မောင်တင်မြင့်
ရွာပြန် မရောက်သည်မှာ ကြာပြီ။ ရန်ကုန် ရွှေမြို့တော်ကြီးသို့ တက်ကာ ကမ္ဘာ့
လူသားများ အတွက် စာပေ ရေးသားခြင်းဖြင့် အလုပ်အကျွေး ပြုနေခဲ့၏။
ယခုတော့ ကိုယ့်မြို့၊ ကိုယ့်ရွာ အတွက်
ငဲ့ကွက်ကာ ရွာသို့ ပြန်မည်ဟု အနစ်နာခံ တွေးဖြစ်ခဲ့သည်။ (အဆောင်
မငှားရမ်းနိုင်ခြင်းက အသေးအမွှား ကိစ္စတစ်ခု အနေဖြင့်တော့ အနည်းငယ် ပါဝင်၏)
မောင်တင်မြင့် ရွာမပြန်ဖြစ်သော ၁၀-၉
နှစ်မှာ ရွာအခြေ အပြောင်းလဲကြီး ပြောင်းလဲ နေလေပြီ။ မောင်တင်မြင့်တို့
ကျောင်းသားဘ၀က ညအချိန် သွားကာ အုန်းသီးခိုးခဲ့သော ဦးဖိုးညှက်တို့
အုန်းခင်းမှာပင် ဟိုတုန်းကလို တဲကုပ် မဟုတ်တော့ ဘန်ဂလိုနှင့် မိုတယ်နှင့်။
ဦးဖိုးညှက် အပိုင်တော့ မဟုတ်ပါ။ ဆွေမျိုးပေါက်ဖော် တစ်ယောက်က
ဦးဖိုးညှက်ထံမှ အုန်းခင်းကို ၀ယ်ကာ ဆောက်ထားခြင်းဟု သိရ၏။ သို့သော်
ဘာပဲပြောပြော ဦးဖိုးညှက်က ငွေထုပ်ပိုက်ကာ ရွာကွက်သစ်တွင် သူဌေးစာရင်း
ဝင်နေပြီ။
သည်လို အခြေအနေမျိုးမို့ မောင်တင်မြင့်မှာ
ရွာရောက်သည်နှင့် အနားယူ ဇိမ်ယစ် မနေအား။ ရွာအနှံ့ လျှောက်ကာ ဓမ္မ
မိတ်ဆွေများကို လိုက်ရှာပါတော့၏။ မောင် တင်မြင့် ပထမဦးဆုံး တွေ့ရ
သောပုဂ္ဂိုလ်မှာ စာပေ၀ါ အလွန်မှ မြင့်မားပါသော လူငယ်တို့၏ ဆရာသခင်
ကျေးဇူးရှင် စာပြုတော်ကြီး မောင်ဂွဆွေးဖြစ်လေသည်။
သူသည် ကျွဲလူးအင်းရွာတင်
မဟုတ် သံတွဲမြို့တော်ကြီး မှာပါ ထင်ပေါ်ကျော်ကြား လူသိများသော စာပေပုဂ္ဂိုလ်
ကြီးဖြစ်၏။ စာပေတာဝန်ကို ခွဆွေးအောင်ထိ ထမ်းဆောင် မည်ဟု
အဓိဋ္ဌာန်ပြုထားသဖြင့် ကလောင်အမည်ကို မောင် ဂွဆွေး ဟု ယူထားကြောင်း ဇနီးသည်
မျက်ကွယ်တွင် အသံကျယ်နှင့် အာခေါင်ခြစ် အော်တတ်သည်။ ကလောင်
တစ်ပတ်နွမ်းမဂ္ဂဇင်းတွင် ပါ သော သူ၏ တရားရှင်ကြီး ကဗျာကြောင့်လည်း မှတ်
တမ်းတင်ရအောင် ပေါက်ခဲ့ သူ ဖြစ်၏။
ထိုသို့ပေါက်အောင် ရိုက်ခဲ့သူမှာ
သူတို့အိမ်နှင့် သုံးအိမ်ခြားမှာနေသော ၀ိပ ဿနာတရားစခန်း ၁၅ ကြိမ်
နှစ်လီပြန်ဆရာဝန်လေးကိုနှာ မှေးဟု နောင်သော် သိရ၏။ (မှတ်ချက် နောင်လာ နောင်
သားများအတုယူဖတ်ရှုနိုင်စေ ရန် ထိုကဗျာအား ဖော်ပြပေး လိုက်ပါသည်)
“တရားရှင်ကြီး” ခွေးကလည်း ဟောင် ထိပ်လည်း ပြောင်ပြီ အမှောင်ထဲကို ပို့ပေးပါ။
ဆရာ မောင်ဂွဆွေးက မောင်တင်မြင့်ကို မြင်သည် နှင့် ခြေကားကား၊ လက် ကားကားနှင့် ၀မ်းသာအားရ ခရီးဦးကြို၏။ ပြီးတော့
“ဟေ့ မောင်တင်မြင့်၊ လက်ဖက်ရည်သောက်ပြီးပြီ မဟုတ်လား။ ထမင်းလည်း
စားပြီးပြီပေါ့။ ဘာလဲ ဒီနေ့ ညနေခင်း ကားနဲ့ ရန်ကုန် ပြန် တော့မယ်ပေါ့”
“ဒါကြောင့် ခင်ဗျားတို့ နယ်က စာပေသမားတွေကို ကျုပ်ကပြောတာ။ သတင်း စာဖတ်ပါ။
ရေဒီယိုနား ထောင်ပါလို့။ Channal 7 လည်း မရတော့ သနားစရာ ပေါ့”
“ဘာ အဲဒီ ဆဲဗင်းရတော့ ဘာဖြစ်လဲ”
“လိုင်းကြေး မပေးရ ဘူးလေ။ အလုပ် မရှိတိုင်း တ၀ထိုင်ကြည့်ပေတော့”
“တော်ပါ အားလုံး ကောင်းပါသည် ခင်ဗျားတွေ ပဲ မဟုတ်လား”
မောင်တင်မြင့်က ပြေတီဦးနှင့် နေတိုး နှစ်မျိုး စပ်အသံဖြင့် ရယ်လိုက်ပြီးမှ “ခုခေတ်က ဒီမိုကရေစီ ဗျ။ ကွဲပြားမှုတွေ၊ ခွဲခြားမှုတွေကို တူညီအောင် လုပ်ဆောင် ပေးရတော့မှာ”
“အဲဒါနဲ့ မင်း ရွာပြန် လာတာပဲလား”
“ဟုတ်ပါ့ ကျွန်တော်တို့ ရွာရဲ့ အနာဂတ် အတွက် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် ရမယ်လေ”
ဆရာမောင်ဂွဆွေးက လည်း အားကျမခံ မောင်းကွဲ ကြီးထုလိုက်သလို ပြန်ရယ် ၏။
မောင်တင်မြင့်က အတွင်းတက် တက်သည်ဟု ထင်ကာ လှည့်ပြေးရန်ပင်
အသင့်ပြင်လိုက်သည်။ သို့ သော် မဟုတ်ပါ။ ဆရာ မောင်ဂွဆွေးက အရယ်ဝ တော့မှ
နဖူးပြောင်ပြောင်ကို အရောင်ထွက်အောင် လက် ၀ါးဖြင့် သုံးလေးချက် ပွတ်
လိုက်ကာ... “မင်း ငါ့ရှေ့မှာ ဒီလို စကားပြောတာ အမှားကြီး မှားသွားပြီ
မောင်တင်မြင့်။ ကဲ မင်းက ဘာအတွက်ပြော တာလဲ။ စာပေအတွက်က တော့
ဘာမှတွေးမပူနဲ့။ ကျွဲ လူးအင်းရဲ့ စာပေအဆင့် အတန်းဟာ အနန္တစကြ၀ဠာ ကို
လွှမ်းဖို့ ငါ့ပခုံးကြီးနဲ့ ထမ်း တင်နေတယ်။ မင်း သိလာမှာပါ။ ငါက ဥက္ကဋ္ဌလေ”
“ဗျာ” “ဟုတ်တယ်ကွ။ ကျွဲ လူးအင်းရွာရဲ့ စာပေအသင်း မှာ ငါက ဥက္ကဋ္ဌပဲ”
မောင်တင်မြင့်မှာ ရန်ကုန်တွင် အရက်ဖိုးနပ်မှန် အောင်ရှာနေရသဖြင့် ရွာ စာပေ အခြေအနေ ထိုမျှမြင့် မားသွားခြင်းကို မသိခဲ့ပါ တကား။ “ကောင်းပါလေ့ဗျာ။ ဒါနဲ့အသင်းဝင် တော်တော် ရှိပြီလား”
“အင်း ရွာ အနေအထား ပေါ့။ ၁၀-၉ ယောက်တော့ ရှိတယ်လေ”
ဟုတ်နိုင်သည်။ ကျွဲလူး အင်းက ရွာပင် ငယ်သော်လည်း စာပေ ရေးသားသော ၀ါသနာရှင်
ဂုရုကြီးများရှိ သည် မဟုတ်လား။ မောင် တင်မြင့် စာပေအသင်း ဥက္ကဋ္ဌကြီးကို
နှုတ်ဆက်ပြီး ရှေ့ခရီး ဆက်ခဲ့၏။ သည်တစ်ခါ တော့ ကောင်းကျိုးဝေဖြာ ကျွဲလူးအင်း
မင်္ဂလာဈေးကြီး ထဲသို့ ဖြစ်၏။
ထိုဈေးထဲတွင် ချုပ်အပ် မှစကာ
နောင်တစ်ချိန်ခွင့်ပြု လျှင် ဂြိုဟ်တုပါတင်ရောင်း မည့် အထွေထွေအရောင်း
ဆိုင်ရှင် ကြောင်ဖင် ရှိသည်။ သူနှင့် မောင်တင်မြင့်က ကျောင်းနေဖက် နှမ မပေး
သမီးယောက်ဖများ။ အမှန် တော့ သူ့ဆွေမျိုးများထဲတွင် ရှိသော ပုပုကွကွ၊
၀၀ပိန်ပိန် ဣတ္ထိယ မှန်သမျှကို မောင် တင်မြင့် ကြံခဲ့ပါသေး၏။ သို့သော်
အမျိုးမှန်မို့ မောင် တင်မြင့်ရန်က လွတ်သွားကြ သည်။
မောင်တင်မြင့်
ပြန်တွေး ကာ လျှာရည်ကျရင်း ဈေး အတွင်းထဲ ၀င်လိုက်၏။ ကြောင်ဖင်က
မောင်တင်မြင့် ကို မြင်တော့ အပြုံးနှင့် ဗိုက် အပြိုင်ဖိုက်ကာ ဖိတ်ခေါ် သည်။
ကြောင်ဖင်လည်း တစ်ခေတ်တစ်ခါက ကဗျာ ဆရာဖြစ်၏။ နောက်တော့
စီးပွားရေးသမားဖြစ်သွား သည်။ ထို့နောက် လူမှုရေး လုပ်ငန်းတွေ လုပ်နေသည်ဟု
ကြားရပြန်၏။ နောက်ဆုံး တွဲ ဖက်ပညာရေးလောက၏ အဓိကဆိုလား သတင်းသဲ့သဲ့
ကြားခဲ့ရ၏။ ကြောင်ချေးပင် နံသည်ဟု ပြောကြလျှင် ထို ကြောင်ချေး၏ မူလလာရာ
လမ်းကြောင်းက အဆပေါင်း များစွာ နံမည်ဖြစ်ကြောင်း တွက်မိကြမည်။ ထိုကဲ့သို့
ကြောင်ဖင်ပင်။
“သူငယ်ချင်း ကြောင် ဖင်။ အလုပ်တွေနဲ့ ပင်ပန်း နေပြီလားကွ” မောင်တင်မြင့်က ကြိုတင် နှုတ်ဆက်လိုက်၏။ အဆင်ပြေလျှင် ညနေ ဘီယာ အတွက် ကြောင်ဖင်ဆီက ဒကာသံထွက်နိုင်သည် မဟုတ်လား။
“ပင်ပန်းတာတော့ ဟုတ်တယ် သူငယ်ချင်း။ ဒါပေမဲ့ ဆိုင်အလုပ်တွေ ကြောင့် မဟုတ်ပါဘူး။ ငါ့ ခေးတွေက စိတ်ချရတယ်လေ”
ကြောင်ဖင်ဆိုင်ထဲတွင် လှတပတ ကောင်မလေး ၃-၄ ယောက်ကို မြင်ရသည်။ တော်ကြာ
ခေးတွေကြောင့် ခွေးဖြစ်ဦးမဲ့ကောင်ဟု မောင် တင်မြင့် စိတ်ထဲက တွေး
လိုက်မိသည်။ သို့သော် တကယ့်အပြင်မှာတော့... “မင်းရဲ့ စီမံခန့်ခွဲ အုပ် ချုပ်တတ်မှုပညာကို ငါ သိပြီး သားပါ။ ယုံကြည်ပါတယ်”
“အေး အဲလို ငါ့အရည် အချင်းကို မင်းတင်မဟုတ် ဘူး။ တစ်ရွာလုံး သိနေလို့ ခက်နေတာပေါ့ကွ”
“ဟေ တစ်ရွာလုံးက ဘာလဲ ရွာမှာ တရားခံ မပေါ်တဲ့ ခိုးမှုတွေကို မင်းလို့ စွပ်စွဲသလား။ လုပ်သွားပုံက လည်း စီမံတွက်ချက်မှု စနစ် ကျတာကိုး”
မောင်တင်မြင့် စကားကြောင့် ကြောင်ဖင် မျက်နှာ မှာ အမြီးပြတ်နေသော ဖော့
ဖိနပ်တွင် ခွေးချေးသုတ်ကာ ရိုက်ခံရသလို ရှုံ့တွသွားသည်။ ပြီးမှ... “လခွီး ထင်စရာလား။ ငါ့ရဲ့စီမံခန့်ခွဲမှုကို လေးစား ကြလို့ဆိုပြီး မူကြိုကျောင်းရဲ့ ဥက္ကဋ္ဌနေရာကို အတင်းပေး အပ်ကြလို့ကွ”
“ဟေ မူကြိုကျောင်းက ကျောင်းအုပ်ကြီး နေရာလား။ ဘယ်လို ဥက္ကဋ္ဌလဲ”
“မူကြိုကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းကွာ။ အဲဒီ အသင်းရဲ့ ဥက္ကဋ္ဌ တဲ့”
“ဒီတော့ မင်းက အပြတ်ငြင်းလိုက်ရောလား”
“ဟ ဒီနေရာရဖို့ ငါက အလှူငွေ ၁၅ သိန်းထည့် ထား ဟုတ်ပေါင် အဲ
ငြင်းနိုင်မလား။ ကိုယ့်ရပ်ကိုယ့်ရွာ အတွက်ပဲ စွန့်လွှတ်အနစ်နာခံ ရမှာပေါ့။
ဒါကြောင့် ငါက ဥက္ကဋ္ဌပေါ့”
လာပြန်ပြီ ဥက္ကဋ္ဌဟု မောင်တင်မြင့် စဉ်းစားမိ
သွား၏။ ဘာပဲဖြစ်ဖြစ် ကိုယ့် သူငယ်ချင်း ဥက္ကဋ္ဌမို့ ၀မ်း သာအားရ ဖြစ်မိပါသည်။
ထိုစဉ် ကြောင်ဖင်၏ ဆိုင်ရှေ့ သို့ မော်တော်ဆိုင်ကယ်
တစ်စီးဆောင့်အောင့်ဝင်လာ သည်။ ကြည့်လိုက်တော့ ယောင်ကြီးဗွေဖိုးမှိုင်း။ နေရာ
တကာ ယောင်ပြီးခြေထောက် ဗွေပေါက်နေသော ဖိုးမှိုင်း။ မောင်တင်မြင့်ကို
မြင်တော့ “ဟေ့ကောင်ကြီး ဖိုးတင်မြင့်။ ဆရာအောက် လင်း ဓာတ်မီးက သူ့ဆီလာ ခဲ့ပါဦးတဲ့”
“အေး ငါလည်း သွား မလို့ပဲ။ ဒါနဲ့ ဆင်းဦးလေ ကွာ။ တို့သူငယ်ချင်းတွေ အေးအေးဆေးဆေး စကား ပြောကြတာပေါ့”
“ဆောရီး သူငယ်ချင်း။ သွေးလှူရှင်များ အသင်း တွေ့ဆုံပွဲ ရှိလို့”
“ဘာလဲ မင်းက သွေး လှူရှင်လား”
“ဟုတ်ဘူး။ ငါက ကျွဲ လူးအင်းရွာသွေးလှူရှင်များ အသင်း ဥက္ကဋ္ဌလေ။ အရမ်း
ပင်ပန်းတယ်ကွ။ ဒါပေမဲ့ ကိုယ့်ချွေးစက်တွေက လူတွေ အသက်ကို ကယ်နေတော့
မငြင်းရက်ဘူး။ ကိုယ်က ဥက္ကဋ္ဌလေ”
ဖိုးမှိုင်းက ပြောပြီးသည် နှင့်
ဆိုင်ကယ်ကို ၀ူးခနဲမောင်း ကာ ထွက်သွား၏။ တစ်ချိန် တည်း ဥက္ကဋ္ဌနှစ်ယောက်တွဲ
မြင်လိုက်ရသဖြင့် မောင်တင် မြင့် စိတ်ထဲအီလည်လည်ကြီး ဖြစ်သွားမိသည်။
သို့သော် ဘာမျှပြော၍မရ။ မူကြို ကျောင်း ဥက္ကဋ္ဌ ကြောင်ဖင်ကို နှုတ်ဆက်ကာ
ထွက်လာခဲ့၏။
လက်ဖက်ရည်ဆိုင် တွင် အနန္တကျေးဇူးရှင် ဆရာ
အောက်လင်းဓာတ်မီးနှင့် အဆင်သင့်တွေ့သည်။ လက် ဖက်ရည်ဆိုင်ပိုင်ရှင် ကြည်
မည်းသိန်းကို မမြင်သဖြင့် လှည့်ပတ်ရှာမိ၏။ ကြည် မည်းသိန်းက မောင်တင်မြင့် ၏
ဝတ္ထုထဲတွင် ရေးထည့် ကာ ဆုံးမသွန်သင်ပေးခဲ့သော က ကလေးငယ် ချစ်စဖွယ်
မဟုတ်လား။ ထိုအမူအရာကို ဆရာအောက်လင်းဓာတ်မီးက မြင်တော့...
“ဟေ့ကောင် တင်မြင့် ဆေးလိပ်လား”
“မဟုတ်ဘူး ဆရာ။ ကြည်မည်းသိန်း မမြင်လို့”
“ရှာမနေနဲ့။ မင်းကောင် က ဥက္ကဋ္ဌ”
“ဗျာ ဥက္ကဋ္ဌ ဟုတ်လား”
“ဟုတ်တယ်။ စာကြည့်တိုက် ဥက္ကဋ္ဌကွ။ ဒီနေ့ မြို့နယ် က အဖွဲ့တွေ လာကြမယ် ဆို လားပဲ။ မနက်ကတည်းက သွားတာ”
မောင်တင်မြင့် စိတ်ထဲ ဘာဆက်ပြောရမည်မှန်း မသိ တော့။ သည်တော့ ထုံးစံ အတိုင်း ရွာရောက်ခိုက် ရန် တိုက်ပေးရမည်ဟု တွေး ကာ...
“ဒါနဲ့ဆရာ။ စာပေမှာ ကဗျာဟာ အထွတ်အထိပ်ပဲ မဟုတ်လား။ ကဗျာကို က၀ိ
ပစ္စည်းလို့တောင် သတ်မှတ် ကြတာလေ။ တကယ်ဆို ဆရာက ဆရာမောင်ဂွဆွေး ထက်
ကဗျာရေးလက် ပို ကောင်းတာပဲ။ စာပေအသင်း ဥက္ကဋ္ဌက ဆရာပဲ လုပ်သင့် တာပေါ့”
“မလုပ်နိုင်ပါဘူး တင်မြင့်ရာ။ ဒါကြောင့် ကိုဂွဆွေးကို ကြည်ကြည်ဖြူ ဖြူ ငါပဲ တင်မြှောက်ခဲ့တာ ပေါ့”
“ဆရာကလည်း ဘာလို့ မလုပ်နိုင်ရမှာလဲ”
“ဟ ငါက ကျွဲလူးအင်း ရွာ နာရေး အသင်းရဲ့ ဥက္ကဋ္ဌ လေကွာ။ တစ်ယောက်တည်း ဥက္ကဋ္ဌ နှစ်နေရာ ဘယ်လို ခန့် ခွဲမှာလဲ”
မောင်တင်မြင့် စိတ်ထဲ လက်ဖက်ရည် သောက်ပြီး မူးချင်ချင်ဖြစ်လာသည်။ ဆရာ
အောက်လင်း ဓာတ်မီးကလည်း နာရေးအသင်း ဥက္ကဋ္ဌတဲ့။ အိမ် ခြေ ၉၀-၁၀၀ ရှိသော ရွာမှာ
ဘယ်လို အသင်းအဖွဲ့များနှင့် ဘယ်လို ဥက္ကဋ္ဌများ ရှိဦးမှာလဲ။
မောင်တင်မြင့်ခမျာ ဆရာအောက်လင်းဓာတ်မီးနှင့် လမ်းခွဲကြတော့ စိတ်ထဲ ပိုမို
ေ၀၀ါးနေ၏။ အချိန်လည်း စောသေးသည်။ အရက် လည်း မသောက်ချင်သေး။
ဝယ်သောက်ဖို့လည်း ငွေမရှိ။ သို့နှင့် အိမ်တစ်အိမ်ရှေ့ ရောက်သွားပြန်၏။
မောင် တင်မြင့်၏ ပခုံးဖက် စာပေ ရောင်းရင်းကြီး ပန်းဆိပ်သေ။
“ဗျို့ ကိုပန်းဆိပ်သေ”
ကိုပန်းဆိပ်သေ၏ ဇနီး သည် မျက်နှာကြီး အိမ်ထဲ မှ ထွက်လာ၏။
“ဟယ် ကိုတင်မြင့်။ ရောက်နေတာ ကြားတယ်။ အိမ်က လူကြီး မရှိဘူး။ ရွာ
တောင်ပိုင်းမှာ မင်္ဂလာဆောင် ရှိလို့တဲ့။ သူက သာရေး အသင်းဥက္ကဋ္ဌလေ။ဒါကြောင့်
ဒါကြောင့်”
နာရေးအသင်း ရှိမှတော့ သာရေးအသင်း ရှိမှာပေါ့။
သာရေးအသင်း ဥက္ကဋ္ဌတဲ့။ မောင်တင်မြင့် ခေါင်းငိုက် စိုက်ချကာ ထွက်လာခဲ့ရပြန်
သည်။ လမ်းချိုးအကွေ့တွင် မထင်မှတ်ဘဲ တစ်ယောက် နှင့် တိုက်မိ၏။ နာသွားသော
ညာလက်မောင်းကြောင့် ဖျတ်ခနဲ မော့မကြည့်နိုင်။ “ဟေ့ကောင် ငတင် မြင့်၊ မင်းနဲ့မှ တိုက်မိရတယ် လို့။ နာသွားလားကွ။ ငါ လည်း အရေးကြီးနေတာနဲ့ ဟေ့”
ကြည့်လိုက်တော့ ကိုအင်းကိုင်။ ကိုယ်ခန္ဓာကြီး သလောက် စကားကြီးစကား
ကျယ်တွေပြောပြီး အမှားကြီး မှားတတ်သူ။ မောင်တင်မြင့် မှာ အသိနှင့်
တိုက်မိခြင်းမို့ ပြုံးသာပြရင်းက... “ရပါတယ်ဗျာ။ ဒါနဲ့ ကိုအင်းကိုင်က ဘာများ အရေးကြီးနေတာလဲ”
“အေး မဒေးတောင်မှာ မနက်ဖြန် ၇ ရက် တရားစခန်း စမယ်”
“အဲဒါနဲ့”
“ငါက တရားစခန်း ဖြစ်မြောက်ရေး အသင်း ဥက္ကဋ္ဌဆိုတော့ အဓိက ဖြစ်နေ တယ်လေ။
ဒါကြောင့်ကွ။ မင်းကော ရွာရောက်တုန်း တရားစခန်းဝင်ပါလား။
စာရင်းပိတ်သွားပေမဲ့ ဥက္ကဋ္ဌ လိုင်းကြောနဲ့ ငါထည့်ပေးမယ်”
“နေ နေပါစေဗျာ”
မောင်တင်မြင့် နှုတ်ပင် မဆက်နိုင်တော့ဘဲ အတင်း ငြင်းကာ ပြေးထွက်ခဲ့ရ၏။
မဟုတ်လျှင် ဇိကုပ်ကာ နိဗ္ဗာန် သောင်ကမ်းတစ်ဖက်ကို လှမ်းပို့မည်
လုပ်နေဦးမည်။ မောင်တင်မြင့် သူ တည်းခို နေရာအိမ်သို့ ပြန်ရန်ဆုံးဖြတ်
လိုက်၏။ ခရီးဆောင်အိတ် ကို ဘုတ်ခနဲချပြီး ရွာပတ်ခဲ့ ခြင်း မဟုတ်လား။ အိမ်မှ
ပထွေးလေးတို့ မိသားစုကို ပင် ကောင်းကောင်းမွန်မွန် နှုတ်မဆက်ဖြစ်ခဲ့။
သို့နှင့် ပထွေးလေးတို့ အိမ်ရှေ့ပြန်ရောက်ဖြစ်သည်။ မောင်တင်မြင့် အသံကြား
ခြင်းကြောင့်ဖြစ်မည်။ အိမ်ထဲ မှ အတော်လေးက ကသုတ် ကရက်ထွက်လာ၏။ အလှ အပတွေ
ပြင်ခြယ်ထားပုံမှာ လည်း သင်္ကြန်တွင်း ပိတောက် ပင်လို ထိန်ထိန်ဝါနေသည်။
“အောင်မယ်လေး တင်မြင့်ရယ်။ တစ်ရက်လုံး နေ့လယ်စာတောင် မစားဘဲ လည်နေရသလား။ လာ လာ နေ့လယ်စာလည်းစား၊ အိမ် လည်း စောင့်နေခဲ့ဦး”
“ဟင် ပထွေးလေးနဲ့ ဖိုးသုညက ဘယ်သွားလို့ အတော်လေးက ဘယ်သွား မှာလဲ”
ဖိုးသုညဆိုသည်မှာ ပထွေးလေးနှင့် အတော်လေး ၏ သား မောင်တင်မြင့်၏ ချစ်လှစွာသော ၀မ်းကွဲညီ တော်ဖြစ်လေသည်။
“နင့်ညီ ဖိုးသုညက လူငယ်များ စာရိတ္တမြင့်မား ရေး အသင်းဥက္ကဋ္ဌလေ။ နေ့ တိုင်း
သင်တန်းရှိတယ်ဆို လားပဲ။ ဒါကြောင့် သွားတာ။ နင့်ပထွေးလေးက ဗုဒ္ဓဘာ
သာတည်တံ့ခိုင်မြဲရေးအသင်း ဥက္ကဋ္ဌ။ သူလည်း အစည်း အဝေးတဲ့”
“အင် ဒီအိမ်မှာတောင် ဥက္ကဋ္ဌနှစ်ယောက် ရှိတာ လား”
“အံမယ် ငါလည်း အိမ် ထောင်ရှင်မများအသင်း ဥက္ကဋ္ဌပဲ။ ခု ဟောပြောပွဲ သွားမလို့ အိမ်စောင့်မရှိတာနဲ့ နင့်မျှော်နေတာ။ ကဲ ငါ သွား ပြီ”
မောင်တင်မြင့် ဘာ တစ်ခုမှ မပြောနိုင်ပါ။ ဥက္ကဋ္ဌ ဥက္ကဋ္ဌဟု ရေရွတ်ရင်း ကိုယ့်
နဖူးကိုယ်ရိုက်၊ ကိုယ့်ရင် ဘတ်ကိုယ်ထုကာ ဖင်ထိုင် လဲကျသွားပါလေတော့သ တည်း။
တင်မြင့်ဦး၊သံတွဲ၊ (ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)
|
No comments:
Post a Comment