menu

Monday 22 October 2012

အ၀တ်အထည်အောက်မှ . . . လူ( မောင်တင်ဦး (မြောင်းမြ))




thn-10-21-1
နိဒါန်း
အ၀တ်အထည်တွေနဲ့ ဖုံးလွှမ်းထားတဲ့လူမှာ သူရဲ့မူလဗီဇစိတ်ရင်းတွေရှိနေပါတယ်။ ပြည်သူတွေက သူ့ရဲ့ဗီဇစိတ်ရင်းကိုမြင်အောင် ကြည့်ကြရပါမယ်။ ထို့အတူ ပွင့်လင်းရိုးသားသူတစ်ယောက်အနေနဲ့ သူ့ရဲ့ ဗီဇစိတ်ရင်းကိုပြည်သူတွေမြင်အောင် မကွယ်မ၀ှက် ထင်သာမြင်သာဖြစ်အောင် ပြရပါမယ်
အရေပြား
လူဆိုတာ ရုပ်နဲ့စိတ်နှစ်ခုပေါင်းစပ်ပြီး အဆင့်မြင့်သတ္တ၀ါအမျိုးအနွယ် ဖြစ်ပါတယ်။ ရုပ်ကစိတ်ရဲ့ အလိုရှိရာကို ဆောင်ရွက်ပေးတဲ့ စိတ်ရဲ့ကိရိ ယာဖြစ်ပါတယ်။ ဒါကြောင့်ရုပ်ကြည့် ဆုံးဖြတ်ရုံနဲ့ မလုံလောက်ပါဘူး။
စိတ်ကိုမြင်အောင် ကြည့်ကြရပါမယ်။
ရုပ်ရဲ့သဘောကိုက အ၀တ်အစားမ၀တ်ထားသည့်တိုင် အရေပြားတစ်လွှာနဲ့ ကာရံခြုံလွှမ်းထားပြီး ပကတိရုပ်ကိုမြင်ခွင့်ပေးမထားပါဘူး။

ယနေ့ မျက်မှောက်ခေတ်က အရေပြားရဲ့ အရေးပါမှုကို ပိုလို့သိလာသလို၊ ပိုလို့အလေးထားလာပါတယ်။ လိမ်းဆေးတွေ၊အသားလှဆီတွေ၊ လိုးရှင်းတွေ ဖောဖောသီသီ လိမ်းကျံပြီး အရေပြားအလှကို ဦးစားပေးလာကြပါတယ်။ အရေပြားနဲ့ ဖုံးအုပ်ထားတဲ့ ရုပ်ကို မကျေနပ်ကြသေးတဲ့ လူသားတွေဟာ အရေပြားပေါ်က နောက်ထပ် ခြုံလွှမ်းစရာ တီထွင်ကြံဆလာကြပါတယ်။
အ၀တ်အထည်
အဲဒီ ခြုံလွှမ်းထားတဲ့အရာကို လူတွေက အ၀တ်အထည်လို့ ယေဘုယျခေါ်ဝေါ် သုံးစွဲကြပါတယ်။ အဲ့ဒီ အ၀တ်အထည်ကနေ တစ်ဆင့်တက်ပြီး အင်္ကျီ၊ဘောင်းဘီ၊ထမီ၊ပုဆိုးဆိုတဲ့ အမည်နဲ့ နိစ္စဓူ၀၀တ်ဆင်ရတဲ့ အ၀တ်အထည်တွေ ဖြစ်ထွန်းလာပါတယ်။
ရာသီဥတုဒဏ်ခံနိုင်ဖို့ အရှက်လုံဖို့ဆိုတဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ ၀တ်ဆင်လာကြပါတယ်။ သည်လိုနဲ့ ရှေးနှစ်သန်းပေါင်းများစွာက ရုပ်ကြမ်းကြီးနဲ့လူသားတွေက ခုခေတ်မှာ လှပနုနယ်ချောမောတဲ့ လူသားတွေအဖြစ် ပြုပြင်တိုးတက် ပြောင်းလဲလာပါတယ်။ ရုပ်တွေပြောင်းလဲလာပါတယ်။ နောက်တစ်ဆင့်တက်ပြီး ပကတိရုပ်တွေကို အ၀တ်အထည်တွေနဲ့ ဖုံးအုပ်ရင်း တစ်မျိုးတီထွင်လာကြပါတယ်။
လူမျိုး၊ ဘာသာ
မြန်မာလူမျိုးဟာ တိုက်ပုံဝတ်ရပါမယ်။ တရုတ်လူမျိုးက တရုတ်အင်္ကျီ ပွပွ ၀တ်ရပါမယ်။ အိန္ဒိယလူမျိုးက ဆာရီလို အ၀တ်ပိုင်းနဲ့ ခေါင်းပေါင်းနဲ့ ၀တ်ရပါမယ်။သည်လိုနဲ့ အ၀တ်အထည်ဟာ လူမျိုးရဲ့ အသုံးအဆောင်အဆင့် ဖြစ်လာပါတယ်။ ကိုယ့်ဒေသနဲ့ လိုက်ဖက်သင့်တော်တဲ့အ၀တ်တွေဝတ်ရင်း အ၀တ်အထည်က လူမျိုးဖြစ်ခြင်းရဲ့ သင်္ကေတဖြစ်လာပါတယ်။ဘာသာရေးအရလည်း ဗုဒ္ဓဘာသာဝင် ဘုန်းကြီးဝတ်ရုံ (စုံ)၊ အစ္စလာမ်ဘာသာဝင် ဗလီဆရာဝတ်ရုံ (စုံ)၊ ခရစ်ယာန်ဘာသာဝင်သင်းအုပ် ဆရာဝတ်ရုံ (စုံ)၊ ဟိန္ဒူဘာသာဝင်ဆာဒူးကြီးဝတ်ရုံ (စုံ)ရယ်လို့ သီးသန့်ဝတ်စုံတွေ ပေါ်လာပါတယ်။
အဆင့်အတန်း
တိုက်ပုံဝတ်ထားတဲ့လူကို လူကြီးလူကောင်းလို့ ယေဘုယျ သတ်မှတ်ကြပါတယ်။ ကော်လံကတုံးနဲ့ဆို ပိုလို့လေးစားအပ်တဲ့ ပုဂ္ဂိုလ်အဖြစ် မြင်တတ်ကြပါတယ်။ ခေါင်းပေါင်းနဲ့ဆို ပြောဖွယ်ရာမရှိတော့ပါဘူး။ အလိုလို ကြည်ညိုစိတ်တွေ ပေါ်လာပါတယ်။ အဲ့ဒီဝတ်စုံတွေကိုမှ ရာထူးအဆင့်အတန်း ခွဲခြားနိုင်ဖို့ အရောင်တွေ သတ်မှတ်ကြပြန်ပါတယ်။ ထမီ အနီဝတ် သူနာပြု၊ အစိမ်းဝတ် သူနာပြု၊ အပြာဝတ် သူနာပြုရယ် ရာထူးအလိုက် ခွဲခြားဝတ်ဆင်ကြပြန်ပါတယ်။
အဖွဲ့အစည်း
သည်လိုနဲ့ ကိုယ့်အဖွဲ့အစည်းကလူ၊ သူ့အဖွဲ့အစည်းကလူဆိုပြီး ခွဲခြားသိမြင်နိုင်ဖို့၊ အ၀တ်အထည်ကို ၀တ်စုံ၊ အဖွဲ့အစည်းရဲ့ ၀တ်စုံယူနီဖောင်းအဖြစ် ချဲ့ထွင်ဝတ်ဆင်လာကြပါတယ်။အာဆင်နယ်အသင်းက၀တ်တဲ့ ယူနီဖောင်း၊ မန်ချက်စတာယူနိုက်တက်က၀တ်တဲ့ ယူနီဖောင်း၊ ချယ်လ်ဆီးအသင်းက၀တ်တဲ့ ယူနီဖောင်း ဆိုပြီး သီးသီးသန့်သန့် ပေါ်ထွက်လာပါတယ်။
ထို့အတူ ကုမ္ပဏီတွေကလည်း သူ့ဝန်ထမ်းကို သူတို့သတ်မှတ်ပေးတဲ့ ယူနီဖောင်းနဲ့ လုပ်ငန်းခွင်ဝင်စေ ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်က ယူနီဖောင်း၊ကမ္ဘောဇဘဏ်ကယူနီဖောင်း၊ MAI ယူနီဖောင်း၊ အကောက်ခွန်က ယူနီဖောင်း . . .
ထို့အတူ ကြက်ခြေနီတပ်ဖွဲ့က ယူနီဖောင်း၊ ရဲတပ်ဖွဲ့က ယူနီဖောင်း၊ ရေတပ်မတော်က ယူနီဖောင်း၊ လေ တပ်မတော်က ယူနီဖောင်း၊ ကြည်း တပ်မတော်က ယူနီဖောင်း ခန့်ခန့် ညားညား သီးသီးသန့်သန့်ထားရှိ ၀တ်ဆင်ကြပါတယ်။ဘယ်လို ယူနီဖောင်းတွေဝတ်ဝတ် သူတို့ဟာ လူတွေပဲဖြစ်သလို လူလိုပဲ စိတ်ရင်းတွေရှိကြပါတယ်။ယူနီဖောင်းဝတ်ရုံနဲ့ စိတ်မပြောင်းနိုင်ပါဘူး။ ထို့အတူ ယူနီဖောင်းချွတ်ရုံနဲ့လည်း စိတ်မပြောင်းနိုင်ပါဘူး။ စိတ်ရင်းကောင်းရှိသူက စိတ်ရင်းကောင်းရှိနေမှာပါ။နဂိုဗီဇကိုယ်နှိုက်က ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေတတ် သူက ဘယ်လောက်ကြီးကျယ်ခက်ခဲတဲ့အလုပ်ပဲဖြစ်ပါစေ။ သူ့ဗီဇအတိုင်း ရယ်ရယ်မောမောဖြေရှင်းသွားမှာပါ။နဂိုဗီဇကိုယ်နှိုက်က ဒေါသထွက်လွယ်သူဟာ လူအချို့နဲ့ပြေပြေလည်လည် ဆက်ဆံနေပေမယ့်အခန့်မသင့်ချိန် တစ်ချက်တွေ့လိုက်တာနဲ့ အငုံ့စိတ် ဒေါသစိတ်ဟာ ၀ုန်းကနဲ ပေါ်ထွက်လာတတ်ပါတယ်။
လူအများနဲ့ ရောရောနှောနှော ပြောပြောဆိုဆိုနေတတ်သူက သူ့ဗီဇအတိုင်း လူအများနဲ့ မြန်မြန်ဆန်ဆန် အံ့ဝင်သွားတတ်သလို၊ လူအများနဲ့ ရောရောနှောနှော မနေတတ်ဘဲ သီးသီးသန့်သန့်နေတတ်သူကလူအများ နဲ့ တခဏတာ ရောနှောနေနိုင်ပါတယ်။ နောက်တော့ သူ့ဗီဇအတိုင်း သီးခြားခွဲသွားတတ်ပါတယ်။ဆိုတော့ ယူနီဖောင်းတွေ၊ အဆောင်အယောင်တွေ ဘယ်လိုပဲဆင်မြန်းဆင်မြန်း အဓိကျကတဲ့စိတ်ရင်းကို ပြောင်းမပေးနိုင်ပါဘူး။

ဒီမိုကရေစီကို ပြောင်းလဲကျင့်သုံးကြသူတိုင်းက ယခင်ဝတ်ခဲ့တဲ့ ဘယ်ယူနီဖောင်းဖြစ်ဖြစ်၊ လူမျိုးဝတ်စုံပဲဖြစ်ဖြစ်၊ ဘယ်အဆင့်အတန်း အ၀တ်အထည်ပဲဖြစ်ဖြစ်၊အ၀တ်အထည်ပြောင်းရုံ၊ ၀တ်စုံပြောင်းရုံ၊ယူနီဖောင်းပြောင်းရုံ မလုံလောက်ပါ။
ရုပ်ကိုစေစားနေတဲ့ စိတ်ရင်းကိုပါ နှစ်နှစ်ခြိုက်ခြိုက် ပြောင်းကြဖို့ လိုပါတယ်



စိတ်ကောင်းရဲ့ ပြယုဂ်
လူသားတွေရဲ့ စိတ်ရင်းကို ပြောင်းပေးနိုင်တာက လူသားတစ်ဦးချင်းစီရဲ့ စိတ်ကောင်းထားရှိရေးဖြစ်ပါတယ်။ ဆိုတော့ စိတ်ကောင်းရဲ့ ပြယုဂ်က ရုပ်ရဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။''စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရာမှာ စနစ်ကို နားမလည်ခြင်း၊နားလည်သော်လည်း မသိစိတ်က လက်မခံနိုင်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှုမရှိ ဖြစ်တတ်ပါတယ်။''
အထက်ကစကားစုဟာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၂ ကို ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်တော်ခန်းမအတွင်းရှိ သဘင်ဆောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
''နားလည်သော်လည်း မသိစိတ်က လက်မခံနိုင်ခြင်း'' ဆိုတာဟာ စိတ်ရင်းမမှန်သေးလို့ပါ။ အဖွဲ့အစည်းတစ်ခုရဲ့ ယူနီဖောင်းကို ချွတ်လိုက်ပြီး အခြားအဖွဲ့အစည်းရဲ့ ယူနီဖောင်းကို ပြောင်းဝတ်လိုက်ပေမယ့် မူလစိတ်ရင်းအစွဲက ချက်ချင်းကျွတ် သွားတာ မဟုတ်ပါဘူး။ သံယောဇဉ် မကုန်သေးလို့ဖြစ်ဖြစ်၊ မူလအခွင့်အရေးက ပိုကောင်းနေခဲ့လို့ဖြစ်ဖြစ်၊ လက်ရှိပြောင်းလဲမှုကို လက်ခံလိုစိတ်မရှိလို့ဖြစ်ဖြစ်၊ မသိစိတ်က လက်မခံလိုခြင်းဖြစ်နေတာပါ။
ဒီမိုကရေစီကို ပြောင်းလဲကျင့်သုံးကြသူတိုင်းက ယခင်ဝတ်ခဲ့တဲ့ ဘယ်ယူနီဖောင်းဖြစ်ဖြစ်၊ လူမျိုးဝတ်စုံပဲဖြစ်ဖြစ်၊ ဘယ်အဆင့်အတန်း အ၀တ်အထည်ပဲဖြစ်ဖြစ်၊အ၀တ်အထည်ပြောင်းရုံ၊ ၀တ်စုံပြောင်းရုံ၊ယူနီဖောင်းပြောင်းရုံ မလုံလောက်ပါ။
ရုပ်ကိုစေစားနေတဲ့ စိတ်ရင်းကိုပါ နှစ်နှစ်ခြိုက်ခြိုက် ပြောင်းကြဖို့ လိုပါတယ်။ဗန်ပါစီဟာ မူလအာဆင်နယ် အသင်းက တိုက်စစ်မှူး ဂိုးသွင်းဘုရင်ပါ။နောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းပါတယ်။ မန်ယူဝတ်စုံကို ပြောင်းဝတ်ပါတယ်။ ဆက်ပြီး အကောင်းဆုံး ကစားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းသားစိတ်နဲ့ အားကြိုးမာန်တက် ကစားပါတယ်။ ဒါကို ပရောဖက်ရှင်နယ်ပီသတယ်လို့ ဆိုကြပါတယ်။ မိမိတာဝန်ယူထားတဲ့ အလုပ်အပေါ်တာဝန်ကျေခြင်း၊ သစ္စာရှိခြင်း၊ ရိုသေခြင်း၊ ခိုင်မာစွာ ရပ်တည်ခြင်း . . . စတာတွေဟာ ပရောဖက်ရှင်နယ်သမားတစ်ယောက်မှာ မလွဲမသွေရှိရပါမယ်။ဗန်ပါစီကဲ့သို့ မိမိလက်ရှိဝတ်နေသော ၀တ်စုံအပေါ် သစ္စာရှိရပါမယ်။
စိတ်ရင်းစစ်စစ်
စိတ်ရင်းကို ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းကို မက်မောဆဲ တွယ်တာဆဲပါ။ သို့သော် တိုင်းပြည်ကောင်းစားဖို့ ရည်ရွယ်ချက်အမှန်နဲ့ ပြောင်းကြတာဆို မိမိစိတ်ရင်းကို ပြောင်းရတာ ဘာများခက်ခဲနေရမှာလဲ။ ဘာများ တွေဝေနေရမှာလဲ။ ကော်လံကတုံး၊ တိုက်ပုံအင်္ကျီနဲ့ ပြည်သူ့ပုံရိပ်အဖြစ် ပြောင်းလဲလာပြီးနောက် ပြည်သူနဲ့ တစ်သားတည်းခံစား၊ စံစားလိုက်ကြရအောင်ပါ။
နိဂုံး
အပေါ်ယံကြောအ၀တ်အထည်တွေ၊ယူနီဖောင်းတွေ၊၀တ်စုံတွေထက် အတွင်းစိတ်ရင်းကို ပွင့်ပွင့်လင်းလင်း လှစ်ပြနိုင်ကြပါစေ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis