menu

Sunday 30 September 2012

အမေရိကန်ရောက် မြန်မာ့နိုင်ငံရေး အတွေးအမြင်( မောင်သွေးချွန်)


"ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်လောက် ရှိနေသေးတယ်ဆိုရင်တောင် တော်တော်များလှတဲ့ ကိန်းဂဏန်းပဲ"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားနေစဉ် Photo: AFP
စက်တင်ဘာလအတွင်း အမေရိကန်ရောက် မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ၀န်ကြီး ဦးအောင်မင်း၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဖြစ်ကြပါတယ်။ သူတို့ဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကပြနေသူများလည်း ဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ထိပ်တန်းအကြောင်း အရာများဖြစ်တဲ့
(၁)တိုင်းရင်းသားများနှင့်အမျိုး သားရင်ကြားစေ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲအခြေအနေ
(၂) ရခိုင်ရိုဟင်ဂျာအရေး
(၃) မြန်မာပြည်အပေါ် စီးပွား ရေးပိတ်ဆို့မှုများ ဖြေလျော့ရေးတို့ကို အမေရိကန်ခေါင်းဆောင်များနဲ့ရော မီဒီယာများနဲ့ပါ မုချမသွေအမေး အဖြေလုပ်ကြရမှာ ဖြစ်ပါတယ်။
ခုချိန်ထိတော့ သမ္မတကြီးလည်း အမေရိကန်ရောက်ကာစပဲ ရှိသေးတော့ သမ္မတကြီးရဲ့အသံဘာမှမကြား ရသေးပါဘူး။ ၀န်ကြီး ဦးအောင်မင်းဟာ နိုင်ငံတော်သမ္မတရဲ့ ခရီးစဉ် အောင်မြင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်နေစဉ်မှာပင် မီဒီယာများနဲ့ တွေ့ဆုံရာမှာ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ စကားလုံးကို တရားဝင် သုံးနှုန်းသွားပါတယ်။
(နိုင်ငံရေးအကျဉ်းသားမရှိလို့ စတင်ပြောဆိုခဲ့သူ ကတော့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏ မောင်လွင်ဖြစ်ပြီး အစိုးရသစ်တက် လာကာစက ဂျနီဗာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။)"နိုင်ငံရေးအကျဉ်းသားမရှိ" ဆို တဲ့စကားကို နိုင်ငံတော်သမ္မတကြီး အပါအ၀င် အစိုးရအဖွဲ့ဝင် လူကြီးများက တညီတညွတ်တည်း ပြော ကြားခဲ့ပါတယ်။ (နိုင်ငံရေး အကျဉ်း သားဆိုတဲ့ စကားကို "ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေသူ"ဆိုတဲ့ စကားနဲ့ အစားထိုး အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟစ်လာရီကလင်တန် မြန်မာပြည်လာရောက် လည်ပတ်စဉ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ပြောခဲ့တာတွေထဲက မှတ်သားစရာတစ်ခုကို သတိရနေမိပါတယ်။
"ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်လောက် ရှိနေသေးတယ်ဆိုရင်တောင် တော်တော်များလှတဲ့ ကိန်းဂဏန်းပဲ"တဲ့။အမေရိကန် မြန်မာရွှေလမ်းငွေ လမ်းခင်းရာမှာအမေရိကန်အစိုးရက "နိုင်ငံရေး အကျဉ်းသား" ပြန်လွှတ် ပေးဖို့ ထည့်သွင်းတောင်းဆိုပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရပါတယ်။ ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁၇ ရက်က အကျဉ်းသား ၅၁၄ဦး ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၀၄ ဦးပါတယ်လို့ ဦးအောင်မင်းက RFA ရုပ်သံအစီအစဉ်တစ်ခုမှာ ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ (၂၅-၉-၁၂ ထုတ် မဇ္ဈိမဂျာနယ်)
အတိုက်အခံ ဒီမိုကရေစီအင်အားစုများကတော့ နိုင်ငံရေးအကျဉ်းသားများ ထောင်အသီးသီးတွင်ကျန် ရှိနေသေးကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကတော့ "နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပုံကလည်း အလီလီအလာလာဗျာ၊ ဗြဟ္မာပြည်က အပ်တစ်စင်း လူ့ပြည်က အပ်တစ်စင်းအင်းစိန်ထောင်  ဘူးဝမှာ တိုးဆုံခြင်းလို့ ဆိုရမယ့်ကိန်းမျိုးဗျ။ ပြန်ပေးဆွဲထားသူတွေကို ပြန်ပေးသမား လွှတ်ပုံလွှတ်နည်း တောင်းစရာတွေတောင်း၊ တားစရာတွေတား ပြီးမှ လွှတ်တာမျိုးဗျ၊ သိသာလွန်း တာက နိုင်ငံရေးအကျဉ်းသားလွှတ် တိုင်းရောင်တော်ပြန်နဲ့ ရောလွှတ်တာဖြစ်နေတယ်၊ အစိုးရလူကြီးတွေ မင်းခမ်းမင်းနား ပေါ်ချိန်မှာ အကျဉ်းသားလွှတ်တယ်"လို့ သုံးသပ်ဝေ ဖန်သွားခဲ့ပါတယ်။ (၂၄-၉-၁၂ ထုတ် ဒီလှိုင်းစာစောင်)
အမေရိကန်အစိုးရက မြန်မာအစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ ရုပ်သိမ်းပေးဖို့ စဉ်းစားရာမှာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ခြင်းနဲ့ တိုင်းရင်းသားများနဲ့ အပစ်အခတ် ရပ်စဲငြိမ်းချမ်းခြင်းဆိုတဲ့ အကြောင်းအရာများအပေါ် အဓိကထားစောင့် ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရဟာ အမေရိကန်နဲ့ အပေးအယူ လုပ်တိုင်းမှာ နိုင်ငံရေး အကျဉ်းသားများကို ဓားစားခံများသဖွယ် အသုံးချနေတယ်လို့ ဝေဖန်သံများ ကြားခဲ့ရခြင်းဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ရည်မှန်းချက်များဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့အတွက် အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ရုပ်သိမ်းပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုလည်း တောင်းဆိုခဲ့တယ်။ ယုတ်စွအဆုံး Washinton Post သတင်းစာကြီးနဲ့တွေ့ဆုံစဉ်မှာတောင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပန်ကြားတောင်းဆိုခဲ့ရတဲ့ အထိပါပဲ။
"လက်ရှိအနေအထားအရတိုင်း ပြည်မှာအလုပ်အကိုင် အခွင့်အလမ်းတွေ အင်မတန်နည်းပါးပါတယ်။ သူများတိုင်းပြည်တွေမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်လောက် ရှိပါတယ်။ ပြည်တွင်းမှာလည်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၆ ရာခိုင်နှုန်း လောက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ဆက်ပြီး ကျင့်သုံးစေချင်တယ်။ ဒီမိုကရေစီ ဆက်ပြီး ရှင်သန်ဖွံ့ဖြိုးစေချင်တယ်ဆိုလို့ရှိရင် စီးပွားရေး အရ ပိတ်ဆို့တားဆီးထားမှုတွေကို ဖြေလျှော့ပေးဖို့ ခင်ဗျားတို့ ၀ိုင်းပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ (၂၆ ဇန်န၀ါရီ ၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ် စာမျက်နှာ ၁၃)
Sanction ကြောင့် အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်လို့ သမ္မတကြီးက ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေပြီး အစိုးရကတော့ ချမ်းသာနေမြဲ၊ ပန်းပန်လျက်ပဲလို့ ပြောချင်သလား မသိပါ။ မည်သို့ပင်ဖြစ်စေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်တဲ့အတွက် ပြည်သူ့အတွက်တောင်းဆိုပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ "မြန်မာစီးပွားရေး ချွတ်ခြုံကျရတာ Sanction ကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း mismanagement ကြောင့်ပါ"လို့ CNNသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ (၂၇-၉-၁၂ ထုတ် မြန်မာနယူးစ်ဝိခ်ဂျာနယ် စာ-၁၉)

Sanction ကြောင့် အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်လို့ သမ္မတကြီးက ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေပြီး အစိုးရကတော့ ချမ်းသာနေမြဲ၊ ပန်းပန်လျက်ပဲလို့ ပြောချင်သလား မသိပါ။ မည်သို့ပင် ဖြစ်စေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်တဲ့အတွက် ပြည်သူ့အတွက် တောင်းဆိုပေးတဲ့  . . .
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီးတွေအပေါ် ကျွန်မအတော်လေး သဘောကျပါတယ်"လို့ CNN ကိုပြောခဲ့တာကို စက်တင်ဘာလ ၂၇ရက်၊ အောက်တိုဘာလ ၃ ရက် ၂၀၁၂ထုတ် "ရန်ကုန်တိုင်းမ်"ဂျာနယ်က မျက်နှာဖုံးမှာ စာလုံးကြီးကြီးနဲ့ အလွန်ထင်ရှားစွာ ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကိုလံဘီယာတက္ကသိုလ်ခန်းမ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများနဲ့တွေ့ဆုံပြီး မေးခွန်းတွေဖြေဆို ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်ဗိုလ်ချုပ်များက နေအိမ်တွင် အကျယ်ချုပ် ၁၅ နှစ် ခန့်ထားခဲ့သဖြင့် "စစ်တပ်ကို မုန်းပါသလား" ဆိုတဲ့မေးခွန်းမျိုးလည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်က မည်သည့် အခါမျှ စစ်တပ်ကို မမုန်းခဲ့ပါကြောင်း ဖြေကြားခဲ့ပါတယ်။ ပြီးတော့ တပ်မတော်သား ဗိုလ်ချုပ်အချို့၏ လုပ်ရပ်အပေါ် မုန်းတီးစိတ်ဖြစ်မိသော်လည်း တပ်မတော်သားများကို မုန်းတီးခြင်းမျိုး ဖြစ်နိုင်မှာမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ (၂၇-၉-၂၀၁၂ ထုတ် မြန်မာနယူးစ်ဝိခ် စာ-၂၂)
စက်တင်ဘာ ၁၈ရက်နေ့ ဗွီအိုအေ(VOA)နဲ့ တွေ့ဆုံခန်းမှာ ဦးကျော်ဇံသာက ဒီလိုမေးခဲ့ပါတယ်။ "နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တုန်းက အဓိကရည် ရွယ်ချက်သုံးခုဖြစ်တဲ့ ဖွဲ့စည်းပုံကို ပြင်မယ်၊စစ်တပ်ရဲ့ပါဝင်မှုကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်၊ နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရနိုင်အောင် ကြိုးစားမယ်ဆိုတာ အဲ့ဒီကိစ္စတွေကို ဆောင်ရွက်နိုင် အောင်ကြိုးစားဖို့ ကိစ္စရော အတော် ခရီးဝေးပါသေးသလား။
ဒေါ်အောင်ဆန်းစုကြည်ကဒီလို ဖြေခဲ့ပါတယ်။ "ကျွန်မတို့ နည်းနည်းပြင်မယ်၊ ကျွန်မတို့ ပထမဆုံးတရားဥပဒေစိုး မိုးရေးလို့ပြောပါတယ်။ နောက်ပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ စိုးမိုးရေး၊ အဲ့ဒီမှာ ကျွန်မတို့အဓိကက ဖွဲ့စည်းပုံ အခြေခံဥပဒေစိုးမိုးရေး ပြုပြင်ရေးပေါ့နော်။ ပြုပြင်ရေးမှာ တပ်ကိုဖယ်ရှားမယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ကိုက် ညီအောင်လုပ်ဖို့ပါပဲတဲ့။" (၂၄-၉-၂၀၁၂ ထုတ်ဒီလှိုင်းစာစောင်စာ-၁၄)
နိုင်ငံရေးဆိုတာ တရားသေ မဟုတ်ဘူး၊ အခြေအနေအချိန်အခါ နေရာဒေသအားလျော်စွာ ပြင်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သင်ခန်းစာပေးသွားပါတယ်။ ဒီမိုကရေစီစံနှုန်းစံထားဆိုတာ ပြည်သူ တွေရဲ့ မဲဆန္ဒနဲ့တက်လာတဲ့ အစိုးရ၊ ပြည်သူက ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ လွှတ်တော်ထဲ အလိုအလျောက်ရောက်လာတဲ့ ၂၅ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်ကြီးများအတွက် ဖွဲ့စည်းပုံပြုပြင်ရေးမှာ တပ်ကို ဖယ်ရှားမယ်ဆိုတာ အဓိက မဟုတ်ပါဘူး"လို့ ဒေါ်အောင်ဆန်းစုကြည်က အာမခံချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၀င်ရောက်ကူညီစေချင်ရင် အချိန်မရွေး အဆင်သင့်ပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အဓိကထားပြီး ပြောရေးဆိုခွင့်ပေးရမှာက တိုင်းရင်းသား လူမျိုးစုများပဲ ဖြစ်ပါတယ်။ အမေရိကန်ရောက် (SNLD) ပါတီရဲ့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဗွီအိုအေတွေ့ဆုံခန်းကို ၂၃ စက်တင်ဘာ ၂၀၁၂ ည ၉ နာရီ အစီအစဉ်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။ (ဦးခွန်ထွန်းဦး အင်တာဗျူးကို ဂျာနယ် ၁၀ စောင်လောက်မှာ ကျွန်တော်လိုက်ရှာသော်လည်း မတွေ့ခဲ့ပါ။ ရေဒီယိုက နားထောင်ခဲ့ရတာ တွေထဲက ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
"ပြည်တွင်းစစ်ရပ်စဲရေးမှာအစိုးရ ရဲ့လုပ်နည်းလုပ်ဟန်က လွန်ခဲ့တဲ့နှစ် ၅၀ ကလုပ်နည်းကို ဆက်ကျင့်သုံးနေတယ်။ အရေးကြီးတာက အစိုးရသည် ကတိသစ္စာတည်ရမယ်၊ ရိုးသားဖြောင့် မတ်ရမယ်၊ ခုလုပ်နေတာက တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဖြစ်နေတယ်။ ရှမ်းအဖွဲ့တွေ SSA ကိုပြည်သူ့စစ်ဖွဲ့ဖို့ ပြောတယ်၊ SSA နဲ့ SURA ကို ငြိမ်းချမ်းရေး ဆွေးနွေးတယ်၊ ပြီး တော့ အစိုးရဘက်မှာအောက်ခြေ တပ်ကသဘောတစ်မျိုး ဖြစ်နေတယ်"လို့ ရှင်းပြရင်း စစ်တပ်နဲ့ သမ္မတသဟ ဇာတမဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်နည်းအမှန်က သုံးပွင့်ဆိုင်ဆွေး နွေးရေးပဲဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက အခိုင်အမာပြော ဆိုပါတယ်။ ဒီနေ့ အစိုးရဟာ တိုင်းရင်းသားတွေအပေါ် စနစ်မျိုးစုံသုံးပြီး ဆက်ဆံနေကြောင်း၊ တိုင်းရင်းသားချင်း ခွဲခြားဆက်ဆံတာတွေ ရှိကြောင်း၊ ဒီလိုခွဲခြားဆက်ဆံတာတွေ ရှိနေသမျှ ငြိမ်းချမ်းရေး မရနိုင်ဘဲ ဒုံရင်းပြန်သွားနိုင်ကြောင်း၊ ဦးသိန်းဇော်နဲ့ ဦးအောင်မင်းတောင်မှ တစ်ပြေးညီ မကျကြောင်း၊ ဒါ့ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း၊ တစ်စားပွဲတည်း ထိုင်ပြီး လွတ်လပ်စွာ ဆွေးနွေးမှ အဖြေပေါ်မည်ဖြစ်ကြောင်း ...။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့အဖြေကို လွှတ်တော်မှာ လုံးဝမရနိုင်ကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ဖို့ မဟုတ်ကြောင်း၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တွေဘက်က နှစ်ဆယ်...သုံးဆယ် လောက်အစပိုင်းမှာ ရအောင်ယူပြီး ငါးဆယ်ရရင် အမြတ်ပဲလို့ ဦးခွန်ထွန်းဦးက ပွင့်လင်းမြင်သာရှင်းလင်းစွာ အဖြေပေးခဲ့ပါတယ်။
ဦးခွန်ထွန်းဦး ပြောခဲ့တာတွေကို ငြိမ်းချမ်းရေးရဲ့အခြေခံမူအဖြစ် လေးနက်စဉ်းစားသုံးသပ်ပြီး အဖြေရှာသင့်ကြပါတယ်။
တိုင်းရင်းသားအရေးမှာ အရေး ကြီးလှတဲ့ "ရခိုင်ဋိပက္ခ"ကို ဦးကျော်ဇံသာ(ဗွီအိုအေ)က ထည့်သွင်းမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို ဦးခွန်ထွန်းဦးရဲ့ သုံးသပ် ဖော်ပြချက်များနဲ့ညှိနှိုင်းတိုက်ဆိုင် ကြည့်သင့်တယ်။
"... အခု အချိန်အခါမှာ ငြိမ်းချမ်းရေးရအောင်လို့ ပဋိပက္ခတွေ ငြိမ်းအောင်လို့ လုပ်နေတာဟာ အစိုးရအဖွဲ့အစည်းက လုပ်နေတာ၊ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတာ၊ အဲ့ဒီ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတဲ့ကိစ္စတွေကိုလည်း ကျွန်မတို့က ထိခိုက်အောင် မလုပ်ချင်ဘူး။ တကယ်ပဲ တစ်ခုခု လုပ်နိုင်လို့ရှိလို့ရှိရင် ကျွန်မတို့ လုပ်ပေးမယ်။ ဒါပေမယ့် ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့ အလုပ်တွေလည်း ကျွန်မတို့ မလုပ်ချင်ဘူး။" (၂၄-၉-၂၀၁၂ထုတ် ဒီလှိုင်း)
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နယူးယောက်မြို့ Queen's College မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောခဲ့ပြန်ပါတယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ....."တချို့က ကျွန်မကို မကျေနပ်ကြဘူး။ တစ်ဖက်ကို ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောတာလဲဆိုပြီးတော့ မကျေနပ်တာတွေ ရှိကြပါတယ်။ တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ အဲ့ဒီတော့ အချင်းချင်း  ပဋိပက္ခတွေပိုပြီးတော့ ကြီသွားမယ်။
"ကျွန်မတို့အားလုံး ၀ိုင်းဝန်းစဉ်းစားရမှာက ဒီပဋိပက္ခတွေငြိမ်းသွား အောင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာပါ။ ဘာကြောင့်လဲ ဇစ်မြစ်ကိုသွားရမယ်။ အဲ့ဒီပြဿနာရဲ့ ဇစ်မြစ်ကိုလေ့လာပြီးတော့မှ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်"(၂၃-၉-၂၀၁၂ ထုတ် မော်နီတာဂျာနယ်)
ရခိုင်နဲ့ ကချင်ပဋိပက္ခတွေမှာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မတူကြပါဘူး။ ရခိုင်မှာဖြစ်နေတာက ရခိုင်နဲ့ရိုဟင်ဂျာ ရွာလုံးကျွတ် မီးရှို့ လူတွေသတ်၊ နယ်မြေသိမ်းစသည်။ ကချင်မှာဖြစ်နေတာက ကချင်နဲ့ အစိုးရတပ်မတော်ကြားက လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်တဲ့တိုက်ပွဲတွေ။ ရခိုင်နဲ့ကချင်မတူညီတဲ့ ပြဿနာနှစ်ခုကို လုံးထွေးပြီး တစ်ပုံစံတည်း ပြောသွားလို့ မသင့်တော်ပါဘူး။
ဒေါ်စုကပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဇစ်မြစ်ဆိုတာ "သမိုင်း ကြောင်း" ကိုပြောတာ၊ ရခိုင် ရိုဟင်ဂျာ (ဘင်္ဂါလီ) ပဋိပက္ခက ကိုလိုနီခေတ်ကတည်းက စတာ၊ ကချင်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က ၁၉၄၇ ပင်လုံစာချုပ်ကတည်းက စတာ။ ပြဿနာကအနာလည်း သိဆေးလည်းရှိပါလျက် ရောဂါကို မွေးထားတဲ့အတွက် အသက်ထွက်လုမတတ် ခံစားနေရတဲ့ လူနာအတွက် ကျွန်တော်တို့ ကြိုးစားပြီး အသက်ကယ်တဲ့အလုပ်ကို လုပ်ကြမှာပါ။ ကချင်အရေးကိုပဲ ကြည့်မယ်ဆိုရင်...စက်တင်ဘာ ၂၁ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာတောင် အပစ်အခတ်မရပ်စဲထား နိုင်ဘဲ တစ်နေ့လုံးတစ်ညလုံး ပစ်ခတ်နေလိုက်ကြတာတဲ့။ ကချင်ပြည် နယ်ကြီး တစ်ခုလုံးရဲ့ ၉၅ရာခိုင်နှုန်း လောက်ဟာ စစ်မြေပြင်ကြီး ဖြစ်နေ ပြီတဲ့။ (စက်တင်ဘာ ၂၇၊အောက်တို ဘဘာ၂၃/၂၀၁၂ ရန်ကုန်တိုင်းစာ၁၂)
ရခိုင်မှာဆိုရင်တော့ ဒီလထဲမှာပဲ ရခိုင်တစ်ယောက် လည်လှီးသတ်တာ ခံလိုက်ရကြောင်း ဂျာနယ်ပါသတင်းများအရ သိရပါတယ်။ သမ္မတကြီးကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ပြည်ထောင်စု ဖွားတိုင်းရင်းသား မဟုတ်ကြောင်းနဲ့ တတိယနိုင်ငံတစ်ခုခုမှာ သွားနေသင့်ကြောင်း အမှန်တရားဘက်က ရပ်တည်ပြောဆိုခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှုကို ပိုပြီးတော့ ရခဲ့ပါတယ်။
၂၅-၉-၂၀၁၂ ကရသေ့တောင် အလိုတော်ပြည့်ကျောင်းတိုက်မှာရခိုင် လူထုအစည်းအဝေးပွဲကြီး ကျင်းပခဲ့ပါတယ်။ ရခိုင်နိုင်ငံရေးပါတီတွေက ဦးဆောင်ကျင်းပတာ မဟုတ်ဘဲ ရပ်မိရပ်ဖတွေက ဦးဆောင်ခဲ့တာပါ။ နှစ်ရက်ကြာ အစည်းအဝေးပွဲကြီးရဲ့ ရလာဒ်အဖြေကတော့ "ရခိုင်နဲ့ရိုဟင်ဂျာ" အတူယှဉ်တွဲပြီး မနေနိုင်တော့ဘူးတဲ့။ ပြဿနာတွေက အဲ့ဒီလောက် ထိကြီးမားပြင်းထန်နေပါပြီ။ (၂၅-၉-၂၀၁၂ ည ဘီဘီစီသတင်း)
ရခိုင်အရေး ကချင်အရေးတွေမှာ ဘယ်ဘက်ကမှမပါဘဲ လက်ပိုက်ကြည့်နေသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီအချိန်မှာပဲ "ကျွန်တော်များ "၀" ဒီမိုကရက်တစ်ပါတီက ရခိုင်ပြည်နယ်သူ /သားများနှင့် ထပ်တူထပ်မျှ ယူကြုံးမရ ၀မ်းနည်းပါကြောင်းနှင့် နောင်အခါ အလားတူ မလိုလားအပ်တဲ့ အကြမ်းဖက်ဖြစ်ပွားမှုမျိုး မပေါ်ပေါက်ရလေအောင် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးများအား အခိုင်အမာ အကာအကွယ်ပေးနိုင်သည့် ဥပဒေများပြဌာန်းရန်နှင့် ပြစ်မှုကျူးလွန် ချိုးဖောက်သူများကို စံနမူနာအဖြစ် ဖော်ထုတ်၍ ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်ရန် တိုက်တွန်းပါသည်"ဆိုတဲ့ ကြော်ငြာချက် စာတမ်းတစ်စောင် ၁၅-၉-၂၀၁၂ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ထုတ်ပြန်တင်သွင်းခဲ့ပါတယ်။ (၂၄-၉-၁၂ ထုတ် လွှတ်တော်ဂျာနယ်)
ဝ တိုင်းရင်းသားများက ကချင်အရေးကိုလည်း မေ့မချန်ထားပါဘူး။ ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့ ဒီမိုကရေစီနေ့မှာ အလေးအနက်တောင်း ဆိုသွားပါတယ်။
"ဒီမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံးကိစ္စတစ်ခုက ...တာဝန်ယူမှု (accountahility) ပေါ့။ မြင်သာမှု (transperency) ပေါ့။ အဲဒါတွေရှိ ရမယ်"လို့ ၂၉ စက်တင်ဘာ ၂၀၁၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာတွေ ကျွန်တော် ပြန်သတိရနေပါတယ်။ (ခုဆိုဗျူးနှစ်ပတ်လည်ပေါ့)
တာဝန်ယူမှုဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် ပိုပြီးအရေးကြီးလှပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis