menu

Sunday 30 September 2012

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်က "သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ"ဟု ပြောကြားခဲ့သည်။

"မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်"ဟုလည်း ၄င်းက ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပာကြားခဲ့ပြီး "ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။"ဟုလည်း ချီးကျူးဂုဏ်ပြူစကား ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပေ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။"ဟု နိုင်ငံတော်သမ္မတ၏ အရည်အချင်းများနှင့် စပ်လျဉ်းပြီး ထည့်သွင်းပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ လက်ရှိတွင် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန်အတွက် အဆိုပါပြဋ္ဌာန်းချက်ကို လွှတ်တော်က ပြင်ဆင်ပေးရန် လိုအပ်နေသည်။

အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ရယူထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်နေသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis