menu

Saturday 27 October 2012

မြန်မာနိုင်ငံ၏အသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသော အဘွားဒေါ်မြကြည် အသက် ၁၂၀ ပြည့်ပြီ





thn-10-25-1မြန်မာနိုင်ငံ၏အသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသောအဘွား ဒေါ်မြကြည် (ခေါ်) ဒေါ်မြကြီးသည် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသက် ၁၂၀ ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။
ဒေါ်မြကြည်သည်လက်ရှိအချိန်တွင် အမရပူရမြို့နယ် ပေါက်ချိုင်ကုန်းကျေးရွာ၊ သာသနာ့ရက္ခိတ ကျောင်းဝန်းအတွင်းရှိ အိမ်ငယ်လေးတွင် တစ်ဦးတည်းနေထိုင်ကာသူမ၏ ကြက်ဖလေးအားအဖော်ပြုရင်း စိပ်ပုတီးစိပ်တရားထိုင်ခြင်းနှင့် ပြောင်းဖူးဖက်ဆေးလိပ်သောက်ခြင်းကို ယနေ့ထက်တိုင်ပြုလုပ်နေဆဲဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
အဘွားဒေါ်မြကြည်၏အသက် ၁၂၀ ပြည့်နှစ်မွေးနေ့ဆွမ်းကပ်မင်္ဂလာပွဲကိုအေက်တိုဘာလ ၁၆ ရက်နေ့က သာသနာ့ရက္ခိတကျောင်းတွင်ပြုလုပ်ခဲ့ပြီး သံဃာတော် ၁၁ ပါးအား ဆွမ်းနှင့်ဒါန၀တ္ထုတို့ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့ပြင် တက်ရောက်လာသူများအား စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင်မွေးနေ့အထိမ်းအမှတ် တရားပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင်ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရသူမှာအမေရိကန်နိုင်ငံမှ Besse Cooper ဆိုသူ အမျိုးသမီးဖြစ်ပြီး သူမ၏အသက်သည် ၁၁၆ နှစ်နှင့် နှစ်လ နီးပါးရှိပြီ ဖြစ်သည်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၉၂ ခုနှစ်တွင်မွေးဖွားခဲ့သောဒေါ်မြကြည်သည် လက်ရှိအချိန်တွင်အသက် ၁၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ကမ္ဘာ့အသက်အကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရသူထက် အသက်လေးနှစ်ခန့် ပိုကြီးနေကြောင်း သိရသည်။
အဘွားဒေါ်မြကြည်ကို   ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က  မှတ်ပုံတင်ဌာနမှထုတ်ပေးခဲ့သော မှတ်ပုံတင်ပါ မွေးသက္ကရာဇ်အရ ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက် နေ့တွင် မွေးဖွားခဲ့ကြောင်း၊ အဘွား ဒေါ်မြကြည်သည်မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ချိုင်ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိသည်။ အသက် ၂၀ အရွယ်တွင် တံခွန်တိုင်တောင်ဘက် နားထိန်ကုန်းရွာတွင် ဦးအောင်ဝနှင့် အိမ်ထောင်ပြုခဲ့ကြောင်း၊ အသက် ၄၅ နှစ်ခန့်တွင်ဦးနီနှင့် ဒုတိယအိမ်ထောင်၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်များကို သိမီခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်နှင့် သမီးသုံးဦးထွန်းကားခဲ့ပြီး မြေးမြစ်များမှသည် တီအထိရှိကြောင်း အဘွားဒေါ်မြကြည်၏ ပြောကြားချက်အရ သိရှိရသည်။
ဝက်သား၊ အမဲသား၊ ဘဲဥ၊ ကြက်ဥ၊ နွားနို့များစားသောက်ခြင်း မပြုဘဲ ငယ်စဉ်ကတည်းက ဆေးလိပ်သောက်ကြောင်း၊ ရွာစားစိန်ဗေဒါ၊ ဦးဖိုးစိန်၊ ဦးအောင်မောင်းနှင့် ရွှေမန်း တင်မောင်ဇာတ်ပွဲများကို ကြိုက်နှစ်သက်စွာကြည့်ရှုခဲ့ကြောင်းလည်း သိရ သည်။
မြန်မာနိုင်ငံတွင် အသက် ၁၀၀ နှစ်နှင့်အထက်ဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို မင်္ဂလာဗျူဟာ အသင်းချုပ်မှ ကျင်းပလျက်ရှိရာ ခုနစ်နှစ်အတွင်း အသက် ၁၀၀ နှစ်နှင့် အထက်ဘိုးဘွားဦးရေ နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ကျင်းပခဲ့သော  အသက် ၁၀၀ နှစ်နှင့်အထက်ဘိုးဘွား ပူဇော်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ စာရင်းပေးသွင်းခဲ့သည့် အသက်ရာကျော် အဘိုး ၁၃ ဦး၊ အဘွား ၅၂ ဦး၊ ဆရာတော် ငါးပါး၊ သီလရှင်နှစ်ပါး စုစုပေါင်း ၇၂ ဦးရှိခဲ့ကြောင်း သိရသည်။ စာရင်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၅၈ ဒသမ ၃ သန်းတွင်း အသက် ၆၀ နှစ်နှင့်အထက်ရှိနေသူ အရေအတွက် ၅ ဒသမ ၁၃ သန်းရှိ ပြီး စုစုပေါင်း လူဦးရေ၏ ၁၁ ရာခိုင် ရှိကြောင်း သိရသည်။

အမည်            -         ဒေါ်မြကြည်
မိဘ               -         ဦးကာ + ဒေါ်ဖွားအုံ
မွေးသက္ကရာဇ်   -         ၁၂၅၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
ဇာတိ             -         မန္တလေးတိုင်းဒေသကြီး၊ တံခွန်တိုင်မြို့နယ်၊ ထိန်ကုန်းကျေးရွာ။
အသက်          -         ၁၂၀ နှစ်
လက်ရှိအချိန်တွင် အမရပူရမြို့နယ်၊ ပေါက်ချိုင်ကုန်းကျေးရွာ၊ သာသနာ့ရက္ခိတ ကျောင်းဝန်းအတွင်း၌ နေထိုင်လျက်ရှိ။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis