မှု မရှိခြင်း၊ လစာငွေ ဆွဲဆောင်မှု မရှိခြင်းတို့က ဆေးပညာဘွဲ့ရများအား ပြည်တွင်း၊ ပြည်ပ အင်န်ဂျီအိုအဖွဲ့အစည်းများ၊ ဆေးဝါးအရောင်းကုမ္ပဏီများကဲ့သို့ အခြားအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များသို့ ရောက်ရှိ သွားစေခဲ့သည်။
"ညီမချစ်သူကတော့ လက်ထောက်ဆရာဝန်ရာထူးအတွက် ရေးဖြေအောင်တယ်။ ဒါပေမဲ့ အင်န်ဂျီအို တစ်ခုမှာပဲ ဝင်လုပ်ဖြစ်တယ်။ လစာက စကားပြောတယ်လေ။ အင်န်ဂျီအိုက တစ်လ ကျပ်လေးသိန်း၊ ငါးသိန်းတော့ရတယ်" ဟု မထားထားက ပြောသည်။
ဆေးကျောင်းတက်ပြီး ဆရာဝန်ဘွဲ့ရထားပါက ဂုဏ်ရှိသည်။ ဝင်ငွေကောင်းသည်ဟူသော တစ်ချိန်က ထင်မြင်သတ်မှတ်ချက်များက လက်ရှိခေတ်ကာလ အခြေအနေနှင့် အပြောင်းအလဲ သက်ရောက်မှု ရှိနေပြီ ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်မြင့်မြင့်ဖြင့် အောင်မြင်ရန် ကြိုးပမ်းနေသော ကျောင်းသား၊ ကျောင်း သူများအနေဖြင့် ယခင်စံချိန်စံနှုန်းများကို အခြေခံ၍ ဆေးတက္ကသိုလ်ကို ဦးစားပေးရွေးချယ်မည်လား၊ အခြားပွင့်လန်းလာသော အခွင့်အလမ်းသစ်နှင့် ဘာသာရပ်များကို ထည့်သွင်းစဉ်းစားမည်လားဆိုတာ ကို ကိုယ်တိုင်ဆုံးဖြတ်ရမည် ဖြစ်သည်။
"အခုခေတ်က ရွေးချယ်စရာတွေပိုများလာပါတယ်။ ကိုယ်တိုင် တကယ်ဝါသနာပါလား။ တကယ်လုပ် ချင်တာလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ညီမတို့ခေတ်တုန်းက အခုလောက်ရွေးချယ်စရာ မရှိဘူး လေ။ ဆယ်တန်းပြီးတဲ့အရွယ်ကလည်း ကိုယ့်ရဲ့ရွေးချယ်မှုကမှန်၊ မမှန်ကို ဆုံးဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်" ဟု မသဲစုက ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သော ပြည်သူလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆရာဝန်များအား ပိုက်ဆံများ များရှာလိုပါက ဆရာဝန်မလုပ်ရန်နှင့် ဆရာဝန်တစ်ဦးဖြစ်လာပါက ပိုက်ဆံများများရှာ၍ မဖြစ်နိုင် ကြောင်း အကြံပြုသုံးသပ်ခဲ့သည်။
7 DAY NEWS Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis