menu

Saturday 5 January 2013

တပ်မတော်သားများကိုယ်စားပြောကြားလိုပါတယ်

ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို စာရေးဖို့ဝါသနာပါသူလဲမဟုတ်ပါဘူး။ ဒါပေမယ့် ယခု ကချင်ပြည်နယ် အတွင်း တိုက်ပွဲများတိုးမြှင့်ဖြစ်ပွားလာနေမှုနဲ့ပတ်သက်ပြီး မီဒီယာလောကသားတဖြစ်လဲ နိုင်ငံရေး အသွေး အရောင် ပါသူများ၊ အထူးသဖြင့် ယခင်ခေတ်အဆက်ဆက်အစိုးရအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်သူများ၊ မီဒီယာရဲ့ ကျင့်ဝတ်သိက္ခာဖြစ်တဲ့ ဘက်လိုက်ရေးသားမှုမပြုရန်ဆိုတဲ့အချက်ကိုဖီလာဆန့်ကျင်နေတဲ့ မီဒီယာနဲ့ မီဒီယာ သမားအချို့ရဲ့ရေးသားဖော်ပြမှု ပြောကြားမှုတွေဟာ သိပ်ကိုအန္တရာယ်များလာတယ်လို့ယူဆတဲ့ အတွက်ရယ်၊ တပ်မတော် သားများနဲ့မိသားစုတွေအပေါ် ပြည်သူတစ်ရပ်လုံးက အထင်အမြင်မလွဲမှားစေချင် တာရယ်ကြောင့် ရယ်၊ တပ်မတော်သားမိသားစုများရဲ့ခံစားချက်ကို ကိုယ်စားဖွင့်ဟလိုတာကြောင့် ယခုလိုစာရေး ဖြစ်ခဲ့ပါတယ်။


ကျွန်တော်ဟာ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးစီးအရာရှိတစ်ဦးပါ။ မကြာခင်က တပ်မှူး တစ်ဦး အဖြစ်နဲ့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ဒါကိုဘာကြောင့်ပြောနေရသလဲဆိုရင် အခြေ အမြစ်မဲ့ (သို့မဟုတ်)အမြင်တစ်ဖက်နဲ့မှန်းဆပြီး သုံးသပ်နေခြင်းမဟုတ်ပါဘူးဆိုတာသိစေချင်လို့ပါ။

မကြာသေးခင်ကာလတွေအတွင်းက ကချင်ပြည်နယ်အနှံ့အပြားမှာ တပ်မတော်သား အရာရှိ/စစ်သည် အများ အပြား ကေအိုင်အေ ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရပါတယ်။ တစ်ရက်ထဲ လေးငါးဆယ်ရှိခဲ့ပါတယ်။ စစ်သားအိုကြီး တစ်ယောက်က ဘာပြောလဲဆိုတော့ '' ငါတို့ခေတ်က မာလှပါပြီဆိုတဲ့ ဗကပစခန်းကိုတိုက်ပြီးသိမ်းခဲ့တာ တစ်ရက်ထဲ/ တစ်ပွဲထဲ ဒီလောက်မကျဖူးဘူးဟု''ပြောပါတယ်။ ကျွန်တော်က နိုင်ငံတော်သမ္မတရဲ့ညွှန်ကြားချက် အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကထုတ်ထားတဲ့ညွှန်ကြားချက်တွေကို ရှင်းပြခဲ့ပါတယ်။
''တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အထင်အမြင် လွဲမှားစေမည့် (သို့မဟုတ်) အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး တည် ဆောက် နေ မှုအား အဟန့်အတားဖြစ်စေမည့် ရှင်းလင်း ချီတက်မှုများမပြုလုပ်ရ''၊ ''အထင်အမြင် လွဲမှား စေနိုင် သည့် နယ်မြေရှင်းလင်းခြင်း၊ သေနတ်ပစ်ဖောက်ခြင်းမပြုရ''၊ ''မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ စတင် ၍ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ'' စသည့်ညွှန်ကြားချက်များကို တစ်နိုင်ငံလုံးရှိ စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေတဲ့ တပ်များကို ညွှန်ကြားခဲ့ပါတယ်။

အဲဒီညွှန်ကြားချက် များအတိုင်း လိုက်နာခဲ့ရ ပါတယ်။ မလိုက်နာလို့မရပါဘူး။ ဒါဟာညွှန်ကြားချက် အမိန့်ဖြစ်ပါတယ်။ သို့သော်လည်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းများ အနေနဲ့ လစဉ်လစာပေးအဖွဲ့သွားရောက်ခြင်း၊ ရိက္ခာ ထုတ်ခြင်း၊ သင်တန်းတက်၊ ကျန်းမာရေးမကောင်း စသည်ဖြင့် တပ်ရင်းဌာနချုပ်ကို အသွားအပြန် လုပ်ရတဲ့ ကိစ္စရပ်တွေရှိပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာ ကေအိုင်အေ က အဝေးထိန်းကြီးကြပ်မိုင်းဖောက်ခွဲပြီး ချုံခိုတိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားချက်အမိန့်ဖြစ်တဲ့ ''မိမိကိုယ်မိမိခုံခံကာကွယ်ရုံမှအပ စတင်၍ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ''ဆိုတဲ့အမိန့်အရအမြဲတမ်း ခံရပါတယ်။ တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာမှ စတင်ပြီးချိန်ရွယ်ပစ်ခတ်ရသူ(သို့မဟုတ်)စတင်ပစ်ခတ်နိုင်သူက သေချာစွာ ချိန်ရွယ် ပစ်ခတ်ခြင်းဖြစ်တဲ့အတွက် တစ်ပန်းသာပါတယ်။

အဲဒီအပေါ်မှာကေအိုင်အေ က အခွင့်ကောင်းယူပြီး ပထမ အုပ်ချုပ်မှုကိစ္စတွေအတွက်သွားလာနေတဲ့ တပ်မတော် စစ်ကြောင်း ငယ်တွေကို ချုံခိုတိုက်တယ်။ နောက်ပိုင်း ရှေ့တန်းစခန်းငယ်တွေကို အင်အားသုံးတိုက်တယ်။ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ ရထားလမ်း၊ တံတားများနဲ့ ခရီးသည် ယာဉ်တွေကို မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်တယ်။ နောက်ဆုံးမိုးကုတ်မြို့ဝန်းကျင်နဲ့ ရဲစခန်းပါ မကျန် အခွင့်ကောင်းယူအမြတ်ထုတ်တိုက်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကချင်ပြည်နယ် မှာ အသက်ပေါင်းရာနှင့်ချီစတေးပြီး သည်းခံခွင့်လွှတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အဆုံးစွန်သော စွန့်လွှတ် ခြင်း နဲ့ စတေးခဲ့ရပါတယ်။
အထက်မှာ ပြောခဲ့တဲ့ စစ်တပ်အပေါ် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မျှမျှတတမကြည့်တဲ့ ပုဂ္ဂိုလ်ရေး နာကျည်း ခဲ့သူ များက နိုင်ငံရေးသမားယောင်ယောင်နဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် လွန်စွာမှစေတနာရှိသော၊ အမျိုးကို လွန်စွာမှ ချစ်တတ်သော၊ တိုင်းပြည်ကြီးအေးချမ်းရေးအတွက် မဆုတ် မနစ် ကိုယ်ကျိုးစွန့်နေသော ပုဂ္ဂိုလ်များ အဖြစ် အသံကောင်းဟစ်နေတာတွေ့ရပါတယ်။ ပါးစပ်နဲ့အသံကောင်းဟစ်တာကလွယ်ပါတယ်၊ နိုင်ငံနဲ့ တိုင်းရင်း သား လူမျိုးတွေအတွက် လက်တွေ့ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲလို့ ကိုယ့်ဘာသာပြန်မေးကြည့်ပါအုံး။ ငြိမ်းချမ်း ရေး အတွက် အထက် ကပေးထားတဲ့အမိန့်ညွှန်ကြားချက်ကို အသက်နဲ့စတေးပြီး လိုက်နာခဲ့တဲ့ ကျွန်တော်တို့ အရာရှိ စစ်သည်များကိုယ်စား၊ သူတို့ရဲ့ဇနီးမယား၊ သားသမီး၊ မိဘတွေ့ရဲ့ကိုယ်စား ကျွန်တော့် အ နေနဲ့ အဲဒီပုဂ္ဂိုလ်များ ကို ပြောလိုတာကတော့ အသက်နဲ့ခန္ဓာကိုယ်ရင်းပြီး စစ်တိုက်နေရတဲ့ ကျွန်တော်တို့ စစ်သားတွေက ခင်ဗျားတို့ထက် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာပါပဲ။ ငြိမ်းချမ်းရေး အလိုလားဆုံးက စစ်သားပါပဲလို့ တပ်မတော်သားများ ကိုယ်စားပြောလိုပါတယ်။

Oppositeyes

  Myawady News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis