menu

Monday 22 October 2012

မြေနေရာနှင့် နိုင်ငံခြားချေးငွေများ ရရှိမှသာလျှင် တန်ဖိုးနည်း လူမှုအိမ်ရာစီမံကိန်းများ အကောင်အထည် ဖော်နိုင်မည်ဟု သိရ




838
စင်ကာပူနိုင်ငံ ဘူကစ်ဘာတောက်မြို့ရှိ အစိုးရက ဆောက်လုပ်ပေးသည့် တန်ဖိုးနည်း အိမ်ရာတစ်ခု Photo: en.wikipedia.org
ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီး၍ လူမှုဖူလုံရေးတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ရန်အတွက် ဆွေးနွေးရာတွင် မြေနေရာနှင့် နိုင်ငံခြားချေးငွေ ရရှိမှသာလျှင် တန်ဖိုးနည်း လူမှုအိမ်ရာစီမံကိန်းများ တည်ဆောက်နိုင်မည်ဟု လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောခဲ့ကြောင်း သိရသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဒုဝန်ကြီးဦးမြင့်သိန်းက “မြန်မာ နိုင်ငံရဲ့ လုပ်သားတွေဟာ အများအားဖြင့် အိုးပိုင်အိမ်ပိုင် မရှိကြပါဘူး။ ဒါဟာ အခြေခံလုပ်သားတွေ အတွက် အိမ်ရာနေနိုင်ခွင့်တွေဖန်တီးပေးသွား မှာပါ။ ပထမအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးဝန်ထမ်းတွေ အတွက်ဆောင်ရွက်ပြီး ဒုတိယအနေ နဲ့မန္တလေးတိုင်းဒေသကြီးရဲ့ လုပ်သားတွေအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု အင်းယားလိတ် ဟိုတယ်တွင် ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

လူမှုဖူလုံရေးတန်ဖိုးနည်း အိမ်ယာစီမံကိန်း ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်ဥပဒေတွင် ထည့်သွင်းရေးဆွဲပြီး ဖြစ်သော်လည်း ကျန်ရှိသည့် နည်းဥပဒေ ထွက်ရှိမှသာလျှင် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းတန်ဖိုးနည်းအိမ်ရာများကို လူမှုဖူလုံရေးဝန်ထမ်းများမှ ၀ယ်ယူရာတွင် မိမိရရှိသည့် လစာငွေပေါ်မူတည်၍ ၁၅ နှစ်၊ နှစ် ၂၀ ပေးသွင်း နိုင်ကြောင်းသိရပြီး ကျန်ရှိသည့် ငွေပမာဏကို မိမိချိတ်ဆက်ထားသည့် ဘဏ်မှတစ်ဆင့် ချေးငွေထုတ်ယူ၍ ပေးသွင်းနိုင်ကြောင်း သိရသည်။ ထို့အပြင် မိမိဝယ်ယူသည့် အိမ်တန်ဖိုး ၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်း ပေးသွင်းပြီးပါက အိမ်ပေါ် တွင်နေထိုင်ခွင့်ရမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌဦးယုလွင်အောင် ၏ ပြောပြချက်အရ သိရသည်။
ယင်းပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “ဒီလိုမျိုးတန်ဖိုး နည်းအိမ်ရာတွေကို ဆောက်ပေးမယ် ဆိုတဲ့စီမံကိန်းက အခြေခံလုပ်သားတွေအတွက် အရမ်းကိုကောင်းတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့တော့ လိုပါတယ်။ လုပ်မယ်ဆိုရင်တကယ် ကိုထိထိရောက်လုပ်ပါ။ Developer တွေဘက်ကလည်း တာဝန်ကျေဖို့ လိုပါတယ်။ ကတိတည်ဖို့လည်းလို ပါတယ်။ ဘာလို့ဒါကိုပြောရလဲဆိုတော့ Developer တွေအနေနဲ့လည်း Black Listဖြစ်နေတာတွေ ရှိတယ်” ဟု ပြောကြားဆွေးနွေးခဲ့သည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ရောင်းချရာတွင် လူမှုဖူလုံရေး ၀န်ထမ်းများ၊ အစိုးရ၀န်ထမ်းများနှင့် အခြေခံလစာ နည်းပါးသည့် ပုဂ္ဂလိက ၀န်ထမ်းများကိုပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြေဈေးများအဆမတန် မြင့်မားလျက်ရှိသော လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်း မှာ ကျပ်သိန်း ၁၂၀ ၀န်းကျင်ရှိသော်လည်း ယခုဆောက်လုပ်မည့် တန်ဖိုး နည်းအိမ်ရာများ၏ ဈေးနှုန်းမှာ ကျပ်သိန်း ၅၀ နှင့် ၈၀ နီးပါးရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis