menu

Sunday 30 September 2012

ထားဝယ်မြစ်ဝအနီးတွင် ပုဂ္ဂလိက သဲတူးဖော်ရေးလုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသို့တင်ပို့ရန် သဲများစမ်းသပ်တူးဖော်လျက်ရှိ




DSC_0597
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့ကို ဖြတ်သန်းစီးဆင်း လျက်ရှိသော ထားဝယ်မြစ်၏ မြစ်အောက်ပိုင်း ဆင်ဖြူပြင်ဆိပ်ကမ်းအနီး၌ ပုဂ္ဂလိကသဲတူးဖော်ရေး လုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသို့ သဲများတင်ပို့ရန်အတွက် စမ်းသပ်တူးဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် သဲတူးသင်္ဘောရှစ်စီးဖြင့် သဲများကို စမ်းသပ်တူးဖော်လျက်ရှိရာ မြစ်ကမ်းနံဘေးရှိ ကျေးရွာများမှ ကမ်းပါးပြိုကျမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
''အခု သဲတူးနေတာက မြိတ်က ကုမ္ပဏီနှစ်ခုပေါင်းပြီးလုပ်နေတယ်လို့ သိရတယ်။ မတူးသေးဘူး။  Export  လုပ်မယ့်သဲကို ဟိုကလက်ခံနိုင်မယ့်အမျိုးအစားရအောင် စမ်းသပ်တုန်းပါ။ ရရင်တော့တူးမှာပေါ့။ ဒီက ၈၈မျိုးဆက်ကျောင်းသားတွေလည်း ဒီကိစ္စအတွက် လာပြီးမေးတာတွေရှိတယ်။
ကမ်းပြိုနေတယ်လို့ပြောလို့ သွားကြည့်တော့ သဲတူးတဲ့ကုမ္ပဏီက တာဝန်ခံက တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ရယ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ယူတယ်။ သတ္တုတွင်းကလည်း သဘောတူထားတယ် ဆိုပြီးပြောတယ်။ အဲဒီနေရာကို သွားတိုင်းကြည့်တော့ ကမ်းပြိုတယ်လို့ ပြောတဲ့နေရာမှာ ရေအနက် ၁၅ ပေ ရှိတယ်။ တူးနေတဲ့နေရာမှာ ရှစ် ပေ ပဲ ရှိတယ်။ လျောစောက်က မြင့်နေတော့ လုံးဝကမ်းမပြိုနိုင်ဘူး'' ဟု တနင်္သာရီတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။
အဆိုပါ သဲတူးဖော်ရောင်းချမှုမှာ ဒေသခံများ၏ လယ်ယာမြေများ နှင့် မြစ်ကြောင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သဖြင့် ယင်းလုပ်ငန်းကို ထားဝယ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဲတူးသင်္ဘောများ ရောက်ရှိလာသည်မှာ တစ်လခန့်ရှိပြီးဖြစ်ပြီး သဲစမ်းသပ်တူးဖော်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သင်္ဘောများကို ထားဝယ်မြို့မှ တောင်ဘက် ၁၇ မိုင်ခန့်အကွာရှိ ဆင်ဖြူပြင်ဆိပ်ကမ်းအနီး၌ ကျောက်ချရပ်နားထားပြီး သဲစမ်းသပ်တူးဖော်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထားဝယ်မြစ်မှာ မိုင် ၁၂၀ ခန့် ရှည်လျားပြီး ယခုနှစ်ပိုင်းအတွင်း မြစ်ကြောင်းတစ်လျောက်၌ ရေတိုက်စားခံရမှုကြောင့် ကမ်းပါးပြိုကျမှုများ ပိုမိုဖြစ်ပွားလျက်ရှိရာ မြစ်ကြောင်းထိန်းသိမ်းပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။    
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis